မြစ်ကြီးနားနဲ့ဝိုင်းမော်မှာ ရေကြီးနေတာကြောင့် ဒေသခံတွေနဲ့စစ်ရှောင်တွေ အရေးပေါ်နေရာ ရွှေ့ပြောင်းနေရ
- BVJ

- Jun 2, 2025
- 1 min read
မြစ်ကြီးနားတွင် မြစ်ရေ လေးလက်မခန့် ပြန်ကျနေ
BVJ/အိုင်းရစ် _ ဇွန် ၂ ၊ ၂၀၂၅

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်တို့မှာ ရေကြီးရေလျှံမှုတွေရှိလာတာကြောင့် ဒေသခံပြည်သူတွေ အရေးပေါ်ရွှေ့ပြောင်းနေရတယ်လို့ ကချင်ဒေသခံတွေဆီက သိရပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုနဲ့အတူ မြစ်ကြီးနားမြို့ မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်ရောက်မှုတွေရှိလာတဲ့အတွက် ဒေသခံတွေကို နေရာရွှေ့ပြောင်းပေးရတာတွေ လုပ်ဆောင်နေတာရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က မနေ့ ဇွန် ၁ ရက်မှာ ထုတ်ပြန်ထားပါသေးတယ်။
ဒါပေမယ့် ဒီနေ့ နေ့လယ်ပိုင်းမှာတော့ မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေ လေးလက်မခန့် ပြန်လည်ကျင်ဆင်းနေပြီလို့လည်း ကချင်ပြည်နယ်မိုးလေဝသနဲ့ဇလဗေဒဌာနက ထုတ်ပြန်ထားပါတယ်။
မိုးသည်းထန်စွာရွာသွန်းနဲ့အတူ ချီဖွေမြို့နယ်အတွင်း မေခမြစ်ရေ မြင့်တက်လာမှုကြောင့် မြစ်ကမ်းဘေးတစ်လျှောက် နေထိုင်နေကြတဲ့ ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင်နေရာတွေ ရေနစ်မြုပ်မှုရှိနေတယ်လို့လည်း ကချင်ဒေသတွင်း လူမှုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ KBC Kachin ကလည်း ဖော်ပြထားပါတယ်။
ဝိုင်းမော်မြို့နယ် နောင်းချိန်းရွာနဲ့ လဘန်းရွာမှာလည်း ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် စစ်ဘေးရှောင်နေရာတွေ ရေနစ်မြှုပ်ခဲ့ပြီး နေရာရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရတာကြောင့် အစားအသောက်နဲ့ ဆေးဝါး အရေးပေါ်လိုအပ်မှုတွေရှိနေတယ်လို့ ကချင်လူမှုကူညီရေးအဖွဲ့ MT25 Caring Team က အကူအညီတောင်းခံမှုတွေ ရှိနေပါတယ်။
နောင်းချိန်းရွာနဲ့ လဘန်းရွာမှာရှိတဲ့ စစ်ရှောင်တဲနေရာတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ရေကြီးရေလျှံမှု ကြုံတွေ့ခဲ့ရပြီး ပျက်စီးခဲ့တာကြောင့် ပြန်လည်တည်ဆောက်ထားရတဲ့ ယာယီတဲနေရာတွေဖြစ်သလို အခု မေ ၃၁ ရက်နေ့ကတည်းက မြစ်ရေမြင့်တက်လာမှုတွေကြောင့် ရေဘေးအန္တရာယ်ကို ထပ်မံကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။




Comments