အရှေ့တီမော အာဆီယံအဖွဲ့ဝင်ဖြစ်ခွင့် စစ်ကောင်စီက ကန့်ကွက်၊ ထိုင်းနိုင်ငံ က အပြည့်အဝထောက်ခံထား
- BVJ

- Jul 5
- 1 min read
BVJ _ ဇူလိုင် ၅ ၊ ၂၀၂၅

အရှေ့တီမောနိုင်ငံ အာဆီယံရဲ့ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်ခွင့်ကို မြန်မာနိုင်ငံက ကန့်ကွက်ထား ပေမဲ့ ထိုင်းအစိုးရက ထောက်ခံခဲ့တယ်လို့ အစိုးရတာဝန်ရှိသူတစ်ဦးက မနေ့ ဇူလိုင် ၄ ရက်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Bolbongse Vangphaen က အပတ်စဉ်ပြုလုပ်နေကျ သတင်းစာရှင်းလင်းပွဲမှာ အရှေ့တီမောနိုင်ငံနဲ့ ပတ်သက်ပြီး ထပ်လောင်းအတည်ပြုပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ အရှေ့တီမောနိုင်ငံ အာဆီယံအဖွဲ့ဝင်ဖြစ်ရရှိရေးဟာ ပြီးခဲ့တဲ့မေလအတွင်းက အာဆီယံခေါင်းဆောင်တွေ ဆုံးဖြတ်ခဲ့မူဝါဒနဲ့လည်း ကိုက်ညီတယ်လို့ သူက ဆိုပါတယ်။
“ပြီးခဲ့တဲ့ မေလအတွင်းက ပြုလုပ်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲကတည်းက ဒီကိစ္စက ရှင်းရှင်းလင်းလင်း ရှိနေပြီးသားပါ။ အရှေ့တီမောနိုင်ငံဟာ ဒီနှစ်အတွင်းမှာ အာဆီယံအဖွဲ့သစ်ဖြစ်လာမယ်။ ထိုင်းနိုင်ငံ အနေနဲ့လည်း အရှေ့တီမာနိုင်ငံ အာဆီယံအဖွဲ့ဝင်ဖြစ်လာမှာကို ထောက်ခံတယ်” လို့ Bolbongse Vangphaen ပြောပါတယ်။
အရှေ့တီမောနိုင်ငံ အာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်ရရေးကို အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားနိုင်ငံကို စစ်ကောင်စီက ကန့်ကွက်စာပေးပို့မှု လုပ်ဆောင်ခဲ့တယ်လို့ ထိုင်းသတင်းဌာန thai PBS World ကလည်း ဇူလိုင် ၂ ရက်မှာ ဖော်ပြထားပါသေးတယ်။
စစ်ကောင်စီရဲ့ ကန့်ကွက်မှုဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အခြားနိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရဘူးဆိုတာ ပါရှိတာကြောင့် အရှေ့တီမောနိုင်ငံဟာ ဒီမူဝါဒ ကို ချိုးဖောက်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားတာလည်း ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့နိုင်ငံအချို့က စိုးရိမ်မှုတွေရှိနေပေမဲ့ ဒါဟာ အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားရဲ့ ဦးဆောင်မှုအောက်ကနေ ကိုင်တွယ်ဖြေရှင်းသွားမှာဖြစ်တယ်လို့ သူက ထပ်ဖြည့်ပြောပါတယ်။ “မြန်မာနဲ့ အရှေ့တီမောနိုင်ငံကြားက ပြဿနာကို စေ့စပ်ညှိနှိုင်းဖြေရှင်းရမှာက ဒီနှစ်အတွက် အာဆီယံရဲ့ အခန်းကဏ္ဍတစ်ခုအနေနဲ့လည်း ရှိနေပါတယ်” လို့ Mr. Bolbongse က ဆိုပါတယ်။
လာမယ့် ဇူလိုင် ၈ ရက်ကနေ ၁၁ ရက်နေ့အထိ ၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေး (AMM) ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။ စစ်ကောင်စီရဲ့ ကန့်ကွက်မှုနဲ့ပတ်သက်ပြီး ဒါဟာ ကျိုးကြောင်းဆီလျော်မှုမရှိသလို အရေးပါအရာရောက်မှုမရှိဘူးလို့ အရှေ့တီမောနိုင်ငံသမ္မတ ဟိုဆေးရာမို့စ်က တုံ့ပြန်ပြောကြားထားပါတယ်။
အရှေ့တီမောနိုင်ငံ အာဆီယံအဖွဲ့ဝင်သစ်ဖြစ်ခွင့်အတွက် အာဆီယံခေါင်းဆောင်တွေက တရားဝင်ဆုံးဖြတ်ချက်ချမှတ်ထားပြီပြီမို့ စစ်ကောင်စီက ကန့်ကွက်မှုကြောင့် တစုံတရာထိခိုက်မှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။
Ref: Bangkok Post, UCA News







Comments