ဒူတာတေးရဲ့ မူးယစ်ဆေးဝါးစစ်ပွဲမှာပါဝင်ပတ်သက်ခဲ့တဲ့ ဖိလစ်ပိုင်ရဲချုပ်ဟောင်းကို အိုင်စီစီကဖမ်းဆီးဖို့ ကြိုးစား
- BVJ

- May 12
- 1 min read
အီးကေ/BVJ_မေ ၁၁၊၂၀၂၆

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးလက်ထက်က မူးယစ်ဆေးဝါးနှိမ်နင်းရေးမှာပါဝင်ပတ်သက်မှုနဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)ကဖမ်းဝရမ်းထုတ်ပြန်ထားတဲ့ ဖိလစ်ပိုင်အထက်လွှတ်တော်အမတ် ရဲချုပ်ဟောင်း ရော်နယ်ဒီလာရိုဆာဟာ လွှတ်တော်အဆောက်အအုံအတွင်းထွက်ပြေးခိုလှုံသွားတယ်လို့ သတင်းရရှိပါတယ်။
တနင်္လာနေ့က သူ့ကိုရဲတပ်ဖွဲ့ကဖမ်းဆီးဖို့ကြိုးပမ်းနေတဲ့အချိန်မှာ ရော်နယ်ဒီလာရိုဆာဟာ ဖိလစ်ပိုင်လွှတ်တော်အဆောက်အအုံအတွင်း ထွက်ပြေးခိုလှုံသွားတယ်လို့ ဒေသတွင်းမီဒီယာတွေကသတင်းဖော်ပြခဲ့ကြပါတယ်။
သူ့အတွက်ဖမ်းဝရမ်းကို အိုင်စီစီတရားရုံးက ပြီးခဲ့တဲ့နိုဝင်ဘာလကတည်းက လျှို့ဝှက်ထုတ်ပြန်ထားတယ်လို့သိရပါတယ်။ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ ဒူတာတေးအစိုးရလက်ထက် ရော်နယ်ဒီလာရိုဆာ ရဲချုပ်အဖြစ်တာဝန်ယူခဲ့တဲ့အချိန် လူပေါင်းသောင်းနဲ့ချီသေဆုံးခဲ့မှုနဲ့ အိုင်စီစီတရားရုံးကသူ့ကိုဖမ်းဝရမ်းထုတ်ပြန်ထားတာဖြစ်ပါတယ်။
သူ့ကို"လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့လူသတ်မှုမှာ"သွယ်ဝိုက်ပူးပေါင်းပါဝင်သူ"အဖြစ်စွဲချက်တင်ထားပြီး ဖမ်းဝရမ်းကို ၂၀၂၅ခုနှစ်၊နိုဝင်ဘာလ ၆ ရက်နေ့ကတည်းက လျှို့ဝှက်ထုတ်ပြန်ထားခဲ့တာလို့ အိုင်စီစီတရားရုံးက အတည်ပြုချက်အရသိရပါတယ်။
ရဲချုပ်ဟောင်း ဒီလာရိုဆာဟာ ၂၀၁၆ခုနှစ်၊ဇူလိုင်လကနေ ၂၀၁၈ခုနှစ်၊ဧပြီလအတွင်းဖြစ်ပွားခဲ့တဲ့သတ်ဖြတ်မှုတွေမှာ တာဝန်ရှိသူအဖြစ်စွပ်စွဲခံထားရပါတယ်။

