top of page

ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးနဲ့ ရွေးကောက်ပွဲ တရားမျှတမှု

  • Writer: BVJ
    BVJ
  • Jul 4
  • 2 min read

BVJ/အေတီ

ree

ထိုင်းနိုင်ငံ ဖွဲ့စည်းပုံဆိုင်ရာခုံရုံးက ဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ် ကို ကျင့်ဝတ်ပိုင်းဆိုင်ရာ ချိုးဖောက်မှုစွပ်စွဲချက်နဲ့  ဇူလိုင်၁ ရက်နေ့မှာ ရာထူးကဆိုင်းငံ့ခဲ့ပါတယ်။


ကမ္ဘောဒီးယားနိုင်ံခေါင်းဆောင်ဟောင်း ဟွန်ဆန်နဲ့ပေထုန်တန်ရှင်နာဝပ်တို့  ဇွန်၁၅ရက်နေ့က တယ်လီဖုန်းနဲ့ပြော့ အသံ ပေါက်ကြားတဲ့ကိစ္စ အထက် လွှတ် တော်အမတ် ၃၆ ဦးက ဖွဲ့စည်းပုံခုံရုံးကို တိုင်ကြားခဲ့ပါတယ်။အဲ့ဒီ တိုင်ကြားစာကို ဖွဲ့စည်းပုံခုံရုံးက လက်ခံအပြီး ရက်ပိုင်း အတွင်းမှာပဲ အထက်ပါ ဆုံးဖြတ်ချက်ချမှတ်ခဲ့တာဖြစ်ပါတယ်။ 


ပေထုန်တန်ရှင်နာဝပ်လို ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးအာဏာရရှိထားတဲ့ ဝန်ကြီးချုပ်တစ်ယောက်ကို  ရာထူးက အလွယ်တကူ ဆိုင်းငံ့နိုင်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ လုပ်ပိုင်ခွင့်နဲ့ ပတ်သက် ပြီးတော့ လတ်တလောမှာ ဝေဖန်ဆန်းစစ်မှုတွေတိုးလာနေပါတယ်။


 တဖက်မှာလဲ စည်းပုံအ ခြေခံဥပဒေခုံရုံးက စစ်တပ်နဲ့ ဘုရင်ကို မထောက်ခံတဲ့ အတိုက်အခံတွေ အစိုးရ မဖွဲ့စည်း နိုင်အောင်၊ သူတို့ရဲ့ နိုင်ငံရေးသမားဘဝ နလန်မထူ အဆုံးသတ်သွားအောင် လုပ်ဆောင်နေတဲ့ ယန္တရားတစ်ခုဖြစ်နေပီဆိုတဲ့  သုံးသပ်မှုတွေလဲ ထွက်ပေါ်နေပါတယ်။


ဖွဲ့စည်းပုံခုံရုံးက ရာထူးကထုတ်ပယ်ခဲ့တာ ဝန်ကြီးချုပ်တွေက ပေထုန်တန်ရှင်နာဝပ် တစ်ဦးတည်း မဟုတ်ပါဘူး။ သူမတိုင်ခင်  ထိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဆေထာထဝီစင်ဟာလဲ  အာဏာရပြီး တစ်နှစ်မပြည့်သေးခင်မှာတင် ရာထူးက ထုတ်ပယ်ခံခဲ့ရပါတယ်။ အကျင့်ပျက်မှုနှင့် ထောင် ကျဖူးတဲ့ရှေ့ နေတစ်ဦးကို ဝန်ကြီးရာထူး ခန့်အပ်ခဲ့မှုကို အကြောင်းပြပြီး သူ့ကို ရာထူးက ထုတ်ပယ်ခဲ့တာပါ။


၂၀၂၄ ခုနှစ် သြဂုတ်မှာ ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးကချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်နှစ်ခုက ထိုင်းနိုင်ငံရေးလမ်းကြောင်းအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။


တိုးတက်တဲ့ အမြင်ရှိတဲ့ လူငယ်တွေဦးဆောင်တဲ့  ရှေ့သို့ချီ Move Forward ပါတီ ကို ဘုရင်စနစ် ကို ပုန်ကန်နေတယ်ဆိုတဲ့  စွပ်စွဲချက်နဲ့သြဂုတ်လ ၇ ရက်နေ့မှာ  ဖျက်သိမ်း ခဲ့ပါ တယ်။အဲ့ဒီကိစ္စဖြစ်ပြီး တပတ်အကြာမှာ အာဏာရပါတီ ဖွေထိုင်းပါတီ (PTP) ဦးဆောင်တဲ့  ညွန့်ပေါင်းအစိုးရရဲ့  ဝန်ကြီးချုပ် ဆေထာထဝီစင်ကို ခုံရုံးက ရာထူးက ထုတ်ပယ်ခဲ့ပါတယ်။


