top of page

ကောင်းကင်နဲ့ အဆက်အသွယ်ပြတ်တောက်ခြင်း 

  • Writer: BVJ
    BVJ
  • Jan 19
  • 3 min read

သက်နိုင်/BVJ_ဇန်နဝါရီ ၁၉၊ ၂၀၂၆

မမေရီဆန်တယောက်သစ်ပင်ပေါ်တက်ပြီး သူ့လက်ထဲကဖုန်းနဲ့ တခုခုကိုဖမ်းယူဖို့ကြိုးစားနေပါတယ်။


စား၀တ်နေရေးအတွက် သူအားထုတ်စိုက်ပျိုးထားတဲ့တောင်ယာသီးနှံတွေရှင်သန်ဖို့ လိုအပ်တဲ့ မိုးလေ၀သသတင်းအချက်အလက်တွေကို သစ်ပင်ထိပ်ကနေမှလိုင်းမိနိုင်တဲ့ တယ်လီဖုန်းကနေတဆင့်

ရန်ကုန်ကအမျိုးတွေဆီ သတင်းလှမ်းမေးဖို့ကြိုးစားနေတာပါ။

 

“သတင်းအချက်အလက်ရဖို့ကတော့ ဖုန်းလိုင်းရနိုင်တဲ့နေရာတွေကိုသွားပြီးတော့ သစ်ပင်တွေပေါ် တက်ပြီးတော့ အင်တာနက်ရတဲ့ရန်ကုန်လိုမျိုး ၊ကလေးမြို့လိုမျိုး ဒေသကလူတွေဆီလှမ်းဆက်ပြီးတော့ သတင်းအချက်အလက်လှမ်းမေးတာမျိုးရှိတယ်”

 

သူဟာ ချင်းပြည်နယ်၊တီးတိန်မြို့နယ်က ပြောင်းစိုက်နေတဲ့ တောင်သူအမျိုးသမီးတစ်ဦးဖြစ်ပါတယ်။​

 

မမေရီဆန်လိုပဲ တောင်သူအများစုဟာလည်း အခုလိုပဲသတင်းအချက်အလက်ရဖို့ ကြိုးစားရှာဖွေနေကြရတာပါ။

 

အာဏာသိမ်းပြီးနောက် စစ်အုပ်စုရဲ့တပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်လာပြီး စစ်အုပ်စုဘက်က လွန်ခဲ့တဲ့သုံးနှစ်ကတည်းက ချင်းပြည်နယ်အတွင်းကဒေသတော်တော်များများကို အင်တာနက်နဲ့ဖုန်းလိုင်းအပြည့် (သို့) တစိတ်တပိုင်းဖြတ်တောက်ထားပါတယ်။

 

တချို့နေရာတွေမှာတော့ Star Linkကနေအင်တာနက်ရနေကြပေမယ့် အဲဒါက တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်စပ်တဲ့ အနီးအနားပတ်၀န်းကျင်ကလူတွေလောက်ပဲရကြတယ်လို့ဆိုတယ်။

 

ချင်းပြည်နယ်၊တီးတိန်မြို့က ပြောင်းစိုက်ခင်းများကို ၂၀၂၅ခုနှစ်အတွင်းကတွေ့ရပုံ။
ချင်းပြည်နယ်၊တီးတိန်မြို့က ပြောင်းစိုက်ခင်းများကို ၂၀၂၅ခုနှစ်အတွင်းကတွေ့ရပုံ။

ဒါကြောင့် တောင်ယာလုပ်ငန်းနဲ့ အဓိကအသက်မွေးဝမ်းကျောင်းပြုကြတဲ့ ချင်းပြည်နယ်ထဲက မမေရီဆန်တို့လို တောင်သူတွေစိုက်ပျိုးထားတဲ့သီးနှံတွေဟာ သတင်းအချက်အလက်မရှိဘဲစိုက်ပျိုးနေကြတဲ့အတွက်  ဆုံးရှုံးမှုများနေတယ်လို့ မမေရီဆန်ကပြောပါတယ်။​

