top of page

အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျဉ်းထောင်တွင်းမှတ်တမ်း

  • Writer: BVJ
    BVJ
  • Jun 18
  • 2 min read
Photo: AP
Photo: AP

မြန်မာတရားခွင်အတွင်းထဲမှာ တရားရင်ဆိုင်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်တွေနဲ့ သူမရဲ့ ထောင်တွင်းနေ့စဉ်ဖြတ်သန်းမှုတွေကို မှတ်တမ်းတင်ထားတဲ့ CCTV ဖိုင်တခုကို အင်္ဂလန်သတင်းဌာနဖြစ်တဲ့ ဂါဒီယန်းသတင်းစာကလက်ခံရရှိခဲ့ပြီး ဒီနေ့ ဇွန် ၁၈ရက်မှာဖော်ပြလာပါတယ်။


စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေ့စဉ်ကြုံတွေ့ဖြတ်သန်းနေရတဲ့အခြေအနေတွေကို ဒီမှတ်တမ်းတွေကနေတဆင့် တခဏတာ မြင်တွေ့ခွင့်ရလိုက်ကြတာလည်း ဖြစ်ပါတယ်။


၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကနေ လက်ရှိအချိန်အထိ စစ်ကောင်စီရဲ့ တင်းကြပ်တဲ့ချုပ်ကိုင်ထားမှုတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေကို မြန်မာပြည်သူတွေ မသိမကြားခဲ့ရတာ ကာလအတော်ကြာခဲ့ပါပြီ။ သူမနဲ့တွေ့ခွင့်ရခဲ့တဲ့ တရားရေးအဖွဲ့ကလည်း စစ်ကောင်စီရဲ့ တင်းကြပ်တဲ့စောင့်ကြည့်မှုတွေအောက်ကနေတဆင့်သာ တွေ့ခွင့်ရခဲ့တာဖြစ်ပြီး သတင်းအချက်အလက်တွေကို ပိတ်ဆို့ခံထားရတာဖြစ်ပါတယ်။


ပေါက်ကြားလာတဲ့ ဗီဒီယိုမှတ်တမ်းအရ ၂၀၂၂ ဩဂုတ်လ ၁၂ ရက်နဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် နေ့လယ်၁၂နာရီကျော်နဲ့ ၃နာရီကျော်အချိန်တွေဖြစ်ပြီး စစ်ကောင်စီပြင်ဆင်ဖန်တီးထားတဲ့ တရားရုံးခန်းအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်နဲ့အတူ ရှိနေခဲ့ပါတယ်။ ဒီဗီဒီယိုမှတ်တမ်းကို စစ်ကောင်စီလက်အောက်ကနေရုန်းထွက်လာသူတွေနဲ့ဖွဲ့စည်းထားတဲ့ ပြည်သူ့ရင်ခွင်ကနေတဆင့် ဂါးဒီယန်းသတင်းစာက ရရှိခဲ့တာပါ။


အသက် ၈၀ ပြည့်လုနီးအရွယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ နေ့စဉ်ဖြတ်သန်းနေရတဲ့ ထောင်တွင်းအခြေအနေတွေကြောင့် သူမရဲ့မိသားစုဝင်တွေနဲ့ သူမကို ထောက်ခံသူတွေကလည်း စိုးရိမ်ပူပန်မှုတွေရှိနေခဲ့ကြပါတယ်။


ဂါးဒီယန်းကရရှိထားတဲ့ မှတ်တမ်းတွေအရ ပြီးခဲ့တဲ့နှစ် ၂၀၂၄ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်တွင်းနေ့စဉ်ဖြတ်သန်းနေရတဲ့ပုံရိပ် အသေးစိတ်တွေပါဝင်နေပြီး သူမကို နေပြည်တော်က အထူးအကျဉ်းထောင်ထဲမှာထားကာ ပြင်ပနဲ့အဆက်အသွယ် ပြတ်တောက်အောင် စစ်ကောင်စီကစီမံထားပါတယ်။ ၂၀၂၄ ခုနှစ် အစောပိုင်းကာလတွေမှာ သူမကို နောက်ဆုံးတွေ့ရှိခဲ့တာမှာ လက်ရှိမှတ်တမ်းပုံရိပ်တွေအတိုင်းဖြစ်တယ်လို့လည်း အကျဉ်းထောင်သတင်းရင်းမြစ်နဲ့နီးစပ်တဲ့ လွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခုကလည်း ဂါးဒီယန်းသတင်းစာကို အတည်ပြုထားပါတယ်။



