အေအေဒုခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကို သားဖြစ်သူကိုထိန်လင်းကတဆင့် ဆုတောင်းစကားပါး
- BVJ

- Jun 22
- 1 min read
နောက်မဆုတ် အရှုံးမပေးတဲ့စိတ်ဓာတ်နဲ့ အောင်ပွဲဆီရောက်အောင်သွားမယ်-လို့ဆို
BVJ News အောင်ထွန်း_ဇွန် ၁၉၊ ၂၀၂၆

“ညီအစ်ကိုတို့ရေ... အားတင်းထားကြပါ။ စည်းလုံးညီညွတ်စွာနဲ့လိုရာခရီးပန်းတိုင်ကို နောက်မဆုတ်တဲ့စိတ်၊ ဘယ်တော့မှအရှုံးမပေးတဲ့စိတ်ဓာတ်တွေနဲ့အတူ အောင်ပွဲဆီသို့မရောက်ရောက်အောင် သွားကြရအောင်”လို့ အာရက္ခတပ်တော်(အေအေ)ရဲ့ဒုခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာညိုထွန်းအောင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကင်အဲရစ်(ခ)ကိုထိန်လင်းဆီကို စာပြန်ချိန်မှာ စကားပါးလိုက်တာပါ။
ပြီးခဲ့နှစ်တုန်းက ကိုထိန်လင်းက ဒေါက်တာညိုထွန်းအောင်ဆီကိုပေးပို့ခဲ့ဖူးတဲ့ စာရေးသူ Alan Clementsရဲ့စာအုပ်အတွက်ကျေးဇူးတင်ကြောင်းစာပြန်ရင်း အခုလိုထည့်ပြောလိုက်တာပါ။
ဒီနေ့ ဇူလိုင် ၁၉ ရက်နေ့မှာကျရောက်တဲ့ မြန်မာ့နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့ချိန်ကိုအကြောင်းပြုပြီး ပြန်ပို့တဲ့အဲ့ဒီစာထဲမှာ “သံမဏိနှင်းဆီ ဒေါ်အောင်ဆန်းစုကြည်”နဲ့ ကိုထိန်လင်းတို့ "သားအမိနှစ်ယောက်လည်းအမြန်ဆုံးပြန်ဆုံတွေ့ကြပါစေ"လို့ ဒေါက်တာညိုထွန်းအောင်က ထည့်သွင်းဆုတောင်းပေးထားပါတယ်။

စာအုပ်အဖုံးတွင်းမှာရေးပေးလိုက်တဲ့ ကိုထိန်လင်းရဲ့ “ ခုချိန်မှာကျွန်တော်တို့ဆက်ပြီး စည်းစည်းလုံးလုံးသန်သန်မာမာနေသွားမယ်။ ကျွန်တော်တို့အောင်ရမယ်”ဆိုတဲ့စကားဟာ သူတစ်ဦးတည်းအတွက်သာမဟုတ်ဘဲ နွေဦးတော်လှန်ရေးထဲက တော်လှန်ပြည်သူအားလုံးအတွက်ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ ဒါ့အပြင်"တချိန်မှာကျွန်တော်တို့ဆုံကြမယ်"ဆိုတဲ့ ကိုထိန်လင်းရဲ့စကားအတွက်လည်း “အာရက္ခမြေရဲ့ အလှဆုံးတနေရာမှာဆုံကြမယ်"လို့ ဒေါက်တာညိုထွန်းအောင် ပြန်စာထဲမှာထည့်ရေးထားပါတယ်။

လန်ဒန်ကနေ ကိုထိန်လင်းလက်ဆောင်ပေးလိုက်တဲ့ Alan Clementsရဲ့ "Conversation with a Dictator"ဆိုတဲ့စာအုပ်သစ်ဟာ မြန်မာပြည်သူတွေအတွက်စိတ်ဝင်စားစရာ စာပေလှုပ်ရှားမှုတစ်ခုဖြစ်တယ်လို့ စာအုပ်ညွှန်းသူအချို့ကဆိုပါတယ်။ အမေရိကန်စာရေးဆရာနဲ့ သာသနာ့ဘောင်ဝင်ခဲ့ဖူးသူ Alan Clementsရဲ့ဒီစာအုပ်ဟာ စစ်အာဏာရှင်မင်းအောင်လှိုင်နဲ့အယူအဆရေးရာအရ စိတ်ကူးယဉ်အပြန်အလှန်ဆွေးနွေးခန်းတွေကို ကဗျာဆန်ဆန်၊ AI သရုပ်ဖော်ပုံတွေနဲ့ပေါင်းစပ်ဖန်တီးထားတာပါ။ စာရေးဆရာက နေပြည်တော်ကို "တစ္ဆေနိုင်ငံတော်"အဖြစ်တင်စားပြီး အာဏာရှင်တွေရဲ့ စိတ္တဇကြောက်ရွံ့မှုတွေကို ဂျော့ခ်ျအိုဝဲလ်ရဲ့ 1984 ဝတ္ထုဟန်မျိုးနဲ့ ကွင်းကွင်းကွက်ကွက်ဖော်ထုတ်ထားပါတယ်။

အထူးသဖြင့် ပြည်သူတွေရဲ့ရင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာရှင်သန်နေဆဲဖြစ်ပြီးမင်းအောင်လှိုင်ကတော့ ခြောက်လှန့်နေတဲ့အိပ်မက်ဆိုးတစ်ခုသာဖြစ်ကြောင်း ထောက်ပြထားပါတယ်။




Comments