 

သူတို့ဒေသမှာ စိုက်ပျိုးရေးလုပ်ငန်းအတွက် အဓိကအရေးပါတဲ့ မိုးရွာတာ၊ လေတိုက်တာ၊ဆီးနှင်းကျတာ၊ နေပူတာစတဲ့သိပ္ပံနည်းကျတွက်ချက်ထားတဲ့ ကောင်းကင်ကသတင်းအချက်အလက်တွေနဲ့ ပြတ်တောက် နေတာကြာခဲ့ပြီး အခုတော့ မိရိုးဖလာသဘာ၀နည်းကိုပဲပြန်သုံးနေကြရပါတယ်။​

 

“တချို့ကလည်း တိမ်အခြေအနေကိုကြည့်ပြီးတော့ မိုးများနိုင်လား..နေသာနိုင်လား..ခန့်မှန်းပြီးတော့ စိုက်ကြပျိုးကြတယ်”

 

ကောင်းကင်နဲ့ အဆက်အသွယ်ပြတ်နေတဲ့ တောင်သူလယ်သမားများ

 

စိုက်ပျိုးရေးကိုအဓိကအခြေခံထားတဲ့ မြန်မာနိုင်ငံဟာအာဏာသိမ်းပြီးနောက် ပြင်းထန်လာတဲ့ပြည်တွင်းစစ် တိုက်ပွဲတွေကြောင့် စစ်အုပ်စုကက တော်လှန်ရေးအင်အားစုတွေနဲ့တိုက်ပွဲဖြစ်နေတဲ့ ဒေသတော်တာ်များများကို အင်တာနက်ဖြတ်တောက်ထားပါတယ်။

 

ရည်ရွယ်ချက်က အဲဒီဒေသမှာရှိတဲ့တော်လှန်ရေးအင်အားစုတွေနဲ့ပြည်သူတွေကို စစ်ရေးနဲ့အခြားသတင်း အချက်အလက်တွေမရနိုင်အောင် ကန့်သတ်တာဖြစ်ပါတယ်။​

 

စစ်အုပ်စုက အခုလိုအင်တာနက်ဖြတ်တောက်လိုက်တာဟာ နိုင်ငံရဲ့ အဓိကစိုက်ပျိုးရေးဇုန်တွေဖြစ်တဲ့ စစ်ကိုင်း၊ မကွေးနဲ့ ရှမ်းပြည်နယ်တွေအပြင် တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်၊ ကချင်နဲ့ချင်းပြည်နယ်တွေကိုပါ ပြင်းထန်စွာ ထိခိုက်စေတယ်လို့ အင်တာနက်ဖြတ်တောက်မှုကိုစောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Myanmar Internet Project က ကိုသစ်ဉာဏ်ကပြောပါတယ်။ 

 

“ အင်တာနက် ပြတ်တောက်မှုကတော့ တော်တော်ဆိုးရွားတဲ့အခြေအနေပါ။ ကျနော်တို့မှတ်တမ်းလုပ်ထားတဲ့ ၂၀၂၁ကနေ ဒီနေ့ ၂၀၂၅အထိ အကြိမ် ၄၂၀နဲ့အထက်မှာရှိပါတယ်။ ထိခိုက်တဲ့ဒေသတွေကိုပြောရရင်တော့ စစ်ရေးပဋိပက္ခများတဲ့နေရာတွေမှာ အင်တာနက်ထိခိုက်တာကိုကျနော်တို့တွေ့ရတယ်။ ကရင်လိုနေရာမျိုးတွေ နောက် ကချင်၊ ရခိုင် စစ်ကိုင်းတို့ မကွေးတို့ ရှမ်းပြည်နယ် ချင်းပြည်နယ်လိုနေရာမျိုးတွေပေါ့။တချို့တွေဆိုရင် နှစ်နဲ့ချီပြီး အင်တာနက်မရတဲ့ဟာတွေရှိတယ်”

 

