မွေးစာရင်းအတုတွေသုံးပြီး နိုင်ငံခြားကဘောလုံးသမားတွေခေါ်ယူမှုနဲ့ မလေးရှားဘောလုံးအဖွဲ့ချုပ်ကို ဖီဖာက အရေးယူထား
- BVJ

- Oct 8
- 1 min read
အေတီ/BVJ_အောက်တိုဘာ ၈၊ ၂၀၂၅

နိုင်ငံလက်ရွေးစင်အသင်းမှာအသုံးပြုဖို့ နိုင်ငံခြားကဘောလုံးသမားတွေကို မွေးစားရင်းအတုတွေအသုံးပြုပြီးခေါ်ယူခဲ့တယ်ဆိုပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာက မလေးရှားဘောလုံးအဖွဲ့ချုပ်ကို အရေးယူထားပါတယ်။
မလေးရှားလက်ရွေးစင်အသင်းက နိုင်ငံခြားသား ဘောလုံးသမားခုနှစ်ဦးကို စက်တင်ဘာလနှောင်းပိုင်းက ဒဏ်ငွေတွေချမှတ်ခဲ့တဲ့အပြင် ဘောလုံးကစားခွင့်ပါပိတ်ပင်ထားကြောင်း မနေ့က တနင်္လာနေ့ကထုတ်ပြန်တဲ့ ဖီဖာရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
မလေးရှားဘောလုံးအဖွဲ့ချုပ် (FAM)က အဲ့ဒီဘောလုံးသမားတွေရဲ့အဘိုးအဘွားတွေဟာ မလေးရှားမှာမွေးခဲ့တဲ့ပုံစံမျိုး မွေးစာရင်းအတုတွေအသုံးပြုခဲ့ကြောင်း၊ ဒီကိစ္စဟာသိသာတဲ့လိမ်ညာမှုတစ်ခုဖြစ်ကြောင်း ဖီဖာရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
အဲ့ဒီဘောလုံးသမားတွေဟာ ဥပဒေအကြောင်းအရ တရားဝင်မလေးရှားနိုင်ငံသားတွေဖြစ်ပြီး ဒီကိစ္စက တမင်ရည်ရွယ်ပြီးလုပ်တာမဟုတ်ဘဲ စီမံခန့်ခွဲအမှားတွေကြောင့်ဖြစ်ရတာလို့ မလေးရှားဘောလုံးအဖွဲ့ချုပ်ဘက်က စောဒကတက်ထားပါတယ် ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးသူတို့အနေနဲ့ ဖီဖာကိုတရားဝင်အယူခံဝင်သွားမယ်လို့ မလေးရှားဘောလုံးအဖွဲ့ချုပ်က တုံ့ပြန်ပါတယ်။
ဖီဖာကထုတ်ပြန်ထားတဲ့ ဂရန်းဖားသားစည်းမျဥ်းအရဆိုရင် နိုင်ငံခြားမှာမွေးတဲ့ကစားသမားတွေကို နိုင်ငံလက်ရွေးစင်မှာအသုံးပြုမယ်ဆိုရင် သူတို့ကိုမွေးတဲ့ မိဘတွေ (သို့မဟုတ်)အဖိုးအဖွားတွေက သက်ဆိုင်ရာနိုင်ငံမှာ မွေးဖွားခဲ့တဲ့သူတွေဖြစ်ရပါမယ်။ ဒီစည်းမျဥ်းဟာနိုင်ငံ့လက်ရွေးစင်အသင်းအောင်မြင်ဖို့အတွက် ပြည်ပကစားသမားတွေလွယ်လွယ်ကူကူခေါ် ယူအသုံးပြုတာကို တားဆီးဖို့ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ဇွန်လမှာကစားခဲ့တဲ့ မလေးရှားက ဗီယက်နမ်ကို ၄ဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ နိုင်ငံခြားကခေါ်ထားတဲ့ကစားသမား ၇ဦး မလေးရှားအသင်းမှာဝင်ကစားတဲ့ကိစ္စနဲ့ပတ်သက်ပြီး တိုင်တန်းမှုတွေရှိလာတာကြောင့် ဖီဖာကစုံစမ်းဖော်ထုတ်ဖို့ဖြစ်လာပါတယ်။
