စစ်အုပ်စုရွေးကောက်ပွဲဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေ ကိုယ်စားလှယ်လောင်းရှာရခက်နေ
- BVJ

- Sep 10
- 1 min read
BVJ/ဂျိုး_ စက်တင်ဘာ ၉၊ ၂၀၂၅

အာဏာသိမ်းစစ်ကောင်စီကလုပ်မယ့်ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်း အတာနဲ့ ဝင်ရောက်ယှဉ်ပြိုင် မယ့် နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲဝင်ပြိုင်မယ့်ကိုယ်စားလှယ်လောင်း ပြည့်မီအောင်ရှာဖို့ ခက်ခဲနေကြပါတယ်။
လာမယ့် ဒီဇင်ဘာလအတွင်းမှာကျင်းပမယ့် စစ်ကောင်စီရွေးကောက်ပွဲ အပိုင်း-၁မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ဝင်ပြိုင်မယ့် ပါတီ ၉ ခုထဲမှာပါဝင်တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)အနေနဲ့လည်း ကိုယ်စားလှယ်လောင်းပြည့်မီအောင်ရှာဖွေဖို့ခက်ခဲနေတယ်လို့ NDFပါတီ တွဲဖက်ဥက္ကဌ ဦးထက်အောင်ကျော်က Burma VJကိုပြောပါတယ်။
“တကယ့်ကို နိုင်ငံရေးသမားတွေပေါ့ဗျာ။ နိုင်ငံရေးတကယ်လုပ်ဖူးသောသူများ လွယ်လွယ်ပြောရ ရင်တော့ ဇာတ်ရှိတဲ့လူပေါ့နော် ဒီလိုလူတွေကတော့လွယ်လွယ်ကူကူရပါတယ်။ ဒါပေမယ့် လူသစ်စည်းရုံးတာတို့ ဘာတို့ဆိုရင်တော့တော်တော်ခက်ခက်ခဲခဲဖြစ်တာပေါ့။ ဘယ်သူမဆို ဒီကာလကတော့ ကြောက်ကြတဲ့အနေအထားဖြစ်တော့ အဲလိုကိုယ်စားလှယ်လောင်းရရှိဖို့ အခက်ခဲတွေတော့ ရှိပါတယ်”လို့ပြောပါတယ်။
NDFပါတီအနေနဲ့ ကိုကိုးကျွန်းကလွဲပြီး ရန်ကုန်တိုင်းအတွက်ကိုယ်စားလှယ်လောင်းစာရင်း ပြည့်မီသွားပြီးဖြစ်ပေမယ့် ကျန်တဲ့ဒေသတွေအတွက်တော့ ကိုယ်စားလှယ်လောင်း အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲဝင်ပြိုင်မယ့်ပါတီတွေအနေနဲ့ ကိုယ်စားလှယ်လောင်းအမည်စာရင်းကို မနေ့က စက်တင်ဘာ ၈ ရက်ကစပြီးတင်သွင်းနိုင်သလို လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာတွေကို ရုပ်သိမ်းလိုပါက စက်တင်ဘာလ ၁၂ ရက်နေ့ နောက်ဆုံးထားရုပ်သိမ်းနိုင်တယ်လို့ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့်လည်း ဝင်ပြိုင်မယ့်နိုင်ငံရေးပါတီတွေအနေနဲ့ ကိုယ်စားလှယ်လောင်းအမည်စာရင်း ပြည့်မီအောင်မတင်သွင်းနိုင်တာကြောင့် ကိုယ်စားလှယ်အမည်စာရင်းတင်သွင်းရမယ့် နောက်ဆုံးရက်ကို စက်တင်ဘာလ ၁၇ ရက်နေ့အထိ ရွေးကောက်ပွဲကော်မရှင်က ထပ်တိုးပေးထားတာကိုတွေ့ရပါတယ်။
တစ်နိုင်ငံလုံးမှာဝင်ပြိုင်မယ့်ပါတီတွေဟာ လွှတ်တော် ၃ ရပ်အတွက် မဲဆန္ဒနယ်အားလုံးရဲ့ ထက်ဝက်မှာ ဝင်ရောက်ယှဥ်ပြိုင်ရမှာဖြစ်ပြီး UECရဲ့ ဇူလိုင် ၂၈ရက် ပြင်ဆင်ပြဌာန်းချက်အရ မဲဆန္ဒနယ်ထက်ဝက်မှာ မပြိုင်နိုင်ခဲ့ရင် နိုင်ငံရေးပါတီအဖြစ်ဆက်လက်ရပ်တည်ရတော့မှာ မဟုတ်ပါဘူး။
စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ကြံ့ခိုင်ရေးပါတီ၊ တစည၊ NDF၊ ကျားဖြူပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ အမျိုးသမီးပါတီ(မွန်)၊ တောင်သူလယ်သမားပါတီ၊ DNP တို့က တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ပြိုင်မယ်လို့ကြေညာထားတာပါ။