မြန်မာနိုင်ငံဟာ ရာသီဥတုပြောင်းလဲမှုရဲ့အကျိုးဆက်ကို အဆိုးရွားဆုံးခံရတဲ့နိုင်ငံတွေထဲမှာပါ၀င်နေပြီး  GERMANWATCH ရဲ့ ထုတ်ပြန်ချက်အရ ၁၉၉၃ကနေ ၂၀၂၂ခုနှစ်အထိကို ရာသီဥတုပြောင်းလဲမှု၊ထိခိုက်မှုအများဆုံး ဆယ်နိုင်ငံထဲမှာ နံပါတ် ၄ အဆင့်မှာရှိနေပါတယ်။

 

ရာသီဥတုပြောင်းလဲမှုဆိုးရွားလာပြီးနောက်ပိုင်း အရင်တုန်းကမြန်မာတောင်သူလယ်သမားတွေအသုံးပြုခဲ့တဲ့  မိရိုးဖလာ မိုးလေ၀သခန့်မှန်းနည်းလမ်းတွေဖြစ်တဲ့ မိုးတိမ်တောင်တွေကြည့်ပြီးခန့်မှန်းတာ၊ ဖားအော်သံ၊ငှက်အော်သံတွေနဲ့ ၀ါထပ်တဲ့နှစ်တွေပေါ်မူတည်ပြီး မိုးရွာချိန်ခန့်မှန်းတာ၊ နေ၊လေ၊ တိမ်အခြေအနေကြည့်ပြီးပျိုးပင်ချတာ၊ တိရစ္ဆာန်တွေရဲ့ ရွေ့လျားမှုအထူးသဖြင့် ပုရွက်ဆိတ် တွေရဲ့ရွှေ့ပြောင်းမှုကိုကြည့်ပြီး ရေကြီးတာကိုခန့်မှန်းတာစတဲ့နည်းလမ်းတွေဟာ တိကျမှုအားနည်းလာပြီး တောင်သူလယ်သမားတွေက သိပ္ပံနည်းကျခန့်မှန်းတဲ့မိုးလေ၀သအချက်အလက်တွေကို ပိုပြီးအား ပြုလာကြပါတယ်။

 

ဒီလိုအချက်အလက်တွေကို ၂၀၂၁ အာဏာမသိမ်းခင်က သတင်းစာ၊ TV channel၊ ရေဒီယိုတွေနဲ့ အင်တာနက်တွေကနေတဆင့် တောင်သူတွေကလွယ်လွယ်ကူကူရယူနိုင်ခဲ့ကြပါတယ်။

 

အာဏာသိမ်းပြီးနောက်ပိုင်းမှာ အင်တာနက်ဖြတ်တောက်ခံရတဲ့အပြင် တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေးနဲ့သွားလာရေးပိုခက်ခဲလာကြပြီး သတင်းစာ၊ဂျာနယ်တွေလည်းနေရာတိုင်း မရောက်ရှိနိုင်တော့သလို လျှပ်စစ်မီးလည်းပြတ်တောက်နေတဲ့အတွက် TV Channel လိုင်းတွေလည်း ကြည့်ရှုလို့မရတော့တဲ့အခြေအနေပါ။

 

ဒါ့အပြင် ဒေသမီဒီယာတွေနဲ့တနိုင်ငံလုံးကိုလွှမ်းခြုံတဲ့ Mainstream မီဒီယာတွေကိုလည်း အာဏာသိမ်းစစ်အုပ်စုက လိုက်လံဖမ်းဆီးနေတဲ့အတွက် ပြည်ပကို Exileမီဒီယာအနေနဲ့ထွက်ပြေးတိမ်ရှောင်နေကြရပြီး အရင်က ဒေသကပြည်သူတွေအဓိကအားထားနေရတဲ့ ဒေသတွင်းမီဒီယာစာစောင်တွေကနေရရှိနေတဲ့ မိုးလေ၀သ သတင်းအချက်အလက်တွေဟာလည်း ဆိတ်သုဥ်းပျောက်ကွယ်သွားပါတော့တယ်။​

