top of page

ရာထူးငယ်ငယ်နဲ့ တပ်ချုပ်မင်းအောင်လှိုင်ရဲ့ အနီးကပ်လူယုံဖြစ်လာသူ 

  • Writer: BVJ
    BVJ
  • Jun 7, 2025
  • 2 min read

■ အေတီ/မိုနာ


လက်ရှိအချိန်မှာ ဘယ်သူ့ကိုမှအပြည့်အဝယုံလို့မရတဲ့အခြေအနေနဲ့ကြုံတွေ့နေရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ့အနားကိုတော်ရုံလူကပ်ခွင့်မပေးတော့ပါဘူး။ ဒါပေမဲ့ လူကြီးသားလည်းမဟုတ်၊ ရာထူးအရလည်းငယ်သေးပေမယ့် တပ်ချုပ်အနားကိုအနီးကပ် ကပ်ခွင့်ရနေတဲ့သူတစ်ဦးကတော့ ရုရှားပြန်ဗိုလ်မှူးကျော်ဇောရဲဖြစ်ပါတယ်။ 


ဗိုလ်မှူးကျော်ဇောရဲဟာ စစ်ကောင်စီအတွက် ဒီဇယ်အပါအဝင်လောင်စာဆီတွေမှောင်ခိုတင်သွင်းတဲ့ ကွန်ရက်မှာအခရာကျသလို တပ်ချုပ်မင်းအောင်လှိုင်ရဲ့ဝါဒဖြန့်ချိရေးလုပ်ငန်းတွေ၊ နိုင်ငံရေးအကောင်အထည်ဖော်မှုတွေ၊ လုံခြုံရေးဆိုင်ရာလုပ်ငန်းနဲ့ စစ်လက်နက်ပစ္စည်းဝယ်ယူမှုတွေမှာ ပါဝင်နေပါတယ်။ 


Burma VJကစုံစမ်းထောက်လှမ်းရေးသားထားတဲ့ ဗိုလ်မှူးကျော်ဇောရဲအကြောင်း အခုသတင်းဆောင်းပါးကို သူနဲ့ခေတ်ပြိုင် ရုရှားပြန်စစ်တပ်အရာရှိတွေကို မေးမြန်းဖော်ထုတ်ထားတာဖြစ်ပါတယ်။


ကျော်ဇော်ရဲက ဘယ်သူလဲ

ဒုမှူးကြီး/မှူးကျော်ဇော်ရဲဟာ စစ်တက္ကသိုလ် DSAအပတ်စဉ်(၄၇)ကနေ ၂၀၀၄ခုနှစ်၊ဒီဇင်ဘာလမှာ ကျောင်းဆင်းလာတဲ့သူဖြစ်ပါတယ်။ 


အဲ့ဒီနောက် စာပေ၂ ဘာသာစကားအမှတ်စဉ်(၇)ပြင်ဦးလွင်မှာ တစ်နှစ်ကြာတက်ရောက်ခဲ့ပါတယ်။ ၂၀၀၆ခုနှစ် စက်တင်ဘာလမှာ ရုရှားနိုင်ငံ National research university of electronic technology (MIET)ကိုတက်ရောက်ခဲ့ပြီး MICSCဘွဲ့ကို ၂၀၀၉ခုနှစ်မှာရရှိခဲ့ပါတယ်။ Ph.D ဘွဲ့ကိုတော့ ၂၀၁၂ ခုနှစ်မှာရရှိခဲ့ပြီး D.Sc ဘွဲ့ကို ၂၀၁၆ ခုနှစ်မှာရခဲ့ပါတယ်။ 


ကျော်ဇောရဲရဲ့ တပ်ဝင်ရက်စွဲက ၁၅-၂-၂၀၀၂၊ ဒုဗိုလ်ဖြစ်တာက ၁၇-၁၂-၂၀၀၄၊ ဗိုလ်ဖြစ်တာက ၁၇--၁၂-၂၀၀၅၊ ဗိုလ်ကြီးက ၁၇-၁၂-၂ ၀၀၅ဖြစ်ခဲ့ပါတယ်။


