ဆေးခြောက်ကို ထိုင်းမှာဆေးဘက်ဆိုင်ရာအတွက်ပဲအသုံးပြုခွင့်ပေးဖို့ စီစဥ်နေ
- BVJ

- 6 days ago
- 1 min read
သူရ/BVJ_သြဂုတ် ၁၊ ၂၀၂၆

ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာကိစ္စအတွက်သာသုံးစွဲခွင့်ပေးပြီး၊ အရောင်းမြှင့်တင်မှုတွေကိုတားမြစ်ကာ နိုင်ငံတော်အဆင့်စည်းကမ်းထိန်းသိမ်းရေး ကော်မတီတစ်ရပ်ကိုဖွဲ့စည်းဖို့ရည်ရွယ်ထားတဲ့ ဆေးခြောက်ထိန်းချုပ်ရေး ဥပဒေကြမ်းတစ်ခုကို ထိုင်းအစိုးရအဖွဲ့ထံ မကြာခင်တင်သွင်းတော့မှာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်မှာ ဆေးခြောက်ကိုမူးယစ်ဆေးဝါးစာရင်းကနေပယ်ဖျက်လိုက်ပြီးနောက်ပိုင်းပေါ်ပေါက်လာတဲ့ စည်းမျဉ်းပိုင်းဆိုင်ရာအားနည်းချက်တွေကို ပြုပြင်ဖို့အတွက် ထိုင်းရိုးရာနဲ့အစားထိုးဆေးဝါးဌာန(DTAM)က ဒီဥပဒေကြမ်းကိုရေးဆွဲခဲ့တာပါ။
ဒီဥပဒေကြမ်းဟာ ဆေးခြောက် စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ရောင်းချခြင်းနဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာအကာအကွယ်ပေးခြင်းတွေကို စနစ်တကျထိန်းချုပ်နိုင်မယ့် တစ်ခုတည်းသောမူဘောင်တစ်ခုဖြစ်လာလိမ့်မယ်လို့ DTAMရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ Thewan Thaneeratကပြောပါတယ်။
၂၀၂၂ ခုနှစ်၊ဇွန်လက ထိုင်းနိုင်ငံမှာဆေးခြောက်ကိုတရားဝင်ဖြစ်စေခဲ့ပြီးနောက်ပိုင်း ရှင်းလင်းတဲ့စည်းမျဉ်းတွေမရှိခဲ့တာကြောင့် နိုင်ငံတဝန်းမှာထိန်းမနိုင်သိမ်းမရဖြစ်ခဲ့ရပါတယ်။ လူတွေကပျော်ပါးဖို့အတွက်ပိုမိုသုံးစွဲလာတာကြောင့် အာဏာပိုင်တွေကအခြေအနေအရတားဆီးမှုတွေလုပ်ခဲ့ပေမဲ့ ဥပဒေအပြည့်အစုံပြဋ္ဌာန်းနိုင်ဖို့တော့မအောင်မြင်ခဲ့ပါဘူး။ ဒီတရားဝင်ဖြစ်စေတဲ့ကိစ္စကတော့ အဲဒီအချိန်က ကျန်းမာရေးဝန်ကြီး Anutin Charnvirakul ရဲ့ Bhumjaithaiပါတီရဲ့ အဓိကမူဝါဒတစ်ခုပါ။
ဥပဒေကြမ်းသစ်အရ ကျန်းမာရေးဝန်ကြီးဦးဆောင်တဲ့ အမျိုးသားဆေးခြောက်ကော်မတီကိုဖွဲ့စည်းပြီး နိုင်ငံအဆင့်မူဝါဒတွေနဲ့စည်းမျဉ်းတွေကိုကြီးကြပ်သွားမှာဖြစ်ပါတယ်။
ဆေးခြောက် စိုက်ပျိုး၊ ထုတ်လုပ်၊ တင်သွင်း၊ တင်ပို့ ဒါမှမဟုတ် ရောင်းချလိုသူတိုင်း DTAM ဆီကနေ (၃) နှစ်သက်တမ်းရှိတဲ့ လိုင်စင်ကိုလိုအပ်ပါလိမ့်မယ်။ ဒါပေမဲ့ အမြစ်၊ အကိုင်းအခက်၊ ပင်စည်၊ အရွက်နဲ့အစေ့တွေကိုရောင်းချသူတွေ၊ ဒါမှမဟုတ် တည်ဆဲဥပဒေအရ ဆေးကုသမှုအတွက် သုံးစွဲနေတဲ့ ဆရာဝန်တွေအတွက်တော့ ချွင်းချက်ရှိပါတယ်။
ဥပဒေကြမ်းအရ အသက် (၂၀) အောက် လူငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေကိုရောင်းချခြင်းကိုပိတ်ပင်ထားပါတယ်။ ဘုရားကျောင်း၊ ကျောင်း၊ ကျောင်းသားအဆောင်၊ ပန်းခြံ၊ တိရစ္ဆာန်ရုံနဲ့ အပန်းဖြေစခန်းတွေမှာလည်းရောင်းချခွင့်မရှိပါဘူး။ ပြီးတော့ လူတွေပျော်ပါးဖို့သုံးစွဲတာကိုလျော့ကျစေဖို့အတွက် ဆေးခြောက်ဖူး၊ အစေးနဲ့ ဆေးလိပ်သောက်တဲ့ကိရိယာတွေကို ကြော်ငြာတာ၊ အရောင်းမြှင့်တင်တာမျိုးကိုလည်း တားမြစ်ထားပါတယ်။
ဆေးခြောက်နဲ့ဆေးခြောက်ထုတ်ကုန်တွေကို ပညာရှင်တွေရဲ့ ကြီးကြပ်မှုအောက်မှာ ဆေးကုသဖို့အတွက်ပဲဖြစ်ဖြစ်၊ ခွင့်ပြုချက်ရထားတဲ့ သုတေသနလုပ်ငန်းအတွက်ပဲဖြစ်ဖြစ်ပဲ သုံးစွဲခွင့်ရှိပါတယ်။
လိုင်စင်မရှိဘဲ ထုတ်လုပ်၊ တင်သွင်း၊ တင်ပို့၊ ရောင်းချတာမျိုး၊ ဒါမှမဟုတ် တားမြစ်ထားတဲ့သူတွေကို ရောင်းချတာမျိုးလုပ်ရင် ထောင်ဒဏ်နဲ့ငွေဒဏ်တွေ ချမှတ်ခံရမှာပါ။ ခွင့်ပြုချက်မရှိဘဲသုံးစွဲရင်လည်း ငွေဒဏ်ပေးဆောင်ရမှာဖြစ်ပါတယ်။
DTAM ရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ Pongsathorn Phokphermdee ကတော့ ပြည်သူတွေရဲ့အကြံပြုချက်တွေကိုရယူပြီးတဲ့နောက်ပိုင်း ဇူလိုင် (၂၀) ရက်နေ့မှာ ကျန်းမာရေးဝန်ကြီး Pattana Promphat ဆီကို တင်သွင်းပြီးဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။
ခရက်ဒစ်-Bangkok Post



Comments