AA၊ TNLA၊ KNUထိန်းချုပ်ဒေသတွေအပါအဝင် စစ်ရှုံးထားတဲ့နယ်မြေတွေမှာပါ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာ
- BVJ

- Aug 16
- 1 min read
မိုနာ/BVJ_ သြဂုတ် ၁၆၊ ၂၀၂၅

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်တွေဆီမှာ လက်လွှတ်ဆုံးရှုံးထားတဲ့ နယ်မြေဒေသတွေအတွင်းမှာပါ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မနေ့က သြဂုတ် ၁၅ရက်မှာထုတ်ပြန်ကြေညာပါတယ်။
၂၀၂၅ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်မြေတွေဆိုပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော်တွေအတွက် မဲဆန္ဒနယ်မြေတွေကို ကြေညာလာတာပါ။
စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်က ကြေညာလာတဲ့မြို့နယ်စာရင်းတွေထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် -KIA၊ ကရင်အမျိုးသားအစည်းအရုံး-KNU ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်-KNDF၊ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး ဦးဆောင်တဲ့ ချင်းပြည်ကောင်စီ(CC)နဲ့ ချင်းညီနောင်(CB)၊ အာရက္ခတပ်တော်-AA၊ တအာင်းအမျိုးသားတပ်မတော်-TNLAနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDFတွေဆီမှာ စစ်ရှုံးလို့ လက်လွှတ်ထားရတဲ့ နယ်မြေတွေလည်းပါဝင်လာပါတယ်။
ကချင်၊ကရင်နီ၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့နဲ့ စစ်ကိုင်း၊ မန္တလေးတိုင်းအတွင်းက ဆုံးရှုံးထားရတဲ့ မြို့နယ်အများစုမှာ ရွေးကောက်ပွဲလုပ်မယ်လို့ကြေညာလာတာဖြစ်ပြီး အဲ့ဒီထဲမှာ တပြည်နယ်လုံးနီးပါးလက်လွှတ်ထားရကာ သုံးမြို့နယ်လောက်သာ ထိန်းချုပ်ထားနိုင်တော့တဲ့ ချင်းနဲ့ရခိုင်ပြည်နယ်မှာလည်း တမြို့နယ်လုံးရွေးကောက်ပွဲလုပ်မယ်လို့ကြေညာလာတာပါ။
ဒါ့အပြင် ‘ဝ’တပ်ဖွဲ့ UWSAနဲ့ မိုင်းလားတပ်- NDAAတို့ ထိန်းချုပ်နယ်မြေတွေမှာပါ ရွေးကောက်ပွဲလုပ်မယ်လို့ ဆိုထားပါသေးတယ်။
စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲနယ်မြေတွေနဲ့ပတ်သက်ပြီး မြန်မာ့ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်မှတ်တမ်းတင်နေတဲ့ BNI-Myanmar Peace Monitorရဲ့ တာဝန်ခံက “ကျနော်တို့မှတ်တမ်းအရ နိုင်ငံတဝန်းမှာ မြို့နယ်ပေါင်း ၂၄၆မှာတိုက်ပွဲတွေဖြစ်နေတယ်။ အဲ့ဒီထဲကမှ မြို့ပေါင်း ၉၄မြို့နယ်ကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထိန်းချုပ်ထားတယ်။ ဒါကြောင့် စစ်အုပ်စုရဲ့ အခုကျင်းပမယ်ဆိုတဲ့ မြို့နယ်စာရင်းတွေဟာ နိုင်ငံတကာကိုလိမ်ညာဖို့၊ ဗြောင်လိမ်ဗြောင်စားလုပ်ဖို့ကြံနေတဲ့ လုပ်ရပ်လို့ပဲမြင်တယ်။ နောက်တချက်က တော်လှန်ရေးအင်အားစုတွေဘက်ကိုလည်း သွေးတိုးစမ်းတဲ့လုပ်ရပ်မျိုးဖြစ်တယ်။ စစ်ခေါင်းဆောင်ကိုယ်တိုင်ပြောထားတာရှိတယ်။ ရွေးကောက်ပွဲမှာ ဘယ်လောက်မဲပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်မရှိဘူးလို့ပြောထားတယ်။ ဒါက ဘယ်သူမှမဲမပေးလည်း ရွေးကောက်ပွဲဖြစ်တယ်ဆိုတဲ့အဓိပ္ပါယ်ပဲ”လို့ Burma VJကို ပြောပါတယ်။
စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲကို မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP)၊ အချိုးကျကိုယ်စားပြုစနစ်(PR)၊ ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (MMP)တို့နဲ့ ကျင်းပသွားမယ်လို့ သိရပါတယ်။
စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲဟာ အာရက္ခတပ်တော်-AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ဒေသတွေမှာမဖြစ်နိုင်သလို ပြည်သူတွေကလည်း လက်မခံကြောင်းကို AAပြောခွင့်ရ ဦးခိုင်သုခက သြဂုတ် ၁၁ရက်သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
ဒါ့အပြင် ကရင်အမျိုးသားအစည်းအရုံး-KNUဥက္ကဌ ပဒိုစောကွယ်ထူးဝင်းကလည်း စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲဟာ နိုင်ငံရေးမှာစစ်တပ်ကိုအာဏာပေးထားတဲ့ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေကိုထပ်မံအတည်ပြုပေးတာဖြစ်ပြီး စစ်အာဏာရှင်ကိုအာဏာပေးအပ်ဖို့ဖြစ်တာကြောင့် ဒီရွေးကောက်ပွဲမဖြစ်မြောက်ဖို့ ကရင်တမျိုးသားလုံးရဲ့ တာဝန်အနေနဲ့မှတ်ယူရမယ်လို့ ၇၅ နှစ်ပြည့် ကရင့်အမျိုးသားအာဇာနည်နေ့မိန့်ခွန်းမှာ ထည့်ပြောထားပါတယ်။







Comments