ကျန်းမာရေးအခြေအနေ စိုးရိမ်ပူပန်ရ


ရရှိထားတဲ့ CCTV မှတ်တမ်းတွေအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေဟာ စိုးရိမ်ပူပန်စရာရှိနေပြီး သူမ လက်ခံရရှိထားတဲ့ ဆေးဝါးစာရင်း အသေးစိတ်ကိုလည်း တွေ့ရပါတယ်။ ဒီဆေးဝါးတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်း အသက် ၃၀ အရွယ် ဒေါက်တာအောင်ကျော်က ဒီဆေးဝါးတွေဟာမည်ကာမတ္တမျှသာရှိပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအတွက် လုံလောက်မှုမရှိဘူးလို့ ဆိုပါတယ်။


“သူတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာက အပေါ်ယံလောက်ပဲရှိတယ်။ တကယ့်ရောဂါအခြေအနေအတွက် မထိရောက်ဘူး” လို့ ဒေါက်တာအောင်ကျော်က ဆိုပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်း နေပြည်တော်လိုနေရာမျိုးက အကျဉ်းထောင်အတွင်းမှာ သူမအနေနဲ့ နေရောင်ခြည်အလုံအလောက်မရရှိတာ၊ အာဟာရဓာတ်အားနည်းတာ၊ ရေဓာတ်ခန်းခြောက်တာ၊ အပူလျှပ်တာမျိုးတွေကြုံတွေ့ရနိုင်ပြီး နေထိုင်ရတဲ့အခန်းအပူချိန်ဟာလည်း ၃၁ ဒီဂရီစင်တီဂရိတ်အထိ ရှိတယ်လို့လည်း ဆိုပါတယ်။


တရားထိုင်တာ၊ စာဖတ်တာနဲ့ အထီးကျန်ခြင်း


နေ့စဉ် CCTV မှတ်တမ်းရဲ့အချိန်တွေအရ နေ့စဉ် မနက် လေးနာရီခွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနေ့တာကို စတင်ခဲ့ပြီး ည ၈ နာရီခွဲမှာ အဆုံးသတ်ခဲ့ပါတယ်။ သူမဟာ မနက်အစောပိုင်းအချိန်တွေမှာ တစ်နာရီကျော်ကြာ တရားထိုင်တာ၊ အခန်းတွင်း လမ်းလျှောက်တာ လုပ်ဆောင်ပြီး ညနေပိုင်း ကျန်းမာရေးဆိုင်ရာ လေ့ကျင့်ခန်းတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ နေ့စဉ် လမ်းလျှောက်ချိန်တိုင်းမှာ ပုတီးစိပ်နေတာကိုလည်း မှတ်တမ်းပုံရိပ်တွေမှာ တွေ့ရတယ်လို့ ဂါးဒီယန်းက ဖော်ပြထားပါတယ်။


ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မနက်စာအတွက် ကြက်ဥကြော် (half-fried) နှစ်လုံးစားပြီး နေ့လယ်စာအတွက် အသား ဒါမှမဟုတ် ငါးဟင်းကို ထမင်းနည်းနည်းနဲ့စားသလို ညစာအတွက် စွတ်ပြုတ်ရည် ဒါမှမဟုတ် ပေါင်မုန့်ကို စားတယ်လို့ သိရပါတယ်။


သတင်းအချက်အလက်သိရှိခွင့်ရရှိမှုမှာလည်း စစ်ကောင်စီလက်အောက်ခံ သတင်းစာတွေကိုသာ ဒေါ်အောင်ဆန်းစုကြည်ဖတ်ခွင့်ရပြီး အဲဒီကနေတဆင့် လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ပဋိပက္ခအခြေအနေကိုသာ သိခွင့်ရနေတာလည်း ဖြစ်ပါတယ်။

ree

ပြီးခဲ့တဲ့ ၂ နှစ်ကျော်က မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ နောက်ဆုံးအကြိမ် စာတစ်စောင် အဆက်အသွယ်ရခဲ့ပြီး မိသားစုကိစ္စတွေသာ အဓိကထားပြောဖြစ်ခဲ့တယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်ကလည်း ဆိုပါတယ်။