တပ်ချုပ်နား ချဥ်းကပ်ပုံ

ရာထူးကငယ်၊ နောက်ခံဆွေမျိုးဘက်ဂရောင်းမရှိပေမဲ့ တပ်ချုပ်မင်းအောင်လှိုင်နားကိုရောက်အောင် ဗိုလ်မှူးကျော်ဇောရဲအသုံးချသွားတဲ့လမ်းကြောင်းက တပ်ချုပ်ကတော်ဒေါ်ကြူကြူလှလမ်းကြောင်းပါ။ ရုရုားမှာပါရဂူဘွဲ့အတွက်ကျောင်းတက်နေတဲ့အချိန် သူက MIETကျောင်းရဲ့မြန်မာကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့အတွက် စစ်တပ်ကလူကြီးတွေနားကိုကပ်ခွင့်ရခဲ့ပါတယ်။ 


မြန်မာနိုင်ငံကစစ်ဘက်ဆိုင်ရာအရာရှိကြီးတွေ ရုရှားကိုလာရင်ကျောင်းသားခေါင်းဆောင်တွေထဲကပဲ စကားပြန်တာဝန်ယူရပါတယ်။ မော်စကိုမြို့ကမြန်မာသံရုံးမှာလူစုပြီး ဘယ်ကျောင်းကဘယ်လူကြီးကို စကားပြန်အဖြစ်တာဝန်ယူရမယ်ဆိုပြီး ခွဲတမ်းချစီစဉ်ကြပါတယ်။


တပ်ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့သူ့ဇနီး ရုရှားလာတဲ့အချိန်တွေမှာဆိုရင် စကားပြန်အဖြစ်ကျော်ဇောရဲ တာဝန်ယူခွင့်ရခဲ့ပါတယ်။


အဲ့ဒီနောက်ပိုင်းမှာ မင်းအောင်လှိုင်တို့ဇနီးမောင်နှံမြန်မာပြည်မပြန်သေးရင် ကျော်ဇောရဲလည်းကျောင်းကိုလုံးဝပြန်မလာဘဲ သူတို့နားမှာနေ၊ လိုတာလုပ်ပေးပြီး ရင်းနှီးမှုတည်ဆောက်ရယူခဲ့ပါတယ်။


တပ်ချုပ်ကတော်နဲ့ အမေနဲ့သား ဆက်ဆံ‌ရေး

စကားပြန်လုပ်ပေးပြီးရင်းနှီးမှုရယူနေရာကနေ တပ်ချုပ်မင်းအောင်လှိုင်တို့စုံတွဲမြန်မာပြည်ပြန်ခါနီး လေယာဉ်ကွင်းလိုက်ပို့တဲ့အချိန် ဒေါ်ကြူကြူလှအသုံးပြုနေတဲ့ပုဝါကို အဆောင်သဘောမျိုးဆောင်ထားချင်တယ်ဆိုပြီး ကျော်ဇော်ရဲကတောင်းယူခဲ့တယ်လို့ ရုရှားပြန်တပ်အရာရှိတစ်ဦးက ပြောပြပါတယ်။


“မအလဇနီးကို အမေမရှိတဲ့အခါအမေ့အမှတ်တရအနေနဲ့ကိုးကွယ်ဖို့ အမေ့သဘက်လေးပေးထားခဲ့ပါဆိုပြီးတောင်းတော့ ဟိုဘွားတော်ကလုံးဝခိုက်သွားတယ်။ အဲ့ဒီကနေစပြီးတော့ဘွားတော်က သူ့ကိုသား,သားဆိုပြီးခေါ်တော့တာကနေ မအလနားကိုရောက်သွားတော့တာပဲ”


သူတို့ MIETကျောင်းမှာမြန်မာကျောင်းသားကPh.Dပြန်တက်ချင်ရင် ကျော်ဇောရဲနဲ့အဆင်ပြေအောင်နေပြီး ကျော်ဇောရဲကိုပြောလိုက်ရင် တက်လို့ရတဲ့အခြေအနေထိတောင် နောက်ပိုင်းမှာဖြစ်လာခဲ့ပါတယ်။


“ဘွားတော်နဲ့ပိုင်တော့ သံရုံးနဲ့အေးဆေးဖြစ်တာပေါ့။ သံရုံးနဲ့အေးဆေးဖြစ်တော့ MIETကျောင်းကမြန်မာကျောင်းသားဘယ်နှစ်ယောက်လိုချင်သလဲ သူ့ကိုသာပြောလိုက်။ သူရောက်အောင်လုပ်ပေးနိုင်တော့ ကျောင်းမှာလည်း သူကတော်တော်ပေါက်ရောက်တယ်။ အဲ့ဒါမလို့လည်း သူတို့ကျောင်းမှာ Ph.Dတက်ချင်ရင် သူ့ကိုပြောလို့ပြောတာ၊ တကယ်လည်း အဲ့ဒီအတိုင်းဖြစ်ခဲ့တယ်”