ဒီထဲကပါတီတချို့ကို ကိုယ်စားလှယ်လောင်းပြည့်မီခြင်းရှိမရှိနဲ့ပတ်သက်ပြီး Burma VJက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တုန့်ပြန်မှုတစုံတရာမရရှိခဲ့တာလည်းဖြစ်ပါတယ်။ NDFပါတီ တွဲဖက်ဥက္ကဌကတော့ တချို့မဲဆန္ဒနယ်မြေတွေမှာ လက်နက်ကိုင်ပဋိပက္ခတွေရှိနေတာကြောင့် ကိုယ်စားလှယ်လောင်းတွေရဲ့ လုံခြုံရေးစိုးရိမ်ရတဲ့အတွက် အခုလိုရှာရခက်နေတာလို့ ပြောပါတယ်။
“ကျနော်တို့ အခုဆိုရင်ပဲရန်ကုန်တိုင်းပြည့်သလောက်ဖြစ်သွားပြီ။ အဲ့အတွက်ကြောင့် နယ်တွေအတွက် ကျန်တဲ့ စစ်ကိုင်းတို့၊ မကွေး၊ မွန်၊ ကရင်၊ ကချင်စတဲ့ လုံခြုံရေးအခြေအနေ နည်းနည်းအားနည်းတဲ့ နေရာတွေကတော့ နည်းနည်းခက်ခဲမှုရှိပါတယ်။ အခုရန်ကုန်တိုင်းကတော့ ပြည့်သလောက်ဖြစ်သွားပြီ ကျန်တဲ့ဟာတွေကတော့ကြိုးစားနေပါတယ်ခင်ဗျာ။ အားလုံးတော့ ၇၀ရာခိုင်နှုန်းလောက်ကျော်သွားပြီ ဒီရက်ပိုင်းအတွင်းတော့ အကုန်လုံးပြည့်မှီသွားပါလိမ့်မယ်ခင်ဗျာ”လို့ပြောပါတယ်။
စစ်ကောင်စီရွေးကောက်ပွဲဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေမှာ ကိုယ်စားလှယ်လောင်းအခက်အခဲအပြင် မဲဆွယ်စည်းရုံးဖို့အခက်အခဲလည်းရှိနေကြပါတယ်။ စစ်ကောင်စီရွေးကောက်ပွဲ အပိုင်း-၁လုပ်မယ်လို့ ကြေညာထားတဲ့ မြို့နယ် ၁၀၂မြို့ထဲမှာ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ တွေထိန်းချုပ်ဒေသတွေလည်းပါဝင်နေသလို သူတို့နယ်မြေမှာရွေးကောက်ပွဲလုပ်ခွင့်မရှိ ကြောင်းနဲ့ ပူးပေါင်းပါဝင်သူတွေကိုအရေးယူမယ်လို့ တရားဝင်ကြေညာထားကြတာပါ။

ဒါကြောင့် ဒီပေါ်မှာလုံခြုံရေးစိုးရိမ်စိတ်ရှိနေကြပြီး ရန်ကုန်ကလွဲပြီး ကျန်တဲ့ဒေသတွေမှာမဲဆွယ်ဖို့ကို လူကိုယ်တိုင်မဆင်းဘဲ Facebook၊ TikTok၊ Youtube၊ Telegramစတဲ့ အွန်လိုင်းကနေသာ မဲဆွယ်ဖို့စီစဉ်ထားကြတယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာ နိုင်ငံရေးထွက်ပေါက်အဖြစ်ကျင်းပမယ့် အတုအယောင်ရွေး ကောက်ပွဲဖြစ်တာကြောင့် မပူးပေါင်းမပါဝင်ဘဲရတဲ့နည်းနဲ့ဆန့်ကျင်ကြဖို့ အမျိုးသားညီညွတ် ရေးအစိုးရ-NUG၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေကလည်း တိုက်တွန်းထားကြပါတယ်။
ပုံစာ- လာမယ့် ဒီဇင်ဘာလအတွင်းလုပ်မယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့်နိုင်ငံရေးပါတီတချို့အားတွေ့ရစဉ်







Comments