ဗိုလ်နဂါးသတင်း တော်လှန်ရေးအတွက်အားဖြစ်စေတယ်လို့ ဒေါက်တာဇော်ဝေစိုးပြော
- BVJ

- Feb 21
- 1 min read
မိုနာ/BVJ_ဖေဖော်ဝါရီ ၂၁၊ ၂၀၂၆

ဗိုလ်နဂါးရဲ့သတင်းဟာ ကျနော်တို့တော်လှန်ရေးအတွက်တော့ အားဖြစ်စေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံးဝန်ကြီးဒေါက်တာဇော်ဝေစိုးကပြောပါတယ်။
NUG ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန်ဒေါ်ကြည်ပြာနဲ့ပတ်သက်ပြီး ပြင်းထန်စွာသတိပေးခြင်းဆိုပြီး အခုလ ဖေဖော်ဝါရီ ၁၈ရက်ကထွက်ပေါ်လာတဲ့ ဝန်ကြီးချုပ်ရုံးရဲ့ သတိပေးစာထဲမှာ ဒေါ်ကြည်ပြာအနေနဲ့အဂတိလိုက်စားတာကိုမတွေ့ရှိကြောင်းနဲ့ ဝန်ထမ်းတွေအပေါ် ချိုချိုသာသာပြောဆိုဆက်ဆံမှုပြုလုပ်ဖို့အတွက်သာ ပြင်းထန်စွာသတိပေးတယ်လို့ ဖော်ပြထားတာကြောင့် တိုင်ကြားသူတွေနဲ့CDMတွေကဒီပေါ်မှာလက်မခံဘဲကန့်ကွက်ခဲ့ကြပါတယ်။
ပြီးတော့ ဒီစာဟာBNRAတပ်ဖွဲ့ခေါင်းဆောင်ဗိုလ်နဂါးက စစ်အုပ်စုဆီမှာလက်နက်ချအလင်းဝင်ပြီးနောက် နာရီပိုင်းအကြာမှာပေါ်ထွက်လာတာကြောင့် အချိန်ကိုက်ထုတ်တယ်ဆိုပြီး ဒီပေါ်မှာလည်းဝေဖန်မှုတွေရှိနေပါတယ်။

ဒါကြောင့် ဒီနေ့ ဖေဖော်ဝါရီ ၂၁ရက်မှာပြုလုပ်တဲ့ ဒေါ်ကြည်ပြာအမှုစုံစမ်းစစ်ဆေးရေးအဖွဲ့သတင်းစာရှင်းလင်းပွဲမှာ ဒီစာနဲ့ပတ်သက်ပြီး Burma VJကမေးခဲ့ပါတယ်။
ဒေါ်ကြည်ပြာအမှုစုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ NUGဝန်ကြီးချုပ်ရုံးဝန်ကြီးဒေါက်တာဇော်ဝေစိုးကတော့ ဒါကရည်ရွယ်ချက်နဲ့လုပ်တာမဟုတ်ဘဲ ဒါက Timing Outသွားတာ၊ လောသွားတာဖြစ်ပြီး ဗိုလ်နဂါးရဲ့သတင်းနဲ့ပတ်သက်ပြီးတော့ တော်လှန်ရေးအတွက်အားဖြစ်စေတဲ့အချိန်မှာ ဒီလိုဟာမျိုးကိုကြေညာမိတာဟာ လွဲမှားတဲ့သဘောဖြစ်တယ်လို့ ပြောပါတယ်။
“(တော်လှန်ရေးအတွက်)နောက်ထပ်အဆင့်တခုတက်ဖို့ကြိုးစားနေတဲ့အချိန်မှာ၊ တကယ်တော့ဗိုလ်နဂါးရဲ့သတင်းဟာ ကျနော်တို့တော်လှန်ရေးအတွက်တော့ ဒါကျနော့်ရဲ့ ပုဂ္ဂိုလ်ရေးအရပြောတာပါ။ ကျနော်တို့တော်လှန်ရေးအတွက်အားဖြစ်စေတဲ့အချိန်မှာ ဒီလိုဟာမျိုးကိုကြေညာမိတာဟာ တကယ်တော့လွဲမှားတဲ့သဘောဖြစ်တယ်ဆိုတာ ဒီနေရာမှာအစိုးရအဖွဲ့ကိုယ်စား ဝန်ခံချင်တယ်။ လွဲမှားသွားတယ်။ Timingကအဲ့လိုသွားရမှာလည်းမဟုတ်ဘူး”လို့ ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် NUGပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကတော့ အဲ့ဒီစာဟာ အများပြည်သူကိုထုတ်ပြန်တာမဟုတ်ဘဲ တိုင်ကြားသူတွေနဲ့ ဒေါ်ကြည်ပြာတို့အပါအဝင် သက်ဆိုင်ရာပုဂ္ဂိုလ်တွေကိုသာပို့ခဲ့တာသာဖြစ်ပြီး အဲ့ဒီစာကအပြင်ကိုပေါက်ထွက်သွားတာလို့ ပြောပါတယ်။
“အတွင်းစာထုတ်တဲ့စာက အပြင်ကိုပေါက်သွားတဲ့သဘောဖြစ်ပါတယ်။ ကျနော်တို့ဒါကို ကြေညာချက်အနေနဲ့ အပြင်ကိုထုတ်တာမဟုတ်ပါဘူး”
လက်ရှိမှာတော့ ဒေါ်ကြည်ပြာအမှုနဲ့ပတ်သက်ပြီး ဒေါ်ကြည်ပြာကိုတာဝန်ကနေယာယီရပ်နားထားဆဲဖြစ်ပြီး ခင်ပွန်းဖြစ်သူဦးညီညီမင်းနဲ့တူတော်စပ်သူနှစ်ဦးကိုတော့ တာဝန်ကနေထုတ်ပယ်ထားပြီလို့ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအကျဉ်းချုပ်အရသိရပါတယ်။




Comments