 

ရခိုင်ပြည်နယ်မြောက်ပိုင်း မြေပုံမြို့နယ်အတွင်းက လယ်သမားတွေကို ၂၀၂၅ခုနှစ်၊နိုဝင်ဘာလအစောပိုင်းက တွေ့ရစဉ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မြေပုံမြို့နယ်အတွင်းက လယ်သမားတွေကို ၂၀၂၅ခုနှစ်၊နိုဝင်ဘာလအစောပိုင်းက တွေ့ရစဉ်။

ရခိုင်ပြည်နယ်၊မြောက်ဦးက ဒေသခံတောင်သူတစ်ဦးကတော့ အင်တာနက်မရတဲ့အပြင် ဖုန်းလိုင်းပါဖြတ် တောက်ခံရတဲ့အတွက် မိုးလေ၀သနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေ လုံး၀မရသလောက်ပဲလို့ပြော တယ်။

 

“မိုးလေဝသ သတင်းတွေကတော့မရဘူးပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ဒီမှာကအင်တာနက်လည်းမရ၊ ဖုန်းလိုင်းလည်းမရ၊ ရေဒီယိုတွေလည်းမရ ၊TV ကြည့်ဖို့ကလည်း လျှပ်စစ်မီးမရတော့ သတင်းကမရဘူး ပြောရမှာပဲ”

 

တနိုင်ငံလုံးအနှံ့နီးပါးဖမ်းယူနိုင်တဲ့ရေဒီယိုလိုင်းကိုသာ ဒေသအချို့ကအားပြုနေကြရပြီးနေကြရပေမယ့် ကျေးလက်ဒေသကပြည်သူတွေ အဓိကအားထားနေရတဲ့ RFA , VOA မြန်မာပိုင်းရေဒီယိုအသံထုတ်လွှင့်မှုအစီအစဥ်တွေဟာလည်း ၂၀၂၅ခုနှစ် နှစ်လယ်ကစပြီး ရန်ပုံငွေဖြတ်တောက်ခံရတဲ့အတွက် ထုတ်လွှင့်မှုတွေရပ်တန့်သွားခဲ့ပါတော့တယ်။

 

“ကျမတို့မှာ အင်တာနက်လိုင်းလည်းမရှိ ဘာလည်းမရှိ၊ မိုးရွာမလား၊နေပူမလားခန့်မှန်းပြီးတော့ပဲ စိုက်ကြတယ်” လို့ လယ် ၃ ဧကစိုက်ပြီး စား၀တ်နေရေးအတွက်ဖြေရှင်းနေတဲ့ ရခိုင်ပြည်နယ်၊မြောက်ဦးဒေသက ဒေါ်မြသန်းနွယ်ကပြောပါတယ်။

သူတို့သတင်းအချက်အလက်မရရှိတော့တာဟာ စစ်အုပ်စုနဲ့အာရက္ခတပ်တောက် (AA) တို့ တကျော့ပြန်တိုက်ပွဲပြင်းထန်လာတဲ့ ၂၀၂၃ခုနှစ် နောက်ပိုင်းမှာဖြစ်ပါတယ်။​

 

ချင်းပြည်နယ်က မမေရီဆန်းကလည်း မိုးလေ၀သအချက်အလက်တွေမရတဲ့အတွက် လယ်ယာလုပ်ငန်းကို စိတ်မှန်းနဲ့ ခန့်မှန်းစိုက်နေရတယ်လို့ ဆိုထားပါတယ်။

 

“အခုကတော့ အင်တာနက်တွေလည်းဖြတ်တောက်ခံထားရတယ်။ အချက်အလက်တွေက ရဖို့ခက်တယ်။ မိုးများမလား..မမျာဘူးလား..အဲ့တာမျိုးတွေမသိကြဘူး။ အဲဒီတော့ စိုက်တဲ့အခါ စိတ်မှန်းနဲ့စိုက်ကြ တာပေါ့နော်၊ရေဒီယိုကလည်း နေရာတိုင်းမှာရေဒီယိုလိုင်းမမိဘူး”