ဒါ့အပြင် ကျော်ဇောရဲလက်ထပ်ယူရမယ့်အမျိုးသမီးကိုလည်း ဒေါ်ကြူကြူလှကပဲရွေးချယ်ပေးခဲ့တယ်လို့ သိရပါတယ်။ 


“သူ့မိန်းမကလည်း ဘွားတော်ကိုယ်တိုင်ရွေးပေးထားတာ။ သူတို့မင်္ဂလာပွဲတုန်းက မအလရော ဘွားတော်ရောတက်ပြီး ပန်းကုန်းစွပ်, လက်စွပ်, စွပ်တယ်လေ။ တိုင်းမှူး ဗခက လယ်ဗယ်လောက်အထိ သူကခပ်တန်းတန်းပဲ ဗိုလ်မှူးအဆင့်နဲ့စကားပြောတာသူပဲရှိတယ်။ မအလဆီ ဝင်ချင်ရင်လည်း သူ့ပဲကပ်ရတာ”


ကျော်ဇောရဲနဲ့ အိမ်ထောင်ပြုခဲ့တဲ့အမျိုးသမီးက အာဏာသိမ်းစစ်ကောင်စီရဲ့အလုပ်သမားဝန်ကြီး ဌာနဝန်ကြီး ဦးမြင့်ကြိုင်ရဲ့သမီး မို့မို့မြင့်ကြိုင်ဖြစ်ပါတယ်။ 


ဦးမြင့်ကြိုင်ဟာ ၂၀၂၁အာဏာမသိမ်းခင်က ဒုဝန်ကြီးတာဝန်ယူခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းဝန်ကြီးအဖြစ် ရာထူးတိုးမြှင့်ခန့်အပ်ခံခဲ့ရပါတယ်။ ဦးမြင့်ကြိုင်ရာထူးတိုးတာဟာ ဗိုလ်မှူးကျော်ဇော်ရဲနဲ့ မင်းအောင်လှိုင်တို့ ဆက်နွယ်မှုကြောင့်လို့ ပြောကြပါတယ်။ 


PHD နဲ့ D.SCဘွဲ့ ရလာပုံ

ဒေါ်ကြူကြူလှကျေးဇူးနဲ့ ကျော်ဇောရဲဟာကျောင်းမှာပေါက်ရောက်မှုတွေရှိလာပြီးနောက်ပိုင်းမှာ ခြယ်လှယ်မှုတွေ စလုပ်လာပါတယ်။ 


MIETကျောင်းမှာ Ph.Dနဲ့ D.Sc တက်တဲ့ကျောင်းသားတွေဟာ Articlesတွေရေးရပြီး အဲ့ဒီလိုရေးတဲ့အခါတိုင်းမှာလည်း ကျော်ဇောရဲရဲ့နာမည်ကိုရေးသူနေရာမှာ ထည့်ပေးရလေ့ရှိခဲ့ပါတယ်။


“အဲ့ဒီကျောင်းမှာ သူကျောင်းတက်နေတုန်း Ph.D တက်ခဲ့တဲ့ကျောင်းသားတိုင်းမေးကြည့်လို့ရတယ် ဟုတ်သလား၊မဟုတ်သလားဆိုတာ။ ရုရှားမှာ ကိုယ်သင်တဲ့ဘာသာရပ် ကိုယ်အထူးပြုတဲ့ ဘာသာရပ်တွေကို နံပါတ်တွေနဲ့ သတ်မှတ်ထားတယ်။ ဥပမာ ၀၁.၀၄.၀၆ ဆိုပြီးပဲပြောကြတယ်။ ကျနော် ဘယ်ဘာသာရပ် အထူးပြုပါဆိုပြီး မပြောကြဘူး။ ကိုယ့် Articles မှာလည်း ထည့်ချင်ရင် နံပါတ်တူတဲ့ ကျောင်းသားအမည်ကိုပဲထည့်ရတာ။ 


