top of page

ရွေးကောက်ပွဲအပိုင်း-၂မှာ တိုက်ခိုက်မှုတွေပိုပြင်းထန်လာ

  • Writer: BVJ
    BVJ
  • 1 day ago
  • 1 min read

မိုနာ/BVJ_ဇန်နဝါရီ ၁၂၊ ၂၀၂၆

‌ရွေးကောက်ပွဲအပိုင်း-၂မှာ ရန်ကုန်ကမဲရုံမှာ စစ်ခေါင်းဆောင်ရောက်နေပုံ
‌ရွေးကောက်ပွဲအပိုင်း-၂မှာ ရန်ကုန်ကမဲရုံမှာ စစ်ခေါင်းဆောင်ရောက်နေပုံ

မနေ့က ဇန်နဝါရီ ၁၁ရက်မှာကျင်းပခဲ့တဲ့ စစ်အုပ်စုရဲ့ရွေးကောက်ပွဲအပိုင်း-၂မှာ နှစ်ဖက်တိုက်ခိုက်မှုအခြေအနေတွေဟာ ပိုပြီးပြင်းထန်လာပါတယ်။

 

ရွေးကောက်ပွဲအပိုင်း-၂ကို နိုင်ငံတဝန်းက မြို့နယ်ပေါင်း ၁၀၀မှာကျင်းပခဲ့တာဖြစ်ပြီး အဲ့ဒီထဲကမြို့နယ်အများစုဟာ တိုက်ပွဲတွေဖြစ်နေသလို စစ်ဘေးကြောင့် ဒေသခံတွေနေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒေသတွေလည်းပါဝင်ပါတယ်။

 

စစ်အုပ်စုရဲ့ဒီတခေါက်ရွေးကောက်ပွဲမှာ ပဲခူးတိုင်းနဲ့မကွေးတိုင်းအတွင်းက မဲရုံ၊ရဲစခန်းနဲ့စစ်အုပ်စု အခြေစိုက်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်မှုတွေရှိခဲ့တာကြောင့် စစ်အုပ်စုဘက်ကလူတွေ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။

 

ရွေးကောက်ပွဲအပိုင်း-၂ကျင်းပနေတဲ့ နေ့လယ်မှာ မကွေးတိုင်း သရက်ခရိုင် ၊ ကံမမြို့နယ်အတွင်းမှာ မဲရုံတွေကိုလိုက်လံစစ်ဆေးခဲ့တဲ့ မြို့နယ်အုပ်ချုပ်​ရေးမှူးနဲ့အဖွဲ့ဟာပစ်ခတ်တိုက်ခိုက်ခံရပြီး အဲ့ဒီတိုက်ခိုက်မှုကြောင့် ကံမမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးဇော်မင်းနိုင်ဆိုသူသေဆုံးခဲ့ပြီး သူ့ရဲ့ယာဉ်မောင်းဆိုသူလည်း ဒဏ်ရာရခဲ့ပါတယ်။

 

မကွေးဒေသခံတစ်ဦးကတော့”ပစ်ခတ်မှုတွေဖြစ်ပြီး သေကြတယ်လို့တော့ကြားတယ်။ ဘယ်နယောက်သေလဲဆိုတာတော့ အတိအကျမသိပါဘူး။မင်းဘူး-စလင်းနဲ့ဂန့်ဂေါမှာတော့ ရွေးကောက်ပွဲမတိုင်ခင်ထဲက စစ်တပ်ဘက်ကပစ်နေတာတောက်လျောက်ပဲ။ ညမှာလည်းပစ်တယ်”လို့ Burma VJကိုပြောပါတယ်။

 

စလင်း ဒေသတွင်းအခြေအနေတွေကိုဖော်ပြနေတဲ့ ပြည်သူ့ညီနောင်-စလင်းမှာ‌တော့ စစ်အုပ်စုဟာ ဇန်နဝါရီ၉ရက်ကစပြီး ဆင်ဖြူကျွန်းမြို့မြောက်ဘက်နဲ့ စလင်းချောင်းမြောက်ဘက်ကကျေးရွာတွေကို အသေခံ Droneတွေ၊ဗုံးသီးတွေနဲ့တိုက်ခိုက်ခဲ့တာကြောင့် ရွာလယ်မှာပေါက်ကွဲပြီး ဒေသခံလေးဦးနဲ့ထိမှန်ကာဒဏ်ရာရခဲ့သလို နွားသုံးကောင်လည်းသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၁၀ရက်နေ့ ညဆယ်နာရီခွဲအချိန်မှာလည်း စစ်‌ရှောင်တွေရှိတဲ့ နွယ်တမယ်စစ်ရှောင်နေရာကို ဗုံးသီးတွေနဲ့ပစ်ခဲ့တာကြောင့် ပြည်သူ ၁၈ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