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးဟာလည်း သူ့ရဲ့ သမ္မတလက်ထက်မှာ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေ၊ သုံးစွဲတဲ့သူလို့သံသယရှိတဲ့သူတွေကို သတ်ဖြတ်ဖို့ သေမင်းတမန်တပ်ဖွဲ့တွေဖွဲ့စည်းပေးတာ၊ ရန်ပုံငွေထောက်ပံ့ပြီး လက်နက်တပ်ဆင်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ဖမ်းဆီးခံထားရပါတယ်။
သမ္မတဟောင်းဒူတာတေးကို ၂၀၂၅ခုနှစ်၊မတ်လမှာ အိုင်စီစီတရားကဖမ်းဆီးပြီးနောက် နယ်သာလန်နိုင်ငံ၊သည်ဟိဂ် (The Hague)မြို့ကိုခေါ်ဆောင်သွားပြီး အခုနှစ်ဧပြီလမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့စွဲချက်တင်ခံထားရပါတယ်။
အိုင်စီစီတရားရုံးက ဒူတာတေးအမှုမှာပူးပေါင်းပါဝင်သူ ၈ ဦးကိုအမည်ပျက်စာရင်းသွင်းထားခဲ့ပြီး အဲ့ဒီသူတွေထဲမှာ မူးယစ်ဆေးဝါးနှိမ်နင်းရေးအပြင်းထန်ဆုံးကာလမှာ ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့ကိုဦးစီးခဲ့တဲ့ ဒီလာရိုဆာလည်းပါဝင်ပါတယ်။
အိုင်စီစီတရားရုံးက ဒူတာတေးအမှုမှာပူးပေါင်းပါဝင်ခဲ့တဲ့သူ(၈)ဦးကို အမည်ပျက်စာရင်းသွင်းထားပြီး အဲ့ဒီသူတွေထဲမှာ မူးယစ်ဆေးဝါးစစ်ပွဲအထွတ်အထိပ်ကာလက ဖိလစ်ပိုင်ရဲတပ်ဖွဲ့ကိုဦးစီးခဲ့တဲ့ ဒီလာရိုဆာလည်းပါပါတယ်။လူ့အခွင့်အရေးအဖွဲ့တွေက လူထောင်ပေါင်းများစွာသတ်ဖြတ်ခံခဲ့ရတဲ့ စစ်ဆင်ရေးတွေကို ဒီလာရိုဆာဦးဆောင်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလက ဖမ်းဝရမ်းထွက်လာနိုင်တယ်ဆိုတဲ့ ကောလာဟလတွေကြောင့် ဒီလာရိုဆာလူမြင်ကွင်းကနေပျောက်ကွယ်နေခဲ့ပေမယ့် ဒူတာတေးရဲ့ မဟာမိတ် Alan Peter Cayetanoဦးဆောင်တဲ့ အထက်လွှတ်တော် ခေါင်းဆောင်မှုအပြောင်းအလဲမှာမဲပေးဖို့ တနင်္လာနေ့ကလူကြားထဲပြန်ပေါ် လာခဲ့ပါတယ်။
သူလွှတ်တော်ထဲရောက်လာတဲ့အချိန်မှာ ရဲထောက်လှမ်းရေးတွေ စောင့်ဆိုင်းနေတာတွေတွေ့ ရပြီးနောက် ရှောင်ထွက်သွားတာကို ဗီဒီယိုမှတ်တမ်းတွေထဲမှာ တွေ့ရပါတယ်။ အထက်လွှတ်တော်ဥက္ကဌ Peter Cayetanoက အထက်လွှတ်တော်ကို ချက်ချင်း "ပိတ်ဆို့" (Lockdown)ချလိုက်ပြီး ဖိလစ်ပိုင်တရားရုံးကထုတ်ပြန်တဲ့ဖမ်းဝရမ်းကိုသာ လက်ခံဆောင်ရွက်မယ်လို့ သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။ တနင်္လာနေ့နှောင်းပိုင်းမှာ ဒီလာရိုဆာကသူ့ရဲ့ဖေ့စ်ဘုခ်စာမျက်နှာကနေ Live လွှင့်ပြီး ဖိလစ်ပိုင်လူထုကို အကူအညီတောင်းခံခဲ့ပါတယ်။
ခရက်ဒစ် - အယ်လ်ဂျားဇီးယား




Comments