“အဲ့ဒါကိုသူက တူတူ,မတူတူ အကုန်ထည့်တာ။ ပြီးရင် D.Sc ဘွဲ့တုန်းက Articles ဘယ်နစောင်ထွက်ခဲ့တာကွဆိုပြီးပြောတာ။ မသိတဲ့သူတွေဆိုအဲ့လိုပြောတာ ကျနော်တို့ရှေ့ဆိုမပြောရဲဘူး။ သူဘယ်လိုလုပ်လဲဆိုတာ သိနေတဲ့သူဆို ဘာမှကိုမပြောရဲတာ”


ပါရဂူဘွဲ့ယူဖို့ကြိုးစားနေတဲ့ကာလတွေမှာလည်း တခြားကျောင်းသားတွေအနေနဲ့စာတမ်းဖတ်ချင်ရင် အနီးအနားနိုင်ငံတွေကိုသာခွင့်ပြုခဲ့ပေမယ့် ကျော်ဇောရဲကတော့ကြိုက်တဲ့နိုင်ငံကို နိုင်ငံတော်စားရိတ်နဲ့ သွားခွင့်ရတယ်ခဲ့တယ်လို့ သိရပါတယ်။


ဒေါ်ကြူကြူလှနဲ့ ဆိုရှယ်မီဒီယာ ဆက်ဆံရေး

ဗိုလ်မှူးကျော်ဇောရဲဟာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ နေ့တစ်နေ့ရဲ့အစ ဘာအကြောင်းအရာ (ပိုစ့်)မှမတင်ရသေးခင်မှာ တပ်ချုပ်ကတော် ဒေါ်ကြူကြူလှနဲ့ပတ်သက်တဲ့ ပိုစ့်ကိုအရင်ဦးဆုံးတင်လေ့ရှိတတ်ပါတယ်။


“ဖေ့ဘွတ်ခ်မှာမနက်မိုးမလင်းမှာ "မင်္ဂလာပါအမေ"ဆိုပြီးတနေ့တပုဒ်တင်တယ်။ ဘွားတော်ကအောက်မှာ "မင်္ဂလာပါသားရေ"လို့ပြန်ပြောပြီးမှ ကျန်တဲ့ဝင်ပြောချင်တဲ့သူတွေ ဝင်ပြောလို့ရတယ်။ ဘွားတော်မပြောရသေးခင်မှာသွားမန့်ရင် ဘယ်သူပဲဖြစ်ဖြစ် ကြီးကြီးငယ်ငယ်ဖုန်းဆက်ပြီးဆဲတာ” လို့ ရုရှားပြန်စစ်တပ်အရာရှိအပြောအရ သိရပါတယ်။


ရုရှားကပြန်လာပြီး နောက်ပိုင်း

ရုရှားမှာကျောင်းတက်ပြီးပြန်လာတဲ့နောက်ပိုင်း မြန်မာနိုင်ငံကိုပြန်ရောက်တဲ့အချိန်မှာလည်း ကျော်ဇောရဲဟာ တပ်မတော်သိပ္ပံနှင့် နည်းပညာသုတေသနဌာန(သသန)ကိုရောက်ပြီး ဒိတ်ဒိတ်ကြဲစာရင်းဝင်ခဲ့ပါတယ်။

တပ်ချုပ်မင်းအောင်လှိုင်ပြင်ဦးလွင်ကိုလာတဲ့အချိန် သူတို့တပ်ကိုလာစေချင်ရင် တပ်မှူးတွေကကျော်ဇောရဲကို ကပ်ရပါတယ်။ 


“အဲ့ဒီကတည်းက တပ်မတော်အသုံးနှုန်းနဲ့ပြောရရင် ဒိတ်ဒိတ်ကြဲပေါ့ဗျာ။ အဲ့ဒီတုန်းက သသနပြင်ဦးလွင် တပ်မှူးဗိုလ်ချုပ်ကံမြင့်သန်းတို့, စတသ ကျောင်းအုပ်ကြီးတို့ဆိုရင် သူ့ကိုဗိုလ်မှူးလို့တောင်မခေါ်ဘူး။သား,သားနဲ့။ မအလ ပြင်ဦးလွင်သင်္ကြန်လာရင် တပ်မှူးတွေက သူတို့တပ်တွေကိုလာစေချင်တယ်။ လာမှလည်း သူတို့လုပ်ကွက်ပြပြီး နောက်တဆင့်မှန်းလို့ရတယ်။ မအလပြင်ဦးလွင်လာရင် တပ်နယ်မှူး ကအစ သူ့ကိုဂါရတယ် အရင်ဆုံး။ ပြီးရင် သူက တပ်မှူးတွေဆီတိုက်ရိုက်ဖုန်းခေါ်ပြောတာ ဘယ်နေ့, ဘယ်ချိန်လာမယ် ပြင်ထားပါဆိုတာကို”