 

မကွေး၊ စလင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်အုပ်စုပစ်ခတ်အပြီးမြင်တွေ့ရပုံ။(ဓါတ်ပုံ-ပြည်သူ့ညီနောင်-စလင်း)
မကွေး၊ စလင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်အုပ်စုပစ်ခတ်အပြီးမြင်တွေ့ရပုံ။(ဓါတ်ပုံ-ပြည်သူ့ညီနောင်-စလင်း)

ဂန့်ဂေါမြို့နယ်မှာတော့ ဂန့်ဂေါမြို့အခြေစိုက် စစ်တပ်ခြေလျင်တပ်ရင်း ခလရ ၅၀နဲ့ ဝန်ထမ်းအိမ်ရာနေရာတွေကို ဒီဇင်ဘာ ၁၀ရက်နဲ့ ၁၁ရက်မှာ ဂန့်ဂေါခရိုင်စစ်ဌာန လက်အောက်ခံတပ်ရင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တွေကပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီပစ်ခတ်မှုတွေဖြစ်ပြီးနောက် ရွေးကောက်ပွဲနေ့မှာလမ်းမပေါ်လူရှင်းနေတယ်လို့ ဒေသအခြေစိုက်သတင်းတွေက ဖော်ပြပါတယ်။

 

ရွေးကောက်ပွဲအပိုင်း-၂အတွက်ပြင်ဆင်နေတဲ့ စစ်အုပ်စုရွေးကောက်ပွဲအဖွဲ့ဝင်တွေကို မကွေးတိုင်း၊ မြို့သစ်မြို့နယ် ရွှေပန်းကျေးရွာနားကကန်ပြားလမ်းပိုင်းတနေရာမှာ အခုလ ဇန်နဝါရီ ၆ရက် နေ့လယ်တစ်နာရီအချိန်မှာ နေပြည်တော်PDFက ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် မြို့နယ်ရဲမှူး ထွန်းလင်းအောင်၊ ကော်မရှင်အရာရှိတစ်ယောက်၊ တပ်ကြပ်ငါးယောက်၊ ဒုရဲအုပ်တစ်ယောက် ပေါင်းရှစ်ယောက်သေဆုံးခဲ့တယ်လို့ နေပြည်တော်PDFက Burma VJကိုပြောထားပါတယ်။

 

ပဲခူးတိုင်းအတွင်းမှာတော့ ဖြူးမြို့နယ်၊ ရန်ကုန် - မန္တလေးလမ်းဟောင်းပေါ်ရှိစစ်အုပ်စုရဲ့ ဆာဂွန်းဂိတ်အထိုင်စခန်း၊ ထန်းတပင်မြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးရုံး၊ ထန်းတပင်မြို့နယ်ရဲစခန်း တို့ကို ရွေးကောက်ပွဲကျင်းပတဲ့နေ့ ဇန်နဝါရီ ၁၁ရက်မှာ NUGရဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်က တိုက်ခိုက်ခဲ့တယ်လို့ အမှတ်-၂စစ်ဆင်ရေးနယ်မြေPDFက ထုတ်ပြန်ပါတယ်။ 

 

အထွေထွေအုပ်ချုပ်ရေးရုံးကိုတိုက်ခိုက်မှုအတွင်းမှာ အစည်းအဝေးပြုလုပ်‌နေတဲ့ စစ်အုပ်စုရဲ့ ခရိုင် ဒု - ညွှန်ကြားရေးမှူး (၁)ဦးသေဆုံးပြီး တခြားဌာနဆိုင်ရာဝန်ထမ်းအများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်းနဲ့ ထန်းတပင်မြို့နယ်ရဲစခန်းကိုတိုက်ခိုက်မှုအတွင်းမှာတော့ စစ်အုပ်စုတပ်ဖွဲ့ဝင် (၂)ဦးသေဆုံးပြီး ဗိုလ်မှူး(၁)ဦး အပါအဝင် တပ်ဖွဲ့ဝင်(၃)ဦးခန့် ထိခိုက်ခဲ့တယ်လို့လည်းဖော်ပြပါတယ်။

 