“စစ်တပ်က အရာအားလုံးကို ဆင်ဆာပိတ်ဆို့ဖြတ်တောက်ထားတာပါ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ (စာထဲမှာ) နိုင်ငံရေးအကြောင်း မပြောဘူး။ ကျွန်တော့်အနေနဲ့ စာထဲမှာ ကလေးတွေအကြောင်းနဲ့ အမေ့ရဲ့ ကျန်းမာရေးအကြောင်းတွေပဲ ရေးခဲ့တာပါ။ အမေဆီက ရေးတဲ့စာအတိုင်းပဲ ပြန်ရေးခဲ့တာပါ” လို့ ကင်မ်အဲရစ်က ဆိုပါတယ်။


“ကျွန်‌တော်အနေနဲ့ အရမ်းစိုးရိမ်ပါတယ်။ ကမ္ဘာ့နိုင်ငံအတော်များများက ထင်နေကြတာက အမေ့ကို အိမ်မှာ အကျယ်ချုပ်ထားတယ်ပဲ ထင်နေကြတာ။ ဒါက မဟုတ်ပါဘူး။ အမေ အခုချိန်မှာ အသက်ထင်ရှားရှိနေသေးလား မရှိတော့ဘူးလားဆိုတာတောင် ကျွန်တော် မသိပါဘူး။ ဒါကို အတည်ပြုနိုင်ဖို့လည်း ခက်ခဲနေပါတယ်” လို့ ကင်မ်အဲရစ်က ဆိုပါတယ်။


ဒေါ်အောင်ဆန်းစုကြည်တို့လို ထင်ရှားတဲ့ခေါင်းဆောင်တွေနဲ့ တချို့လူသိများတဲ့သူတွေ ထောင်ထဲမှာ ဒုက္ခမျိုးစုံ ခံစားနေရတာကို စစ်ကောင်စီအနေနဲ့ သူတို့ ဘယ်လိုမှ ဂရုစိုက်ခံစားနေမှာမဟုတ်ဘူးလို့ ရှောင်တာနယ်ကလည်း ပြောပါတယ်။ ဒါပေမဲ့ ထင်ရှားတဲ့ခေါင်းဆောင်တွေ ထောင်ထဲမှာ သေဆုံးသွားတာမျိုးကိုတော့ သူတို့ မလိုချင်ကြဘူး။ ဒါဟာ အလွန်အန္တရာယ်များတဲ့ ကစားပွဲတစ်ခုကို ကစားနေတာမျိုးပါပဲလို့ ရှောင်တာနယ်က ပြောပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ရဲ့အကြံပေးပုဂ္ဂိုလ်ဖြစ်သူ ဩစတြေးလျနိုင်ငံသား ရှောင်တာနယ်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း နေပြည်တော်အကျဉ်းထောင်ထဲမှာ ချုပ်နှောင်ထားခဲ့ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။


စစ်ကောင်စီရဲ့ မတရားပုဒ်မတွေနဲ့ တရားစွဲဆိုဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်ဒဏ် ၂၇ နှစ်အထိ ချမှတ်ထားတာဖြစ်တာကြောင့် သူမအသက် ၁၀၅နှစ်ရောက်မှသာ အကျဉ်းထောင်တွင်းကနေလွတ်မြောက်မယ့်အခြေအနေဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုနဲ့အတူ မြန်မာနိုင်ငံအတွင်း မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း ၂၉၂၀၀ ကျော်ရှိနေပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သူ ၆၈၀၇ ဦးအထိရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကလည်း ထုတ်ပြန်ထားပါတယ်။


(မှတ်ချက် ။ The Guardian သတင်းစာမှာ ဖော်ပြထားတဲ့ Leaked footage and prison logs reveal Aung San Suu Kyi’s life in detention ကို ဆီလျော်အောင် ဘာသာပြန်ဖော်ပြထားခြင်း ဖြစ်ပါတယ်။)

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page