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ လာတယ်ဆိုရင်လည်း ကျော်ဇောရဲကိုယ်တိုင် ဒူးနှစ်ဖက်ထောက် စားပွဲထိုးလေ့ရှိတယ်လို့ ရုရှားပြန်ဗိုလ်မှူးက ဆက်ဖြည့်ပြောပါတယ်။


“သူကိုယ်တိုင်ဒူးနှစ်ဖက်စလုံးထောက်ပြီးစားပွဲထိုးတာ။ အဲ့ဒါမို့သူ့အကြောင်းဆိုရင်တော်တော်များများက'ဟင်'ကုန်တာ အိုဗာလွန်းလို့။ ဘွားတော်ပိုင်တော့ မအလလည်း အေးဆေးပဲသူက”


အဲ့ဒီနောက် ဗိုလ်မှူးကျော်ဇောရဲဟာ ရုရှားနဲ့ပတ်သက်တဲ့နည်းပညာအကြံပေးဆိုတဲ့ခေါင်းစဉ်နဲ့ တပ်ချုပ်ရုံးမှာ တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။


လက်ရှိဘာတွေလုပ်နေလဲ

တပ်ချုပ်ရုံးရောက်သွားပြီးနောက်မှာ ရုရှားနဲ့ဆက်သွယ်ပြီး Satellite ချိတ်ဆက်လုပ်ကိုင်ဖို့ သီးခြားဌာန တစ်ခုဦးဆောင်ဖွင့်ခွင့်ရခဲ့တာကြောင့် အဲ့ဒီဌာနအတွက် သသနတပ်ကသူ့စိတ်ကြိုက်လူတွေကိုရွေးချယ်ကာ တပ်ချုပ်အမိန့်နဲ့ဆိုပြီးခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။


“ခေါ်သွားတဲ့သူတွေအားလုံးက သူ့စကားနားထောင်တဲ့ လူကြီးသားသမီးတွေချည်းပဲ” စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဆီ ပြောချင်တဲ့စကားတွေကိုလည်း သူကနေတဆင့်သာပြောခွင့်ရကြပြီး D.SC တက်ပြီးတဲ့သူတိုင်းရတဲ့အခွင့်အရေးတိုင်းကလည်း ကျော်ဇောရဲကြောင့်ရခဲ့ကြတဲ့အထိပေါက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။


“လေယာဉ်ပေါ်တက်တာနဲ့ရာထူး တဆင့်မြင့်တို့၊ ပြန်လာတာနဲ့ ဘယ်ရာထူးပဲဖြစ်နေနေ ကားတစ်စီး ပေးတာတို့၊ နောက် လွတ်လပ်ရေးနေ့တို့မှာ ဆုချီးမြှင့်တာဆိုတာတွေကသူ့ကြောင့်ရတာတွေ ကျန်တဲ့သူတွေက။ဘယ်သူကတကယ်တော်လို့ အဲ့လိုဘွဲ့မျိုးရတယ်ဆိုတာ အချင်းချင်းတွေကသိပြီးသားတွေ သူ့ကိုတော့သိရဲ့သားနဲ့ မပြောရဲကြတာ”


စစ်ကောင်စီတပ်ဟာ ရုရှားနဲ့ဘီလာရုစ်နိုင်ငံတွေကနေ အဆင့်မြင့်ဒရုန်းတွေဖြစ်တဲ့ UAVဒရုန်း ၁၅စင်းနဲ့ Drone Guardတွေကိုဝယ်ယူခဲ့ပြီး အဲ့ဒီဒရုန်းတပ်တွေကွပ်ကဲမှုကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အနည်းငယ်သောလူယုံတွေထဲကတစ်ဦးဖြစ်တဲ့ ရုရှားပြန် ဗိုလ်မှူးကျော်ဇောရဲကလုပ်ဆောင်တယ်လို့ မဇ္ဈိမသတင်းဌာနက စုံစမ်းဖော်ထုတ်ရေးသားထားပါတယ်။