ဗီယက်နမ်ကိုအနိုင်ရခဲ့တဲ့အဲ့ဒီပွဲမှာ နိုင်ငံခြားကမွေးစားထားတဲ့ ကစားသမားခုနှစ်ဦးစလုံးဝင်ကစားခဲ့ပြီး အာဂျင်တီးနားကခေါ်ယူထားတဲ့ Figueiredoနဲ့ ဘရားဇီးက Holgadoတို့က ၄၉မိနစ်နဲ့ ၅၉မိနစ်မှာ ဂိုးတွေသွင်းယူပေးခဲ့ကြပါတယ်။
စက်တင်ဘာလထဲမှာ ဖီဖာစည်းကမ်းထိန်းသိမ်းရေးကော်မတီက အထက်ပါကစားသမားခုနှစ်ဦးကို ဘောလုံးကစားခွင့်တစ်နှစ်ပိတ်ပင်ခဲ့ပြီး၊ကစားသမားတစ်ဦးကို အမေရိကန်ဒေါ်လာ ၂၅၀၀ဆီဒဏ်ရိုက်ခဲ့ပါတယ်။ ပြီးတော့ မလေးရှားဘောလုံးအဖွဲ့ချုပ်ကိုပါ အမေရိကန်ဒေါ်လာ ၃သိန်း၃သောင်းဒဏ်ရိုက်ခဲ့ပါတယ်။
လတ်တလောနှစ်တွေမှာ အင်ဒိုနီးရှားနိုင်ငံက သူတို့လက်ရွေးစင်အသင်းအတွက် နယ်သာလန်မှာမွေးတဲ့ အင်ဒိုနီးရှားသွေးပါတဲ့ကစားသမားတွေကို ခေါ်ယူအသုံးပြုခဲ့တာတွေရှိနေပါတယ်။
ဒီနှစ်အစောပိုင်းမှာ မလေးရှားအဖွဲ့ချုပ်ကအဲ့ဒီဘောလုံးသမားခုနှစ်ဦးရဲ့အဖိုးအဖွားတွေဟာ ပီနန်နဲ့မလက္ကာမြို့တွေမှာမွေးခဲ့တယ်ဆိုပြီး မွေးစာရင်းတွေကိုဖီဖာကိုတင်ပြခဲ့ပါတယ်။ ဒါပေမယ့် ဖီဖာရဲ့စုံစမ်းစစ်ဆေးမှုအရ အဲ့ဒီကစားသမားတွေရဲ့အဖိုးအဖွားတွေဟာ မလေးရှားမှာတကယ်မွေးခဲ့တဲ့သူတွေမဟုတ်ဘဲ အာဂျင်တီးနားနဲ့ စပိန်လိုနိုင်ငံတွေမှာ မွေးခဲ့ကြတာဖြစ်ကြောင်းတွေ့ရှိခဲ့ပါတယ်။ ဖီဖာစုံစမ်းရေးအဖွဲ့က ကစားသမားတွေရဲ့အဖိုးအဖွားတွေရဲ့မွေးစာရင်းအစစ်တွေကို တွေ့ရှိစစ်ဆေးခဲ့တာဖြစ်ပါတယ်။
အရေးယူခံထားရတဲ့ ကစားသမားခုနစ်ဦးဟာ စပိန်နိုင်ငံမှာမွေးတာ သုံးဦး၊အာဂျင်တီးနားက နှစ်ဦး၊ နယ်သာလန်က တစ်ဦး၊ဘရာဇီးက တစ်ဦးဖြစ်ပါတယ်။
ဖီဖာရဲ့စွပ်စွဲချက်ဟာ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ မလေးရှားအားကစားဝန်ကြီး Hannah Yeoh ကပြောပါတယ်။ မလေးရှားဘောလုံးအဖွဲ့ချုပ်က ဖီဖာကိုတရားဝင်အယူခံတင်တာကို စောင့်ကြည့်ပြီးမှာ သူတို့ဝန်ကြီးဌာနက လိုအပ်တာတွေဆက်လုပ်မယ်လို့ သိရပါတယ်။
မလေးရှားလက်ရွေးစင်ဘောလုံးအသင်းဟာ ဒီတပတ်ထဲမှာ အာရှဖလားခြေစစ်ပွဲအဖြစ် လာအိုအ သင်းနဲ့ ကစားရဖို့ရှိပါတယ်။ အဲ့ဒီပွဲမှာတော့ အရေးယူခံထားရတဲ့အတွက် နိုင်ငံခြားကမွေးစားထားတဲ့ ကစားသမားခုနှစ်ဦးစလုံး ပါဝင်ကစားနိုင်မှာမဟုတ်ပါဘူး။
Ref:BBC







Comments