KNLA/မွန်ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ ၇ နာရီကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃၀ ခန့် သေဆုံး
- BVJ

- Jun 22
- 1 min read
BVJ/ထက်အောင် _ ဇွန် ၂၁ ၊ ၂၀၂၅

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုးကနေ အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးဖို့ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KNLA နဲ့ မွန်ပူးပေါင်းတပ်တွေတို့က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၃၀ ခန့် သေဆုံးခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က ဒီနေ့ ဇွန် ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ အမှတ် ၄၄ ခြေမြန်တပ်မဌာနနဲ့ အမှတ် ၅၅ ခြေမြန်တပ်မ ပူးပေါင်းစစ်ကြောင်းဟာ အောင်ဇေယျစစ်ကြောင်းကို စစ်ကူအင်အားဖြည့်ဖို့ ကျုံဒိုးမြို့ကနေ ထွက်လာချိန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ၊ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်ဆန့်ကျင်ရေး) -NMSP(AD) တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားချိန် ၇ နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူးနဲ့ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးအပါအဝင် ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၃၀ ခန့် သေဆုံးခဲ့ကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ MLA က ဖော်ပြထားပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး နယ်မြေရှင်းလင်းချိန် MA(1)၊ MA(2)၊ RPG ၊ RPG အသီး၊ RPG ပို့ယမ်း၊ 60mm commando၊ ကျည်ဘောက်မျိုးစုံ၊ ကျည်မျိုးစုံ၊ ကျည်ကာဦးထုပ် စတဲ့ လက်နက်ခဲယမ်းတွေနဲ့ စစ်ဘက်အသုံးအဆောင်တွေကိုလည်း သိမ်းဆည်းရရှိခဲ့ပါသေးတယ်။ တိုက်ပွဲဖြစ်ပွားမှုအခြေအနေနဲ့ပတ်သက်ပြီး MLA တာဝန်ရှိသူတွေကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
အောင်ဇေယျစစ်ကြောင်းကို စစ်ကူအင်အားဖြည့်ဖို့ စစ်ကောင်စီက ကျုံဒိုးမြို့ကနေ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ရေးသတိပြုသွားလာကြုဖို့နဲ့ စစ်ကောင်စီလက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်ကိုလည်း ဂရုပြုကြဖို့ MLA က အသိပေးထားပါတယ်။
မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီက ၂၀၂၄ ဧပြီလကုန်ပိုင်းမှာ စစ်ကြောင်းထိုးမှုတွေ စတင်လုပ်ဆောင်ခဲ့ပေမဲ့ တစ်နှစ်ကျော်ကြာမြင့်ချိန်အထိ KNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ကြားဖြတ်ဟန့်တားထားနိုင်ဆဲ ဖြစ်ပါတယ်။







Comments