အဲ့ဒီဝယ်ယူထားတဲ့ UAV ဒရုန်းတွေဟာ ဒရုန်းတားလှိုင်းဖြတ်စက် ဂျန်မာတွေကို ကျော်ဖြတ်နိုင်သလို ဒေါင်လိုက်အတက်အဆင်းလုပ်နိုင်ကာ ပုံသေတောင်ပံ fixed wingsတွေဖြစ်ကြောင်းနဲ့ Drone Guardဆိုတာကတော့ တန်ပြန်ဒရုန်းစနစ်ဖြစ်ပြီး ဒရုန်းတွေရဲ့ ဆက်သွယ်ရေးဒေတာလင့်ခ်ကို ထောက်လှမ်းခြင်း၊ အမျိုးအစားခွဲခြင်း၊ ခြေရာခံခြင်းတွေကိုလုပ်နိုင်တယ်လို့ မဇ္ဈိမရဲ့ အခုလ ၆ရက်နေ့က ဖော်ပြတဲ့သတင်းအရ သိရပါတယ်။


ဒါတွေကို စီမံသူဟာ မင်းအောင်လှိုင်တို့လင်မယားအိမ်နဲ့ရုံးကို ဝင်ထွက်ခွင့်ရသူ၊ အရပ်ဝတ်နဲ့သာ နေလေ့ရှိသူ၊ စစ်ကောင်စီအတွက် ဒီဇယ်အပါအဝင် လောင်စာဆီတွေကို စင်္ကာပူ၊ထိုင်းတို့ကနေတဆင့် မှောင်ခိုတင်သွင်းမှုကွန်ရက်မှာလည်း အခရာကျသူ၊ အင်းတိုင်ရှိ တပ်မ (၁၁)အခြေစိုက် စစ်ကောင်စီ တပ်ရဲ့ သတင်းတု၊ သတင်းမှားထုတ်လုပ် ဝါဒဖြန့်ချိရေးအဖွဲ့ကိုလည်း ဦးဆောင်သူ၊ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်ရဲ့သားမက်ဖြစ်သူ ဗိုလ်မှူးကျော်ဇော်ရဲဆိုသူလုပ်ကိုင်တာဖြစ်တယ်လို့ သိရပါတယ်။


ဗိုလ်မှူးရာထူးအဆင့်ပဲရှိတဲ့ကျော်ဇောရဲတစ်ယောက် ဂေါက်ကွင်းမှာတောင်ထင်ရာဆိုင်းနေတာကို သူ့အကြောင်းသိတဲ့ ရုရှားပြန်စစ်တပ်အရာရှိက ထပ်ဖြည့်ပြောပါတယ်။ 


“ဗိုလ်မှူးအဆင့်နဲ့ ပြင်ဦးလွင်ချယ်ရီလွင်ဂေါက်ကွင်းမှာ XXIO golf set ဘရမ်းကိုင်ပီးရိုက်တာလေ။ ဘိုးတော်ပေးထားတာဆိုပြီး။ ကျန်တဲ့သူဆို အဲ့ဒီအဆင့်လောက်နဲ့ပါးတောင်ရိုက်ခံရဦးမှာ။ စစ်တပ်ထဲ ရာထူးအငယ်နဲ့လုပ်ချင်တာလုပ်လို့ရတာ လူကြီးသားမဟုတ်ဘဲလုပ်လို့ရတာ သူပဲရှိတယ်ဗျ”


တကယ်တော့ ကျော်ဇောရဲဟာ အကပ်ကောင်းလို့သာတပ်ချုပ်နားကပ်ခွင့်ရခဲ့တာဖြစ်ပြီးစစ်တက္ကသိုလ် အပတ်စဥ် ၄၇ ကနေသူကျောင်းဆင်းတော့ ကျောင်းဆင်းအဆင့်ကောင်းတဲ့အထဲမှာတောင်မပါဝင်ခဲ့ဘဲ နောက်ပိုင်းအဖွဲ့ထဲမှာပဲပါဝင်ခဲ့တယ်လို့ ရုရှားပြန်တပ်အရာရှိ အပြောအရသိရပါတယ်။

 

 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page