ရွေးကောက်ပွဲအပိုင်း-၁နေ့ ရန်ကုန်၊မန္တလေးအပါအဝင် တိုင်းနဲ့ပြည်နယ် ငါးခုထက်မနည်းမှာ တိုက်ခိုက်ခံရ
- BVJ

- Dec 28, 2025
- 1 min read
BVJ/မိုနာ_ဒီဇင်ဘာ ၂၈၊ ၂၀၂၅

အာဏာသိမ်းစစ်အုပ်စုကကျင်းပနေတဲ့ ဒီနေ့ ဒီဇင်ဘာ ၂၈ရက် ရွေးကောက်ပွဲအပိုင်း-၁နေ့မှာ လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်၊မန္တလေးအပါအဝင် မကွေး၊ထားဝယ်နဲ့ကရင်နီတို့မှာ ရှေ့ာတိုက်ဒုံးတွေနဲ့ပစ်ခတ်ခံရတာဖြစ်ပါတယ်။
ရန်ကုန်၊ ကမာရွတ်မြို့နယ် (၃)ရပ်ကွက်မှာ ဒီနေ့ ၂၈ရက်နေ့ မနက်အစောပိုင်း ၂း၄၅အချိန်မှာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးကို ပြင်းအားမြင့်မိုင်းနှစ်လုံးတို့နဲ့ Yangon Army-YAနဲ့ အနောက်ပိုင်းခရိုင်ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တိုက်ခိုက်ခဲ့တဲ့အဖွဲ့ YAက ထုတ်ပြန်ပါတယ်။
အလားတူပဲ မန္တလေးနန်းတွင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကို ၁၀၇မမရှော့ဒုံးတွေနဲ့ ဒီနေ့မနက် အစောပိုင်း တစ်နာရီအချိန်မှာ တိုက်ခိုက်ခဲ့ကြောင်းကို ပါဝင်တိုက်ခိုက်ခဲ့တဲ့အဖွဲ့တွေက ထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုဟာ စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲကို သဘောမတူဆန့်ကျင်ကြောင်းပြသတဲ့အနေနဲ့ လပခအတွင်းကိုပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကို Brave Warriors for Myanmar-BWMအဖွဲ့ ဦးဆောင်မှုနဲ့ No Mora Dictatorship(NMD-PDF)၊ Shadow(အညာ)နဲ့ Infinity(ပူးပေါင်းအဖွဲ့)တို့ကလုပ်ဆောင်တာလို့ သိရပါတယ်။
ပစ်ခတ်မှုအတွင်း ရှေ့ာတိုက်ဒုံးငါးလုံးမှာ လေးလုံးကိုအောင်မြင်စွာတိုက်နိုင်ခဲ့ကြောင်းနဲ့ လပခထဲက နှစ်ဦးသေဆုံးခဲ့ပြီး စစ်အုပ်စုဘက်ကလည်း လက်နက်ကြီးနဲ့ပြန်ပစ်ခတ်တာကြောင့် ပြည်သူအချို့ထိခိုက်မှုအပေါ် စိတ်မကောင်းဖြစ်ရကြောင်းကိုလည်း တိုက်ခိုက်ခဲ့တဲ့အဖွဲ့တွေက ဖော်ပြပါတယ်။
ဒီတိုက်ခိုက်မှုကို စစ်အုပ်စုရဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်ကလည်း ဒီနေ့မနက်မှာအတည်ပြုဖြေကြားထားတာကိုတွေ့ရပြီး နှစ်ယောက်ထိခိုက်ကြောင်းနဲ့ စစ်ကိုင်းဘက်ကပစ်တာလို့ဖြေထားတာကိုတွေ့ရပါတယ်။
မကွေးတိုင်း၊ အောင်လံမြို့နယ်မှာလည်း စစ်တပ်ရွေးကောက်ပွဲပြုလုပ်နေချိန် ဆပ်ဆူဝရွာ စစ်တပ် စစ်ဆေးရေးဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ၉၀၂ တပ်ရင်း ၊ တပ်ခွဲ - ၃ ၊ တောင်တွင်းကြီးတပ်ခွဲက ထုတ်ပြန်ပါတယ်။
အဲ့ဒီနေရာဟာ အောင်လံမြို့နယ် သမ္ဗူလ ရဲစခန်းနဲ့ ကပစ ၁၅ကို အကာအကွယ်ပေးထားတဲ့ ဆပ်ဆူဝရွာ စစ်တပ်ဂိတ်စခန်းဖြစ်ပြီး ၆၀ မမ လက်နက်ကြီး လေးလုံးနဲ့သွားရောက်ပစ်ခတ်ခဲ့ရာ ပစ်မှတ်ကို ထိရောက်စွာပစ်ခတ်နိုင်ခဲ့တယ်လို့ ပြောထားပါတယ်။

ဒါ့အပြင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်ရှိ တိုင်းအစိုးရအဖွဲ့ရုံး ဒရုန်းနဲ့ဗုံးကြဲခံခဲ့ရကြောင်း ဒေသခံတွေက ပြောထားပါတယ်။
ဒါပေမယ့် ဒီနေ့မနက် ၇နာရီကျော်မှာ ပေါက်ကွဲသံနဲ့ပစ်ခတ်မှုတွေကြားခဲ့ရပေမယ့် လူထိခိုက်မှုမရှိခဲ့ဘူးလို့တော့ တနင်္သာရီရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးက Dawei Watch သတင်းဌာနကိုဖြေထားတာ တွေ့ရပါတယ်။
ကရင်နီ(ကယား)ပြည်၊ လွိုင်ကော်မြို့ မင်္ဂလာရပ်ကွက်နဲ့ မိုင်းလုံးရပ်ကွက်တို့မှာလည်း ရွေးကောက်ပွဲပြုလုပ်နေချိန် မဲရုံနားမှာ ဒီနေ့မနက် ဆယ်နာရီကျော်က ရှေ့တိုက်ဒုံးတွေကျရောက်ခဲ့ကြောင်းကို ဒေသတွင်းအခြေစိုက်သတင်းဌာနတွေမှာ ဖော်ပြကြပါတယ်။
အာဏာသိမ်းစစ်အုပ်စုဟာ ရွေးကောက်ပွဲကို အပိုင်း-၃ပိုင်းနဲ့ကျင်းပမှာဖြစ်ပြီး ဒီနေ့မှာ အပိုင်း-၁ကျင်းပတဲ့ ရက်ဖြစ်ပြီး မဲလာပေးသူတွေနည်းပါးကြောင်းနဲ့ မဲရုံတွေမှာရဲတွေနဲ့စစ်သားတွေကို လုံခြုံရေးချထားကြောင်းကို ရန်ကုန်မှာနေထိုင်သူတွေကပြောပါတယ်။







Comments