ထိုင်းဖွဲ့စည်းပုံခုံရုံးက ၂၀၀၆ခုနှစ်ကစပြီး ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံးနဲ့  မဲအများဆုံးရရှိခဲ့ပြီး အစိုးရဖွဲ့ခွင့်မရခဲ့တဲ့ Move Forward ပါတီ အပါအဝင် ပါတီ၂၃ပါတီ  ဖျက် သိမ်းခဲ့ပါတယ်။

“ဒါက ထိုင်းနိုင်ငံရေးမှာ ထပ်တလဲလဲ ဖြစ်လာနေတဲ့ ပုံစံတစ်ခုလို ဖြစ်လာနေပြီ … ဒါကဖြစ်သင့်တဲ့ တကယ့် နိုင်ငံရေးဖြစ်စဥ်တစ်ခုမဟုတ်ဘူး” လို့ Ubon Ratchathani တက္ကသိုလ် နိုင်ငံရေးသိပ္ပံ ကထိက Titipol Phakdeewanich က ပြောပါတယ်။


ထိုင်းအခြေခံဥပဒေခုံရုံးရဲ့ သမိုင်းကြောင်း


၁၉၉၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကနေပေါ်ထွက်လာတဲ့ တရားရုံးကို ဖျက်သိမ်းပြီး  ၂၀၀၆ ခုနှစ် ထိုင်း အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်းက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနဲ့ အစားထိုးခဲ့ပါတယ်။ထိုင်း စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာ လည်ပတ်ခဲ့တဲ့ “ဖွဲ့စည်းပုံဆိုင်ရာ ခုံအဖွဲ့ (Constitutional Tribunal)”  ဟာ ထိုင်းနိုင်ငံရေးမှာ  တဖြည်းဖြည်း အရေးပါလာတဲ့ အင်အားစုတခု ဖြစ်လာခဲ့ပါတယ်။


စစ်အာဏာသိမ်းမှုတွေနဲ့  ဖွဲ့စည်းပုံပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့တဲ့အလျှောက် ခုံရုံးရဲ့ လုပ်ပိုင်ခွင့် အာဏာကလဲ တဖြည်းဖြည်း တိုးလာခဲ့ပါတယ်။ လက်ရှိဖွဲ့စည်းပုံအရ အခြေခံဥပဒေဆိုင်ရာခုံရုံးဟာ ဒီမိုကရေစီမဆန်တဲ့  ရွေးကောက်ခံပုဂ္ဂိုလ်တွေမဟုတ်တဲ့ အထက်လွှတ်တော် ဆီးနိတ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိပါတယ်။


ထိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက်တွေထဲမှာ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းတွေကို ဥပဒေအကြောင်းပြချက်တွေရှာပြီး ရာထူးမှ ရပ်ဆိုင်းတာ၊ ဘုရင်စနစ်ပြုပြင်ပြောင်းလဲမှုကို အဆိုပြုတဲ့  နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းတာအပြင် ရွေးကောက်ပွဲရလဒ်တွေ ဖျက်သိမ်းခဲ့တာတွေလဲ ပါဝင်ပါတယ်။ 


ကျင့်ဝတ်ပိုင်းဆိုင်ရာ ချိုးဖောက်မှု  


နိုင်ငံရေးသမားတွေ ကျင့်ဝတ် ချိူးဖောက်တယ်ဆိုတဲ့ အကြောင်းပြချက်နည်းလမ်းကို သုံးပြီး  ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့  အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်တွေကို အခြေခံဥပဒေခုံရုံးက ရာထူးက ထုတ်ပယ်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် သြဂုတ်လက ဝန်ကြီးချုပ် ဆေထာထဝီစင်က  ပုဂ္ဂိုလ်တဦးကို ဝန်ကြီးရာထူး ခန့်အပ်ခဲ့တဲ့ကိစ္စမှာ  မရိုးမသားလုပ် ကျင့်ဝတ်ချိူးဖောက်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ရာထူးကထုတ်ပယ်ခဲ့ပါတယ်။


