KNU စစ်ရေး၊ နိုင်ငံရေးအကြံပေး ဗိုလ်မှူးကြီးစောထူးထူး ကွယ်လွန်ခဲ့တာဟာ ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်း ဖဒိုစောတောနီး ပြော
- BVJ

- May 18
- 1 min read
BVJ/ထက်အောင် _ မေ ၁၈ ၊ ၂၀၂၅

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ နိုင်ငံရေးနဲ့ စစ်ရေး ဦးဆောင်အကြံပေးပုဂ္ဂိုလ်ဖြစ်သူ ဗိုလ်မှူးကြီး စောထူးထူးလေး ကွယ်လွန်ခဲ့တာဟာ KNU အနေနဲ့ ဝမ်းနည်းကြေကွဲရပြီး ခေါင်းဆောင်ကောင်းတစ်ယောက် ဆုံးရှုံးသွားရတာ ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီးက Burma VJ ကို ပြောပါတယ်။
အသက် ၇၈ နှစ်အရွယ် ဗိုလ်မှူး စောထူးထူးလေးဟာ မနေ့ မေလ ၁၇ ရက် ည ၁၀ နာရီ ၂၀ မိနစ်က မဲဆောက်မြို့ ဆွေမျိုးတစ်ဦးရဲ့နေအိမ်မှာ အူမကြီးကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ Karen Information Center ကလည်း ဖော်ပြထားပါတယ်။
ဗိုလ်မှူးကြီး စောထူးထူးလေးဟာ ၁၉၇၉ ခုနှစ် မေလကတည်းက ကရင့်တော်လှန်ရေးနယ်မြေထဲကို စတင်ဝင်ရောက်ခဲ့ပြီး ကွယ်လွန်ချိန်အထိ KNU အဖွဲ့နဲ့အတူ ကရင့်အမျိုးသားအရေးနဲ့ မြန်မာ့ဒီမိုကရေစီအရေးအတွက် အားထုတ်ကြိုးပမ်းခဲ့သူတစ်ဦးဖြစ်တယ်လို့လည်း ဖဒိုစောတောနီးက ပြောပါတယ်။
“၁၉၇၉ လောက်မှာပဲ တော်လှန်ရေးနယ်မြေထဲ ရောက်လာခဲ့တယ်။ မျိုးရိုးကတော့ တကယ့်တော်လှန်ရေးစတင်ခဲ့တဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့မျိုးဆက်ကနေ လာတာပေါ့။ အထူးသဖြင့် အင်းစိန်တိုက်ပွဲမှာ နာမည်ကျော်ကြားတဲ့မျိုးဆက်ကနေ ပါလာခဲ့တာပေါ့။ KNDO မှာတော့ ဒုတိယစစ်ဦးစီးချုပ်အနေနဲ့ရသွားတယ်။ ရာထူးကတော့ ဗိုလ်မှူးကြီးအဆင့်ပေါ့။ နောက်ပြီးတော့ KNU အစည်းအရုံးထဲမှာကျတော့ အထွေထွေအတွင်းရေးမှူး ၁ နေရာမှာလည်း တာဝန်ထမ်းဆောင်ခဲ့တာ”လို့ ဖဒိုစောတောနီးက ဗိုလ်မှူးကြီး စောထူးထူးနဲ့ပတ်သက်ပြီး Burma VJ ကို ပြောပါတယ်။
ဗိုလ်မှူးကြီး စောထူးထူးလေးဟာ ဥပဒေပညာရှင်တစ်ဦးဖြစ်ပြီး KNU ရဲ့ စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ လူမှုကယ်ဆယ်ရေးကဏ္ဍတွေမှာ အရေးပါတဲ့တာဝန်ထမ်းတွေကို ထမ်းဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ ၂၀၀၈ ခုနှစ် KNU ခေါင်းဆောင် အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာ လုပ်ကြံခံရချိန် အဲဒီအချိန်က ဗိုလ်မှူးကြီး စောထူးထူးက တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ရတာလည်း ဖြစ်ပါတယ်။
ဗိုလ်မှူးကြီး KNU အဖွဲ့အစည်းအတွင်းမှာ ပညာတတ်ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး စစ်ရေးနဲ့ နိုင်ငံရေးမှာ ဗဟာဗျူဟာကျကျ စဉ်းစားတွေးခေါ်တတ်သူတစ်ဦးဖြစ်သလို လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ရာမှာလည်း မဟာဗျူဟာကျကျ စဉ်းစားတွေးခေါ်လုပ်ဆောင်ဖို့ကိုလည်း သွန်သင်ဆုံးမတတ်သူတစ်ဦးဖြစ်တယ်လို့ ဖဒိုစောတောနီးက ပြောပါတယ်။
သူဟာ ရန်ကုန်တက္ကသိုလ်ကနေ ရှေ့နေဘွဲ့ရရှိခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးမှာ ရှေ့နေစာမေးပွဲကို ပထမအဆင့်နဲ့ အောင်မြင်ခဲ့သူတစ်ဦးဖြစ်ခဲ့ပေမဲ့ ကရင့်တော်လှန်ရေးနယ်မြေထဲ ရောက်ရှိလာချိန် အောက်ခြေစစ်သားဘဝကနေ အောက်သက်ကြေကြေနဲ့ တဆင့်ပြီးတဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီး KNU အထွေထွေအတွင်းရေးမှူးနဲ့ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) ဒုတိယစစ်ဦးစီးချုပ်အဖြစ် ဗိုလ်မှူးကြီးအဆင့်နဲ့ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
KNU နိုင်ငံရေးနဲ့ စစ်ရေးအကြံပေးပုဂ္ဂိုလ်ဖြစ်သူ ဗိုလ်မှူးကြီး စောထူးထူး ကွယ်လွန်ခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ဒီနေ့ မေလ ၁၈ ရက်မှာ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ထားပြီး ဘဝတလျှောက်လုံး ကရင့်အမျိုးသားအရေးနဲ့ မြန်မာ့ ဒီမိုကရေစီရေးအတွက် အားထုတ်ကြိုးပမ်းခဲ့သူ၊ ဥပဒေပညာရှင်တစ်ဦးအနေနဲ့လည်း စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ လူမှုကယ်ဆယ်ရေးကဏ္ဍတွေမှာ အရေးပါတဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်တယ်လို့လည်း သဝဏ်လွှာမှာ ရေးသားဖော်ပြထားပါတယ်။











Comments