ရွေးကောက်ပွဲသုံးပိုင်းလုံးအောင်မြင်ခဲ့ပြီဖြစ်တာကြောင့် မတ်လကုန်မှာ အစိုးရသစ်တက်လာမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ဆို
- BVJ

- Jan 26
- 1 min read
ယူဂရင်း/BVJ_ဇန်နဝါရီ ၂၆၊ ၂၀၂၆

စစ်အုပ်စုကကျင်းပတဲ့ရွေးကောက်ပွဲအပိုင်း-၁၊၂နဲ့၃တို့ကို အောင်မြင်စွာကျင်းပပြီးခဲ့ပြီဖြစ်တာကြောင့် လာမယ့်မတ်လကုန်မှာ အစိုးရသစ်တက်လာမှာဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲကိုလူငယ်၊လူရွယ်တွေအပါအဝင် ပြည်သူတွေတခဲနက်လာရောက်မဲပေးကြကြောင်းနဲ့ စိတ်ဝင်စားတာကိုတွေ့ရကြောင်းကိုလည်း စစ်ခေါင်းဆောင်ကပြောပါသေးတယ်။
ဒါကြောင့် အစိုးရသစ်တစ်ရပ်မဖွဲ့စည်းမီကြားကာလအတွင်း မန္တလေးမြို့သာယာလှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေနဲ့ ငလျင်ဘေးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလုပ်ဆောင်ဖို့နဲ့ ကြားကာလ နှစ်လတာအတွင်း ဆောင်ရွက်ပြီးစီးနိုင်မယ့် မြို့သာယာလှပရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်ဖို့ဆိုပြီး
မနေ့က ဇန်နဝါရီ ၂၅ရက် ရွေးကောက်ပွဲအပိုင်း-၃ကျင်းပတဲ့နေ့မှာ မန္တလေးကိုရောက်နေတဲ့စစ်ခေါင်းဆောင်ဟာ မန္တလေးတိုင်းအတွင်းက စစ်အုပ်စု အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ စည်ပင်သာယာရေးကော်မတီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာပြောခဲ့တာပါ။
ရွေးကောက်ပွဲအောင်မြင်ခဲ့တယ်လို့စစ်ခေါင်းဆောင်ကပြောခဲ့ပေမယ့် ရွေးကောက်ပွဲသုံးပိုင်းလုံးကျင်းပချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် စစ်အုပ်စုတပ်ဖွဲ့ဝင်တွေနဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေသေဆုံးမှုတွေရှိခဲ့ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲမတိုင်ခင်မှာလည်း ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် ရွေးကောက်ပွဲလုပ်မယ့်ဒေသတွေကို နေ့စဉ်ရက်ဆက်ဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှု၊ အင်အားသုံးစစ်ကြောင်းထိုးမှုတွေကို စစ်အုပ်စုကလုပ်ဆောင်ခဲ့တာပါ။
ပြီးတော့စစ်အုပ်စုက ၂၀၂၅၊ ဇူလိုင်လမှာ ပြန်ဌာန်းခဲ့တဲ့ “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ"နဲ့ ပြည်သူတွေကိုဖမ်းဆီးထောင်ချမှုတွေလုပ်ခဲ့ပြီး အဲ့ဒီထဲမှာ
ရွေးကောက်ပွဲကန့်ကွက်ကြောင်းနဲ့ပတ်သက်တဲ့ facebook ပိုစ့်တွေမှာ reactionပေးသူတွေကိုပါ ဖမ်းဆီးထောင်ချတဲ့အထိ စစ်အုပ်စုကလုပ်ခဲ့ပါတယ်။
ရွေးကောက်ပွဲအပိုင်း-၃မကျင်းပခင်ရက်ပိုင်းအလို ဇန်နဝါရီ ၁၉ရက်အထိမှာပဲ ရွေးကောက်ပွဲကို ပျက်ပြားအောင် ဆန့်ကျင်သူ ၄၀၄ ဦးကိုဖမ်းဆီးအရေးယူထားပြီး အဲ့ဒီထဲမှာအမျိုးသား ၃၂၄ ဦးနဲ့ အမျိုးသမီး ၈၀ ဦးပါဝင်ကြောင်းနဲ့ ဖမ်းဆီးထားသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေအပါအဝင် သေဒဏ်အထိချမှတ်နိုင်တဲ့ ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေနဲ့ အရေးယူထားတာဖြစ်တယ်လို့ စစ်အုပ်စုက ဇန်နဝါရီလ ၂၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။




Comments