ရွေးကောက်ပွဲမဲရုံစားရိတ်နဲ့စားဖို့သောက်ဖို့အတွက်ဆိုပြီး ပြည်သူတွေဆီက စစ်အုပ်စုငွေကြေးကောက်ယူနေ
- BVJ

- Dec 22, 2025
- 1 min read
မိုနာ/BVJ_ဒီဇင်ဘာ ၂၂၊ ၂၀၂၅

စစ်အုပ်စုဟာ အခု ဒီဇင်ဘာ ၂၈ရက်နေ့မှာပြုလုပ်မယ့်ရွေးကောက်ပွဲ-အပိုင်း၁မှာ မဲရုံအတွက်စားရိတ်ဆိုပြီး ရန်ကုန်မြို့နေပြည်သူတွေဆီက တအိမ်တက်ဆင်းငွေကြေးလိုက်လံကောက်ယူနေတယ်လို့ ရန်ကုန်မှာနေထိုင်သူတွေက ပြောကြပါတယ်။
“မဲရုံထိုင်ဖို့စားရိတ်ဆိုပြီး ကြိုပြီးလိုက်ကောက်နေတယ်။ အလှူငွေလေးတဲ့။ စားဖို့သောက်ဖို့နဲ့ပစ္စည်းဌားရမ်းဖိုးလေးတွေပါတဲ့။ အိမ်ပေါက်စေ့လိုက်တောင်းတာ။ အိမ်မှာလူမရှိသေးတဲ့အိမ်ကျရင် ရပ်ကွက်ရုံးကိုခေါ်ပြီးကောက်မယ်ပြောတယ်” လို့ ရန်ကုန်ဒေသခံတစ်ဦးက Burma VJကိုပြောပါတယ်။
မဲရုံစားရိတ်လိုက်ကောက်ခံနေသူတွေဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွက် အလုပ်လုပ်ပေးနေကြသူတွေဖြစ်ပြီး ရာအိမ်မှူး၊ဆယ်အိမ်မှူးတွေရဲ့ဆွေမျိုးတွေဖြစ်တယ်လို့လည်း သိရပါတယ်။
အာဏာသိမ်းစစ်အုပ်စုဟာ အခုလာမယ့် ၂၈ရက်နေ့မှာ ရွေးကောက်ပွဲအပိုင်း-၁ကျင်းပမယ့်ကြေညာထားပြီး အဲ့ဒီအတွက်လည်း အာဏာသိမ်းစစ်ခေါင်းဆောင်အပါအဝင် စစ်အုပ်စုခေါင်းဆောင်ပိုင်းတွေဟာ မဲလာပေးကြဖို့ဆိုပြီး လူထုကိုစည်းရုံးရေးတွေပြုလုပ်နေတာလည်း ဆက်တိုက်တွေ့နေရပါတယ်။
အာဏာသိမ်းစစ်အုပ်စုပြုလုပ်မယ့်ရွေးကောက်ပွဲဟာ စစ်အုပ်စုသက်ဆိုးရှည်ဖို့နဲ့ထွက်ပေါက်အတွက်ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲဖြစ်တာကြောင့် ပြည်သူတွေမပူးပေါင်းမပါဝင်ဖို့ကို တော်လှန်ရေးအင်အားစုတွေဘက်ကလည်း တိုက်တွန်းနှိုးဆော်ထားကြပါတယ်။
ဒါ့အပြင် လက်ရှိမြန်မာနိုင်ငံအခြေအနေက လူတိုင်းအကျုံးဝင်တဲ့ရွေးကောက်ပွဲကျင်းပဖို့ မပြည့်စုံဘူးလို့ သြစတြေးလျအစိုးရကလည်း ဒီဇင်ဘာ ၁၀ရက်(အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့) မှာ ထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။







Comments