စစ်အုပ်စုရွေးကောက်ပွဲဝင်ပြိုင်မယ့်ကိုယ်စားလှယ်လောင်းတွေ တရားဝင် စတင်မဲဆွယ်
- BVJ

- Oct 28
- 1 min read
မိုနာ/BVJ_အောက်တိုဘာ ၂၈၊ ၂၀၂၅

စစ်အုပ်စုရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအတွက် ဒီနေ့ အောက်တိုဘာ ၂၆ရက် မနက် ၆နာရီကစပြီး တရားဝင်မဲဆွယ်စည်းရုံးခွင့်စတင်ပြီဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာတနိုင်ငံလုံးအတိုင်းအတာနဲ့ဝင်ပြိုင်မယ့် ဦးကိုကိုကြီးဦးဆောင်တဲ့ပြည်သူ့ပါတီကတော့ ဒီနေ့မနက်မှာ သူတို့ပါတီလူမှုကွန်ရက်ကနေ ရွေးကောက်ပွဲကြေညာစာတမ်းကို ဖော်ပြလာတာတွေ့ရပါတယ်။
ရွေးကောက်ပွဲကြေညာစာတမ်းမှာအချက် (၃၀)ပါဝင်တာကိုတွေ့ရပြီး အဲ့ဒီထဲမှာရွေးကောက်ပွဲအလွန်ကာလမှာ ဦးစားပေးဆောင်ရွက်မယ့်အကြောင်းအရာတွေကို ဖော်ပြထားပါတယ်။
“ယခုကျင်းပမည့် ရွေးကောက်ပွဲသည် သာမန်အခြေအနေတွင်ကျင်းပရသည့်ရွေးကောက်ပွဲများကဲ့သို့ မဟုတ်ဘဲ ရွေးကောက်ပွဲအလွန်တွင် မည်သည့်အကြောင်းအရာများကို ဦးစားပေးဆောင်ရွက်ကြမည်ဆိုသည်က အလွန်အရေးကြီးသည်ဟု ယုံကြည်သည်”လို့ ပြည်သူ့ပါတီရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာဖော်ပြပါတယ်။
ကြေညာချက်မှာ နံပါတ်-၂မှာ ပြည်သူ့ပါတီအနေနဲ့ နိုင်ငံရေး၊စစ်ရေး၊ ပဋိပက္ခတွေနဲ့ပြည်သူတို့ရဲ့ နေ့စဉ်ဘဝလုံခြုံရေး၊ စားဝတ်နေရေးကိစ္စတွေကိုလည်း အဓိကဦးစားပေးဆောင်ရွက်မှာဖြစ်ကြောင်းနဲ့ ကွဲကွာနေတဲ့မိသားစုတွေပြန်လည်စုံဆည်းရေး၊ ငြိမ်းချမ်းတဲ့နည်းလမ်း၊နိုင်ငံရေးနည်းလမ်းတွေနဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်မယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် စစ်ဘေးရှောင်နေရပ်စွန့်ခွာသူတွေ လုံခြုံစိတ်ချစွာပြန်လည်အခြေချနေထိုင်နိုင်ရေးနဲ့ ငြိမ်းချမ်းရေး အပစ်ခတ်ရပ်စဲရေးဆွေးနွေးညှိနှိုင်းမှုတွေ အောင်မြင်အောင်ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။
ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ-USDP ဥက္ကဌဦးခင်ရီကလည်း “မှတပါးအခြားမရှိ ကျနော်တို့ပါတီကို မဲပေးကြပါ”လို့ မဲဆွယ်လာပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီ-PPPက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကလည်း သူတို့လူမှုကွန်ရက်တွေကနေ မဲဆွယ်စည်းရုံးရေးသားမှုတွေကို ဖော်ပြလာကြပါတယ်။
“ယုံကြည်ပေးပါ ကြိုးစားပြပါမယ်”လို့ PPPပါတီကဝင်ပြိုင်မယ့် ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ထက်ထက်စိုးဦးကလည်း ပြောထားပါတယ်။

မဲဆွယ်စည်းရုံးရေးကာလမတိုင်ခင်ကလည်း ပါတီဥက္ကဌတွေဟာ သူတို့ပါတီလူမှုကွန်ရက်စာမျက်နှာတွေကနေ ဟောပြောမှုတွေ၊ စည်းရုံးရေးတွေ၊ ပါတီလှုပ်ရှားမှု၊ လူထုနဲ့တွေ့ဆုံမှုတွေကို နေ့စဉ်နီးပါးဖော်ပြခဲ့ကြပါသေးတယ်။
ရွေးကောက်ပွဲဥပဒေပါ ပြဌာန်းချက်မှာတော့ သတ်မှတ်ကာလအတွင်း စည်းမျဉ်းစည်းကမ်းချက်တွေနဲ့အညီသာ မဲဆွယ်စည်းရုံးကြဖို့ ပါဝင်ပါတယ်။
စစ်အုပ်စုရွေးကောက်ပွဲဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေဟောပြောစည်းရုံးမှုတွေကို ဒီနေ့ည ၇နာရီကစပြီး စစ်အုပ်စုထိန်းချုပ်ထားတဲ့ မြန်မာ့အသံအပါအဝင် TV၊ရေဒီယိုတွေမှာ စတင်ဖော်ပြတော့မှာဖြစ်ကြောင်းလည်းကြေညာထားပါတယ်။
လာမယ့် ဒီဇင်ဘာ ၂၈ရက်မှာကျင်းပမယ့်စစ်အုပ်စုရွေးကောက်ပွဲအတွက် ဝင်ပြိုင်မယ့်ပါတီ ၅၇ပါတီက ကိုယ်စားလှယ်လောင်းတွေနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေအပါအဝင် ကိုယ်စားလှယ်လောင်း ငါးထောင်ကျော်ရှိနေပါတယ်။







Comments