ပဲခူးတိုင်းအတွင်း စစ်ဆင်ရေးလုပ်ခဲ့ကြောင်း PDF အမှတ်-၂စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ထားပုံ။
ပဲခူးတိုင်းအတွင်း စစ်ဆင်ရေးလုပ်ခဲ့ကြောင်း PDF အမှတ်-၂စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ထားပုံ။

ဒါ့အပြင် ပဲခူးတိုင်းအနောက်ခြမ်း၊သာယာဝတီခရိုင် မင်းလှမြို၊လမ်းမတော်လမ်း တရုတ်ဘုံကျောင်း အတွင်းကမဲရုံကိုလည်း ရွေးကောက်ပွဲနေ့ မနက်အစောပိုင်း ၄း၃၀အချိန်မှာ သာယာဝတီခရိုင် ၃၈၀၂တပ်ရင်း တပ်ခွဲ၄ မြိုပြပြောက်ကျားတပ်ဖွဲ-အုတ်ဖိုနဲ့ မင်းလှ မြိုနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မိုင်းခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

 

“တိုက်ခိုက်မှုအတွင်း ထိခိုက်မှုအားဆုံစမ်းဆဲဖြစ်ပါသည်။ မိမိတိုတပ်ဖွဲအနေဖြင့် အကြမ်းဖက်စစ်တပ်မှပြုလုပ်သည့် တရားမဝင်ရွေးကောက်ပွဲအား ကန့်ကွက်ရှုတ်ချပါသည်။ ထိုအတူ အတရားမဝင်ရွေးကောက်ပွဲကိုအားပေးကူညီသူများအား ပြင်းပြင်းထန်ထန်တိုက်ခိုက် သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်”လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ပြောထားပါတယ်။

 

ပေါင်းတည်မြို့နယ်အတွင်းကနေရာသုံးခုမှာလည်း စစ်အုပ်စုရွေးကောက်ပွဲကိုလုံခြုံရေးယူပေးနေတဲ့ တပ်ဖွဲ့ဝင်တွေကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ပေါက်တောရွာရှိ စစ်တပ် ခမရ(၁၀)တပ်ရင်းကိုလည်း အဲ့ဒီနေ့ ဇန်နဝါရီလ ၁၁ရက်နေ့မှာပဲ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အမှတ်-၂စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ထားပါတယ်။

 

အခုစစ်ဆင်ရေးတွေကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၃) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၅၀၂) တပ်ရင်း၊ ဒရုန်းအဖွဲ့၊ ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၈၀၂) တပ်ရင်း၊ တပ်ခွဲ(၄)၊ ဗျူဟာ(၂၁) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၆၀၁) တပ်ရင်း၊ အမှတ်(၃) ဧရာဝတီတပ်ရင်း၊ ဖြူးမြို့နယ်ပကဖ၊ မင်းလှမြို့နယ်ပကဖတို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့ သိရပါတယ်။

 

တဖက်မှာလည်း စစ်အုပ်စုကရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲမတိုင်မီထဲက စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေကိုဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဇန်နဝါရီ ၁၀ရက်နေ့ ညဘက်မှာ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရွာတွေကို လေကြောင်းကနေ စက်တပ်လေထီးနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်း ၁၁နှစ်နဲ့၁၃နှစ်ကလေးနှစ်ဦးနဲ့ အသက် ၃၀အရွယ်အမျိုးသားတို့သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။

 

ချောင်းဦးမြို့နယ် မြို့ပေါ် ရပ်ကွက် ၆ခုမှာ ရွေးကောက်ပွဲအပိုင်း-၂ကျင်းပမယ်လို့ စစ်အုပ်စုကကြေညာထားတာပါ။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ရက်ကကျင်းပခဲ့တဲ့ စစ်အုပ်စုရဲ့ရွေးကောက်ပွဲအပိုင်း-၁မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်မှုတွေရှိခဲ့တာကြောင့် စစ်အုပ်စုအဖွဲ့ဝင်တွေထိခိုက်သေဆုံးမှုရှိခဲ့တာကို စစ်အုပ်စုအဖွဲ့ဝင်တွေကဝန်ခံထားကြပါတယ်။ ဒါကြောင့် အခုတခေါက် အပိုင်း-၂မှာတော့ စစ်အုပ်စုဟာ လုံခြုံရေးကိုအရင်တခေါက်ထက်ပိုတင်းကြပ်ထားသလို လေကြောင်းတိုက်ခိုက်မှုတွေကိုလည်းပိုပြီး ပြင်းပြင်းထန်ထန်လုပ်ခဲ့ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page