သူ့နေရာမှာ အစားထိုးပြီး ဝန်ကြီးချုပ်ဖြစ်လာတဲ့ ပေထုန်တန်ရှင်နာဝပ် ကို  လည်း ကမ္ဘောဒီး ယားနိုင်ငံ ခေါင်းဆောင်ဟောင်း ဟွန်ဆန်နဲ့ တယ်လီဖုန်းပြောတဲ့  အသံ ပေါက်ကြားမှုနဲ့  ကျင့်ဝတ်ချိုးဖောက်တယ်ဆိုတဲ့  စွပ်စွဲချက်နဲ့ ရာထူးက ဆိုင်းငံ့ခဲ့တာဖြစ်ပါတယ်။   


ဖွဲ့စည်းပုခုံရုံးက အသုံးပြုတဲ့ နောက်ထပ် နည်းလမ်းတခုကတော့ မီဒီယာကုမ္ပဏီတွေ  ရှယ်ယာတွေ ပိုင်ဆိုင်မှု ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့   ရွေးကောက်ခံ လွှတ်တော်အမတ်တွေကို တာဝန်က ရပ်ဆိုင်းတာဖြစ်ပါတယ်။ ဖွဲ့စည်းပုံခုံရုံးက မီဒီယာကုမ္ပဏီ သတ်မှတ်ချက်ကို ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ဖွင့်ဆိုထားပြီး  လူထုကို ဆက်သွယ်ပြောကြားတာနဲ့  သက်ဆိုင်တဲ့ လုပ်ငန်းတွေအားလုံး ပါဝင်တဲ့အပြင် လက်ရှိ လည်ပတ်မှုမရှိတော့တဲ့ ကုမ္ပဏီတွေလည်း ပါဝင်ပါတယ်။


၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ  အနာဂတ်ရှေ့ဆောင်ပါတီ Future Forward Party (Move Forward Party မတိုင်မီပါတီ) ခေါင်းဆောင်နဲ့ လွှတ်တော်အမတ်ဖြစ်သူ သနာသွန် ဂျူရန် ဂရွန်ဂူရန်ကစ် ကို သက်တမ်းကုန်နေတဲ့  မီဒီယာကုမ္ပဏီမှာ ရှယ်ယာပါတယ်ဆိုပြီး  ရာထူးက ရပ်ဆိုင်းခဲ့ပါတယ်။


ဒါ့အပြင်  တချိန်က ရုပ်သံလွှင့်ခွင့်လိုင်စင်ရှိဖူးပြီး လက်ရှိမှာ မလည်ပတ်တော့ သလောက်ဖြစ်နေတဲ့ ကုမ္ပဏီမှာ ရှယ်ယာပါတယ်ဆိုပြီး  MFP ပါတီ  ခေါင်းဆောင် လွှတ်တော်အမတ် ပီတာလင်ဂျာ အိုရန်ရတ်ကို ရာထူးက ရပ်ဆိုင်းဖို့  တိုင်ကြားစာ တင်သွင်းခဲ့ပါတယ်။ ပီတာရဲ့ အမှုမှာ သူ့ကုမ္ပဏီက မီဒီယာလုပ်ငန်း ဆက်မလုပ်တော့ကြောင်း ပြနိုင်တဲ့ စာရွက်စာတမ်းတွေ ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် သူ့ မှာ အပြစ်မရှိဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ် ။


အဆိုပါဖြစ်ရပ်တွေဟာ ရွေးကောက်ပွဲ တရားမျှတမှုအပေါ် အဓိကထည့်သွင်း မစဥ်းစားဘဲ ဥပဒေကို အလွဲသုံးစားပြုနေတဲ့ပုံစံပေါက်နေတဲ့အပြင် နိုင်ငံရေးအရ အကြံအစည် ရှိနေတယ်ဆိုတာ လည်း တွေ့နေရပါတယ်။ သနာသွန် အမှုက ရွေးကောက်ပွဲမှာ သိသိသာသုာ နိုင်ပြီးမှ “အကြိမ်ကြိမ် တိုင်ကြားသူ” တဦးက တိုင်ကြားခဲ့ခြင်း ဖြစ်ပြီး ပီတာရဲ့ အမှုမှာတော့  ရွေးကောက်ပွဲ မတိုင်ခင် တပတ် အလိုမှ ရှေးရိုးစွဲ တိုင်ကြားသူတဦးက တိုင်ကြားခဲ့တာဖြစ်ပါတယ်။


ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးလုပ်ချင်တဲ့ ပါတီတွေကို ပစ်မှတ်ထား


