ဗုဒ္ဓံသရဏံဂစ္စာမိသီချင်းသီဆိုမှုနဲ့ ဒီဂျေ Violet အပါအဝင် လေးဦး သာသနာညှိုးနွမ်းမှုနဲ့ဖမ်ဆီး အမှုဖွင့်ခံထားရ

BVJ/ဇော်-စက်တင်ဘာ ၁၄၊ ၂၀၂၅

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်မှာရှိတဲ့ Cover Clubနိုက်ကလပ်မှာ အရက်သေစာသောက်စားမူးယစ်ပြီး သရုပ်ပျက်ဝတ်ဆင်ကခုန်ရာမှာ ဗုဒ္ဓံသရဏံဂစ္စာမိသီချင်းဖွင့် တီးခတ်ခဲ့တာကြောင့် ဗုဒ္ဓဘာသာအကြည်ညိုပျက်စေခဲ့တဲ့အတွက် ဒီဂျေတီးခတ်ခဲ့သူအပါအဝင် လေးဦးကို ပုဒ်မ (၅၀၅-က) နဲ့အမှုဖွင့်အရေးယူထားတယ်လို့ စစ်အုပ်စုသတင်းတွေကိုထုတ်ပြန်နေတဲ့ မီဒီယာတွေမှာ မနေ့ စက်တင်ဘာ ၁၃ ရက်နေ့က ဖော်ပြထားပါတယ်။
ကလပ်မှာသီချင်းဖွင့်တီးခတ်ခဲ့သူ DJ Violet နဲ့ ဒီဂျေမန်နေဂျာ ဖြိုးဟိန်းကိုကို (ခ) မင်းထိုက်တို့ကို စက်တင်ဘာ ၁၁ ရက်နေ့ ည (၁၁) နာရီခွဲက ရန်ကုန်တိုင်း၊သင်္ဃန်းကျွန်းမြို့နယ်ကနေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့သိရပြီး ဆိုင်ပိုင်ရှင်သက်လွင်အောင် (ခ) မျိုးအောင်နဲ့ ဆိုင်မန်နေဂျာ ဇင်စုရတို့ကို စက်တင်ဘာ ၁၃ ရက်နေ့ နေ့လည် ၁ နာရီလောက်မှာ မန္တလေး၊ မဟာအောင်မြေမြို့က Cover Club ဆိုင်မှာဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီဂျေတီးခတ်ခဲ့သူဆီက ဒီဂျေတီးခတ်ရာမှာသုံးတဲ့ Memory Stick (၆) ခုနဲ့ Cover Clubကနေ ဒီဂျေစက်နဲ့ ဆက်စပ်ပစ္စည်းတွေကိုသိမ်းဆည်းခဲ့ပြီး ဆိုင်ကိုချိတ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနိုက်ကလပ်မှာ ဗုဒ္ဓံသရဏံဂစ္စာမိသီချင်းနဲ့ ဇူလိုင်လ ၃၁ရက်နေ့က ကလပ်မှာကခုန်ခဲ့ကြတာဖြစ်ပြီး အဲ့ဒီဗီဒီယိုမှတ်တမ်းတွေဟာ တလကျော်အကြာ လူမှုကွန်ရက်မှာပြန့်နှံ့လာပြီးနောက် မဟာအောင်မြေမြို့နယ်၊ အမှတ် (၉) မြို့မရဲစခန်း (ပ)၂၁၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ အရေးယူအမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံရတဲ့သူထဲမှာပါတဲ့ DJ Violet(ခေါ်)မခင်ထွေးထွေးမွန်ဟာ သရုပ်ဆောင်နေမျိုးအောင်ရဲ့ ချွေးမတော်စပ်ပြီး အသက်၂၈ နှစ်ဝန်းကျင်ရှိတယ်လို့သိရပါတယ်။
ဗုဒ္ဓံသရဏံဂစ္စာမိသီချင်းသီဆိုလို့ နိုက်ကလပ်ကိုပိတ်၊ ပတ်သက်တဲ့သူတွေကိုဖမ်းဆီးအရေးယူခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီဟာ နေ့စဥ်လိုလို ဘုန်းကြီးကျောင်း၊စာသင်ကျောင်းအပါအဝင် အရပ်သားပစ်မှတ်တွေကို ဗုံးကြဲတိုက်ခိုက်နေပါတယ်။

Comments