ကရင်ပြည်နယ်အတွင်း စစ်အုပ်စုရွေးကောက်ပွဲကျင်းပနိုင်ရေး ကူညီမယ်လို့ BGFကြေညာ
- BVJ
- 3 days ago
- 1 min read
ယူဂရင်း/BVJ_ စက်တင်ဘာ ၅၊ ၂၀၂၅

လာမယ့် ဒီဇင်ဘာမှာကျင်းပမယ့် စစ်အုပ်စုရဲ့ရွေးကောက်ပွဲကို ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)အနေနဲ့ အပြည့်အဝထောက်ခံတယ်လို့ ကြေညာချက်ထုတ်လာပါတယ်။
စစ်အုပ်စုရဲ့ရွေးကောက်ပွဲဟာ နိုင်ငံအနာဂတ်အတွက် ဒီမိုကရေစီစနစ်ကိုဦးတည်ကာ ပြည်သူတွေရဲ့တည်ငြိမ်အေးချမ်းလုံခြုံတဲ့ဘဝကို ဖန်တီးနိုင်ဖို့အရေးပါတယ်လို့ နားလည်ခံယူထားတယ်လို့ BGF ဗဟိုအကြံပေးနဲ့ကွပ်ကဲရေးအဖွဲ့ရဲ့ စက်တင်ဘာ ၃ရက်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါကြောင့်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေအပေါ်ခွဲခြားမှုမရှိဘဲ တရားမျှတစွာကူညီပြီး မဲဆန္ဒရှင်တွေမဲပေးခွင့်အပေါ် အန္တရာယ်မရှိစေဖို့အထူးအလေးထားကူညီပြီး ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲတည်ငြိမ်လုံခြုံတရားမျှတစွာကျင်းပနိုင်ရေးနဲ့ အားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်ရေး ကူညီမယ်လို့လည်း ဆိုထားပါတယ်။
လာမယ့် ဒီဇင်ဘာ ၂၈မှာကျင်းပမယ့် စစ်ကောင်စီရဲ့ရွေးကောက်ပွဲအပိုင်း-၁မှာ ကရင်ပြည်နယ်အတွင်းက ဘားအံ၊ သံတောင်ကြီးနဲ့မြဝတီမြို့နယ်တို့ပါဝင်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး-KNUကလည်း စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲသာဖြစ်ပြီး ပြည်သူတရပ်လုံးရဲ့ သဘောထားကိုဆန့်ကျင် အကြမ်းဖက်ခြိမ်းခြောက်၊ အတင်းအဓမ္မဖမ်းဆီးစတာတွေကို ကျူးလွန်ကာလုပ်မယ့် ရွေးကောက်ပွဲဖြစ်တာကြောင့် တပ်မဟာ-၆ နယ်မြေအတွင်းရှိ လူပုဂ္ဂိုလ်၊ ဘာသာရေးခေါင်းဆောင်၊ လူမှုအဖွဲ့အစည်း၊ NGOs၊ INGOsတွေအနေနဲ့ ရွေးကောက်ပွဲကိုကူညီပံ့ပိုးပူးပေါင်းပါဝင်ရင် ကော်သူးလေဥပဒေနဲ့အရေးယူမယ်လို့ သြဂုတ်လ ၃၀ရက်မှာ ကြေညာထားပါတယ်။
KNU တပ်မဟာ-၆ဟာ ကျုံဒိုး-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကနေ တောင်ဘက် တနင်္သာရီတိုင်း ရေဖြူမြို့နယ်နဲ့ အရှေ့ဘက်ထိုင်းနယ်စပ်ကနေ အနောက်ဘက် အမှတ် ၈ ကားလမ်းမကြီးအထိ စစ်ရေးလှုပ်ရှားနေတာဖြစ်ပါတယ်။
Comments