ဖွဲ့စည်းပုံခုံရုံးက ပုဒ်မ ၁၁၂ ဟာ ထိုင်း ဘုရင်စနစ် တည်မြဲရေးအတွက်  မရှိမဖြစ်လိုအပ်တဲ့အရာလို့ သတ်မှတ်ပြီး အဲ့ဒါကို ပြုပြင်ဖို့အတွက်  ခွင့်မပြုနိုင်ဘူးလို့  ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှာ ခုံရုံးကဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ယင်းကိစ္စကို ရွေးကောက်ပွဲမှာ ထည့်သွင်းမဲဆွယ်ခဲ့တဲ့ ရှေ့သို့ ချီပါတီ Move Forward Party (MFP) ရဲ့ လှုပ်ရှားမှုဟာလည်း  နိုင်ငံတော်ပုန်ကန်မှုတစ်ခုအဖြစ် ခုံရုံးဘက်က ရှုမြင်ထားပါတယ်။


ဒါကြောင့် ပါတီကို ၂၀၂၄ ခုနှစ် သြဂုတ် ၇ ရက်နေ့မှာ ဖျက်သိမ်းခဲ့ပြီး ပါတီ  အမှုဆောင်ကော်မတီ အဖွဲ့ဝင်တွေကိုလည်း  နိုင်ငံရေး လှုပ်ရှားမှုထဲ  ပါဝင်ခွင့် ၁၀နှစ်ပိတ်ပင်ခဲ့ပါတယ်။


နိုင်ငံရေးစနစ်ကို ပြုပြင်ဖို့  ကြိုးစားမှုအားလုံးကို နိုင်ငံရေးစနစ်ဖျက်ဆီးမှုအဖြစ် သတ်မှတ်တဲ့  ဖွဲ့စည်းပုံခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ ရွေးကောက်ပွဲအတွင်း နိုင်ငံရေး အယူအဆ စုံလင်မှုကို ဖိနှိပ်ခြင်း ဖြစ်သလိုထိုင်းနိုင်ငံရဲ့  ပါတီစုံ ဒီမိုကရေစီစနစ် အခြေခံတည်ရှိမှုကိုပါ ထိခိုက်စေပါတယ်။


ရွေးကောက်ပွဲရလဒ်တွေ ပယ်ဖျက်တာ  


ထိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ၂၀၀၆ ခုနှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲ့ဒီနောက်  ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲမှာလည်း  ၂၈ ခရိုင်က ကိုယ်စားလှယ်လောင်းတွေအားလုံး မပါဝင်မှုကြောင့် အဲ့ဒီရွေးကောက်ပွဲကို  ဖွဲ့စည်းပုံနဲ့မညီဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ 


ခုံရုံးက ၂၀၀၆ နဲ့  ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲ ရလဒ်တွေကို ပယ်ဖျက်ခဲတဲ့အတွက် အဲ့ဒီ နောက်ပိုင်း မှာလည်း ရွေးကောက်ပွဲတွေ ပယ်ဖျက်ပေးဖို့  တိုင်ကြားမှုတွေ ပိုများလာခဲ့ပါတယ်။  ၂၀၁၉ ခုနှစ် ရွေးကောက်မှာ မဲမသမာမှုတွေရှိတယ်ဆိုတဲ့ တိုင်ကြားမှုရှိခဲ့သလို မဲမသ မှာမှုလု ပ်တယ်ဆိုတဲ့ ခိုင်လုံတဲ့ သက်သေမပြနိုင်ပါဘဲနဲ့  ၂၀၂၃ အထွေထွေ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပေးဖို့  တိုင်ကြားမှုတွေ ရှိခဲ့ပါတယ်။ 


ရွေးကောက်ခံ ကိုယ်စားလှယ်တွေကို  ရာထူးက ရပ်ဆိုင်းတာ၊ နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းတာနဲ့  ရွေးကောက်ပွဲရလဒ်တွေကို ပယ်ဖျက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက်တွေက ထိုင်းနိုင်ငံရဲ့  ရွေးကောက်ပွဲတရားမျှတမှုနဲ့ ရွေးကောက်ပွဲတွေ တရားဝင် ခိုင်မာမှုကို အများကြီး ထိခိုက်စေပါတယ်။


ဒါ့အပြင် ရွေးကောက်ပွဲရလဒ်တွေ ပယ်ဖျက်မှုကြောင့် ဖြစ်ပေါ်လာတဲ့  နိုင်ငံရေး မတည်မငြိမ်မှုနှင့် အာဏာလေဟာနယ်ဖြစ်မှုတွေကြောင့် ၂၀၀၆ နဲ့  ၂၀၁၄ ခုနှစ် ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းမှုတွေ ဖြစ်ပွားခဲ့တယ် ဆိုတဲ့ သုံးသပ်မှုတွေရှိပါတယ်။

 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page