ကျားဖြန့်ဂိုဏ်းတွေကိုကူညီနေတဲ့ DKBAတပ်ဖွဲ့နဲ့ခေါင်းဆောင်သုံးဦးကို အမေရိကန်ပိတ်ဆို့အရေးယူ
- BVJ

- Nov 13
- 1 min read
အေတီ/BVJ_နိုဝင်ဘာ ၁၃၊ ၂၀၂၅

နိုင်ငံတကာရာဇဝတ်ဂိုဏ်း ကရင်အမျိုးသားတပ်မတော်(KNA)တပ်ဖွဲ့ ခေါင်း ဆောင်စောချစ်သူနဲ့ပတ်သက်ဆက်နွယ်နေတဲ့ ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA)တပ်ဖွဲ့နဲ့ တပ်ဖွဲ့ခေါင်းဆောင် ၃ ဦးကို အမေရိကန်က ပိတ်ဆို့အရေးယူလိုက်ပါတယ်။
DKBA ခေါင်းဆောင် စိုင်းကျော်လှ၊ စောစတီး၊ စောစိန်ဝင်းနဲ့ စောဆန်းအောင်၊ ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Trans Asia International Holding Group Thailand Company Limited, Troth Star Company Limitedနဲ့ ထိုင်းနိုင်ငံသား ချမူစဝမ်တို့ကို ကျားဖြန့်စင်တာတွေမှာ DKBAတပ်ဖွဲ့နဲ့အတူပူးပေါင်းခဲ့မှုနဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနက နိုဝင်ဘာ ၁၂ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
"မြန်မာနိုင်ငံမှာလည်ပတ်နေတဲ့ ကျားဖြန့်ရာဇဝတ်ဂိုဏ်းကွန်ရက်တွေဟာ အွန်လိုင်းကနေလိမ်လည်မှုတွေပြုလုပ်ပြီး အမေရိကန်တွေဆီကဒေါ်လာဘီလီယံပေါင်းများစွာခိုးယူနေကြတယ်” လို့ အကြမ်းဖက်မှုနှင့်ငွေကြေးထောက်လှမ်းရေးဆိုင်ရာ ဘဏ္ဍာရေးဝန်ကြီးဌာန လက်ထောက်အတွင်းရေးမှူး John K. Hurleyကပြောပါတယ်။
“အဲ့ဒီကွန်ရက်ကလူတွေကပဲ လူကုန်ကူးတာနဲ့မြန်မာပြည်တွင်းစစ် ပိုပြီးဆိုးရွားလာအောင်မီးထိုးပေးနေသူတွေဖြစ်ကြပြီး အမေရိကန်အစိုးရက ဒီဆိုက်ဘာရာဇဝတ်သားတွေကို သူတို့ဘယ်နေရာမှာဘယ်လိုလှုပ်ရှားနေနေ လိုက်လံဖမ်းဆီးသွားမယ်” လို့ John K. Hurleyကထပ်ဖြည့်ပြောပါတယ်။
ဒီအရေးယူပိတ်ဆို့မှုဟာ ဆန်ဒီယေဂို ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) အဖွဲ့၊ ကိုလံဘီယာခရိုင် အမေရိကန်ရှေ့နေရုံး၊ တရားရေးဌာနလက်အောက်ခံ ရာဇဝတ်မှုဌာနခွဲ၊ အမေရိကန်လျှို့ဝှက်အေဂျင်စီ (USSS) နဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအုပ်ချုပ်ရေးအဖွဲ့ DEAတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် မြို့တော်ဝါရှင်တန်ဒီစီဆိုင်ရာ အမေရိကန်အစိုးရရှေ့နေနဲ့ တရားရေးဌာနလက်အောက်ခံ ရာဇဝတ်မှုတိုက်ဖျက်ရေးဌာနခွဲနဲ့ FBI ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရိုတို့ပူးပေါင်းပြီး အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်တိုက်ဖျက်ရေးအဖွဲ့ အထူးတပ်ဖွဲ့ကိုလည်း စတင်ဖွဲ့စည်းလိုက်ပြီလို့သိရပါတယ်။
ဒီ Scam Center Strike Force ကျားဖြန့်တိုက်ဖျက်ရေးအဖွဲ့က အထူးအေးဂျင့်တွေ၊ ရှေ့နေတွေအားလုံးပူးပေါင်းပြီး အရှေ့တောင်အာရှက အထူးသဖြင့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံကကျားဖြန့်ဂိုဏ်းခေါင်ဆောင်တွေကို ပိုက်စိပ်တိုက်ရှာဖွေ အပြစ်ပေးသွားမယ်လို့ ဆိုပါတယ်။
၂၀၂၅ခုနှစ်၊ မေလ ၅ ရက်နေ့မှာ BGFခေါင်းဆောင် စောချစ်သူနဲ့သူ့သားနှစ်ဦးဖြစ်တဲ့ စောထူးအယ်မူးနဲ့စောချစ်ချစ်တို့ဟာ အမေရိကန်နိုင်ငံသားတွေကို ထိခိုက်စေတဲ့ လူကုန်ကူးမှုနဲ့ဆိုင်ဘာလိမ်လည်မှုတွေမှာပါဝင်ကူညီမှုနဲ့ သူတို့ဦးဆောင်တဲ့ BGFအဖွဲ့ကို နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကျူးလွန်တဲ့အဖွဲ့အစည်း (TCO)အဖြစ် အမေရိကန်အစိုးရကသတ်မှတ်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ကလည်း ကမ္ဘောဒီးယားနဲ့မြန်မာနိုင်ငံအခြေစိုက်ကုမ္ပဏီ ၁၂ ခုနဲ့ BGF ခေါင်းဆောင် စောချစ်သူ၊သူ့ လက်အောက်ခံလူနှစ်ယောက်တို့ကို ထပ်မံအရေးယူခဲ့ပါတယ်။







Comments