နောင်ချိုပြန်ထိန်းချုပ်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေက အလင်းဝင်လာသူ ၂၉ဦးရှိဟု စစ်ကောင်စီဆို
- BVJ

- Jul 21, 2025
- 1 min read
BVJ/မိုနာ_ ဇူလိုင် ၂၁၊ ၂၀၂၅

ရှမ်းပြည်မြောက်ပိုင်းက နောက်ချိုမြို့နယ်ကို တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLAလက်ထဲကနေ ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်းမှာ ဓနုတပ်ဖွဲ့ဝင်တွေအပါအဝင် MDY-PDFနဲ့ TNLAတပ်ဖွဲ့ဝင်တွေဟာ အလင်းဝင်ရောက်မှုတွေရှိလာတယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။
ဇူလိုင် ၁၇ရက်မှာ ၁၄ဦးနဲ့ ၁၈ရက်မှာ ၁၅ဦး၊ စုစုပေါင်း TNLA၊ MDY-PDF၊ DPLAတို့က အဖွဲ့ဝင် ၂၉ဦး ဝင်ရောက်လာတာဖြစ်ပြီး အဲ့ဒီထဲမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်-DPLAကအဖွဲ့ဝင် ၁၂ဦးအထိပါဝင်တယ်လို့ စစ်ကောင်စီက ဖော်ပြပါတယ်။

ဝင်လာသူတွေဟာ အမျိုးသား ၁၁ယောက်နဲ့ အမျိုးသမီး တစ်ယောက်ဖြစ်ပြီး Type- 81သေနတ်အမျိုးအစား ၁၂လက်နဲ့ ကျည်တွေ၊ MA-1 တစ်လက်တို့ပါလာတယ်လို့လည်း ဆိုပါတယ်။
DPLAတပ်ဖွဲ့ဝင်တွေ အလင်းဝင်တာနဲ့ပတ်သက်ပြီး ဟုတ် မဟုတ် အတည်ပြုသိရှိနိုင်ဖို့အတွက် DPLA/DPLF ကို Burma VJက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အခုလက်ရှိမှာဖြေကြားဖို့အဆင်မပြေသေးဘူးလို့သာ အကြောင်းပြန်ခဲ့ပါတယ်။
ဒါ့အပြင် MDY-PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ကိုလည်း Burma VJက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
အလင်းဝင်လာတယ်လို့ စစ်ကောင်စီဘက်ကဖော်ပြထားတဲ့ဓါတ်ပုံတွေမှာတော့ မျက်နှာတွေကိုရှင်းရှင်းလင်းလင်းဖော်ပြမထားဘဲ ဝါးထားတာကိုတွေ့ရပါတယ်။

DPLF/DPLAဟာ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇စစ်ဆင်ရေး ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာလည်း ပါဝင်တိုက်ခိုက်ခဲ့ပြီးနောက် ကျောက်ဂူ အင်တော၊ တောင်ခမ်း၊နောင်ချို၊ ကျောက်မဲ၊ သီပေါတိုက်ပွဲတွေမှာ မဟာမိတ်တပ်တွေနဲ့အတူ တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။
TNLAထိန်းချုပ်ထားတဲ့ တောင်ခမ်းဒေသတဝိုက်နဲ့ နောင်ချိုမြို့နယ်ကို စစ်ကောင်စီဘက်က လနဲ့ချီထိုးစစ်ဆင်တိုက်ယူပြီး အခုလ ၁၆ရက်မှာ ပြန်လည်သိမ်းပိုက်ထိန်းချုပ်သွားတာဖြစ်ပါတယ်။
နောင်ချိုမြို့ကို ပြန်ထိန်းချုပ်ပြီးနောက် စစ်ကောင်စီဖော်ပြခဲ့တဲ့ ဓါတ်ပုံများ(ဓါတ်ပုံ-CINCDS)




Comments