ဒေါ်အောင်ဆန်းစုကြည် ခြွင်းချက်မရှိလွတ်မြောက်ရေးအတွက် FREE HER လှုပ်ရှားမှုစတင်

မိုနာ/BVJ_စက်တင်ဘာ ၇၊ ၂၀၂၆

အာဏာသိမ်းစစ်အုပ်စုကဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မိသားစုနဲ့အဆက်အသွယ်ရရေး၊ ခြွင်းချက်မရှိအမြန်ဆုံးလွတ်မြောက်ရေးတို့အတွက် နောက်တဆင့်တက်လှုပ်ရှားမှုပြုလုပ်သွားမယ်လို့ သားငယ်ဖြစ်သူ ကိုထိန်လင်း(ခ)ကင်အဲရစ်ကရဲ့ပြောဆိုချက်နဲ့အတူ All in One Peace Movementက ဒီနေ့စက်တင်ဘာ ၇ရက်မှာကြေညာပါတယ်။
အရင်ကဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်းသိရဖို့အတွက် Proof of life လှုပ်ရှားမှုကိုပြုလုပ်ခဲ့ပြီးနောက် ICRCကဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခွင့်ရခဲ့တာကြောင့် စိတ်အနည်းငယ်သက်သာရာရခဲ့ပေမယ့် ၈၁နှစ်အရွယ်အမေဖြစ်သူကို ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာနဲ့ အမေဖြစ်သူနဲ့လည်းအခုချိန်ထိ စကားပြောခွင့်၊တွေ့ဆုံခွင့်မရသေးတာကြောင့် နောက်တဆင့်အနေနဲ့ FREE HER လှုပ်ရှားမှုကိုပြုလုပ်သွားမှာဖြစ်တယ်လို့ ကိုထိန်လင်း(ခ)ကင်အဲရစ်က ပြောထားတာပါ။
"Proof of lifeကအစပဲဖြစ်ပါတယ်။ အခုတော့အမေ့ရဲ့လွတ်လပ်မှုအတွက် ကျနော်တောင်းဆိုရပါမယ်။ အမေရဲ့အခြေခံအခွင့်အရေးတွေ၊ မိသားစုနဲ့ဆက်သွယ်တွေ့ဆုံခွင့်နဲ့ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက်တောင်းဆိုမယ့် FREE HER လှုပ်ရှားမှုကိုစတင်နေပါတယ်"လို့ ကိုထိန်လင်းကပြောပါတယ်။

ဒီFREE HER လှုပ်ရှားမှုမှာလည်းအတူရပ်တည်ပြီး အသံတွေဆက်လက်ပါဝင်ပေးကြဖို့ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ်ဖြစ်သူက တောင်းဆိုထားပါတယ်။

ပြည်တွင်း၊ပြည်ပနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ဖိအားတွေကြောင့် စစ်အုပ်စုဟာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ်နဲ့ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့လ သြဂုတ် ၃ရက်မှာတွေ့ဆုံပေးခဲ့ပါတယ်။ အခုလိုတွေ့ဆုံခွင့်ကိုကြိုဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကိုခြွင်းချက်မရှိပြန်လွှတ်ပေးရေးကိုလည်း နိုင်ငံတကာက ဆက်လက်တောင်းဆိုထားကြပါတယ်။



Comments