ဗိုလ်လုပွဲအပြီး ရုန်းရင်းဆန်ခတ်ဖြစ်မှုနဲ့ပတ်သက်ပြီး ဖီဖာစုံစမ်းစစ်ဆေးမှု စတင်
- BVJ

- Jul 21
- 1 min read
အီးကေ/BVJ_ဇူလိုင် ၂၁၊ ၂၀၂၆

ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးမှာဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုတွေနဲ့ပတ်သက်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ(FIFA)ကတရားဝင်စုံစမ်းစစ်ဆေးမှုတွေစတင်လိုက်ပြီဖြစ်ပါတယ်။
ဖြစ်ပျက်ခဲ့ပုံ
စပိန်အသင်းကအနိုင်ရရှိပြီး ပွဲသိမ်းခရာမှုတ်လိုက်တဲ့အချိန်မှာ အာဂျင်တီးနားအသင်းသားတွေနဲ့စပိန်အသင်းသားတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။ စပိန်ကွင်းလယ်လူ ရိုဒရီ (Rodri)က သူရဲ့အသင်းဖော်တွေဆီ ပြေးသွားချိန် အာဂျင်တီးနားနောက်ခံလူ မိုလီနာ (Nahuel Molina)က ရိုဒရီရဲ့ ဗိုက် သို့မဟုတ် လက်မောင်းကိုထိုးလိုက်ရာကနေ အခြေအနေတွေပိုဆိုးသွားခဲ့တာပါ။
လီယန်ဒရို ပါရီဒက်စ် (Leandro Paredes)၊ တီယာဂို အယ်လ်မာဒါ (Thiago Almada)နဲ့လက်ထောက်နည်းပြ ရောဘတ်တို အယာလာ (Roberto Ayala) တို့ဟာလည်း အဲ့ဒီရုန်းရင်းဆန်ခတ်မှုထဲမှာပါဝင်ခဲ့ကြပါတယ်။ ပါရီဒက်စ်က စပိန်ကစားသမား အဲရစ် ဂါစီယာ (Eric Garcia)ရဲ့လည်ပင်းကိုညှစ်ခဲ့သလို၊ ဂါဗီကိုလည်းတွန်းလှဲခဲ့ပါတယ်။
အာဂျင်တီးနားနည်းပြ လီယွန်နယ် စကာလိုနီကတော့ အဲဒီဖြစ်ရပ်တွေကို အရေးမကြီးသလိုမျိုးဟန်ဆောင်ပြီး "အနိုင်ရရင်လည်း ဂုဏ်ရှိရှိလက်ခံသလို၊ အရှုံးကိုလည်း ဂုဏ်ရှိရှိလက်ခံရမယ်"လို့ပြောခဲ့ပါတယ်။

ဖြစ်လာနိုင်တဲ့ အကျိုးဆက်များ
ဖီဖာစည်းကမ်းထိန်းသိမ်းရေးကော်မတီက စုံစမ်းစစ်ဆေးရေးမှူးတစ်ဦးကို ခန့်အပ်ထားပြီး အောက်ပါအတိုင်းအရေးယူနိုင်ခြေရှိပါတယ်။ ပါဝင်ပတ်သက်တဲ့ကစားသမားတွေနဲ့ နည်းပြတွေကို နိုင်ငံတကာပွဲစဉ်တွေမှာ ပါဝင်ခွင့်ပိတ်ပင်တဲ့ ပြစ်ဒဏ်တွေချမှတ်နိုင်ပါတယ်။ အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ် (AFA) ကိုငွေဒဏ်ရိုက်နိုင်ပါတယ်။
FIFAရဲ့စည်းကမ်းသတ်မှတ်ချက် ပုဒ်မ ၁၃ အရ "အားကစားနဲ့မလျော်ညီတဲ့ အပြုအမူ"၊ "ဘောလုံးလောက ဂုဏ်သိက္ခာကျဆင်းစေမှု"တွေအတွက် ပြစ်ဒဏ်ချမှတ်မှာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းနဲ့ အငြင်းပွားမှုများ
အာဂျင်တီးနားအသင်းဟာ မကြာသေးခင်နှစ်တွေအတွင်းမှာလည်း အလားတူ ပြဿနာမျိုးတွေနဲ့ ကြုံတွေ့ခဲ့ဖူးပါတယ်။
• ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီး ဂုဏ်ပြုပွဲတွေမှာပြသခဲ့တဲ့ မသင့်လျော်တဲ့ အပြုအမူတွေအတွက်ဒဏ်ရိုက်ခံခဲ့ရပါတယ်။
• ဂိုးသမား အမ်မီလီယာနို မာတီနက်ဇ်ဟာလည်း အပြုအမူမလျော်ကန်မှုအတွက် ပွဲပယ်ပြစ်ဒဏ်တွေခံခဲ့ရဖူးပါတယ်။
• အခုလက်ရှိ ကမ္ဘာ့ဖလားမှာလည်း အင်္ဂလန်အသင်းကိုအနိုင်ရပြီးနောက် ဖောက်ကလန်ကျွန်းနဲ့ပတ်သက်တဲ့ ကြွေးကြော်သံပါတဲ့စာတန်းကို ကိုင်ဆောင်ခဲ့မှုအတွက် FIFA ရဲ့အရေးယူမှုကိုခံရဖို့ရှိနေပါတယ်။

FIFA ရဲ့ စုံစမ်းစစ်ဆေးမှုဟာ ဘယ်လောက်ကြာမယ်ဆိုတာကိုတော့မသိရသေးပါဘူး။ သို့သော်လည်း အလားတူဖြစ်ရပ်မျိုးတွေမှာတော့ စုံစမ်းစစ်ဆေးမှုတွေဟာ ရက်သတ္တပတ်အတော်ကြာတတ်ပါတယ်။




Comments