 

လက်ရှိမှာ BBCမြန်မာပိုင်းအသံလွှင့်ရေဒီယိုကနေ သတင်းအချက်အလက်တွေရရှိနိုင်သေးပေမယ့် လမ်းပန်းဆက်သွယ်ရေးပိတ်ခံထားရတဲ့ ရခိုင်ပြည်နယ်မှာတော့ ရေဒီယိုနဲ့ဓါတ်ခဲတွေစျေးအဆမတန်ကြီးနေတဲ့ အတွက် ဒေသခံတွေနဲ့တောင်သူတွေဟာ ရေဒီယိုမ၀ယ်နိုင်ကြတော့ဘူးလို့ ရခိုင်တောင်သူတွေကပြောပါတယ်။​

 

အရင်က ထောင်ဂဏန်း၊သောင်းဂဏန်းသာရှိခဲ့တဲ့ရေဒီယိုတစ်လုံးကို လက်ရှိမှာကျပ်တစ်သိန်းအထိ စျေးပေါက်နေပြီး အရင်ကရာဂဏန်းတောင်မပြည့်ခဲ့တဲ့ဓါတ်ခဲတစ်လုံးကိုလည်း ဒေသတွင်းမှာ ကျပ်တစ်ထောင်လောက် ပေးပြီး၀ယ်နေကြရပါတယ်။​

 

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်မှာနေထိုင်ပြီး မျိုးရိုးစဉ်ဆက်လယ်ယာလုပ်ငန်းလုပ်ကိုင်လာတဲ့ တောင်သူ ဒေါ်မာလေးကတော့ မိုးလေ၀သအချက်အလက်ရရ၊မရရ စိုက်စရာရှိတာကတော့ စိုက်ရမှာပဲလို့ဆိုပါတယ်။​

 

" မိုးလေဝသ သတင်းက ဘယ်ကနေမှမရပါဘူး။ သူ့စိုက်ရမယ့်အချိန်ရောက်ရင် စိုက်လိုက်တာပဲ။ တောမှာကလည်း ရေဒီယိုတောင်မရှိဘူး။ မိုးကမရွာတာ၊ရွာတာသူ့အပိုင်း"

  

လယ်ယာစိုက်ပျိုးရေးကို ခြိမ်းခြောက်နေတဲ့ အစွန်းရောက်ရာသီဥတုများ

 

မြန်မာနိုင်ငံဟာ အာဏာသိမ်းပြီးနောက် ပြည်တွင်းတိုက်ပွဲတွေပြင်းထန်လာတာနဲ့အတူ ရာသီဥတုပြောင်းလဲမှုရဲ့  အကျိုးဆက်တွေဖြစ်တဲ့ ရေကြီးတာ၊မုန်တိုင်း၀င်တာ၊ အပူလှိုင်းဖြတ်တာနဲ့မြေပြိုတာတွေ ဆက်တိုက်ဖြစ်လာပါတယ်​။

 

ဒီရာသီဥတုပြောင်းလဲမှုရဲ့အကျိုးဆက်ဖြစ်စဥ်အားလုံးဟာ စိုက်ပျိုးရေးကိုအခြေခံထားတဲ့ မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုစွမ်းအားတွေဆုံးရှုံးပျက်ဆီးစေပြီး အဲဒီအပေါ်မှီခိုအားထားနေရတဲ့ ဒေသခံတောင်သူ လယ်သမားတွေကို ဆင်းရဲမွဲတေမှုပိုဆိုးရွားလာစေခဲ့ပါတယ်။

 

အာဏာသိမ်းပြီးနောက် ၂၀၂၃မှာ ရခိုင်ပြည်နယ်မှာ၀င်ခဲ့တဲ့ “မိုခါ” မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်တွင်း ဆုံးရှုံးမှုအများအပြားခံစားခဲ့ရပါတယ်။

 

ရခိုင်ပြည်နယ်မြောက်ပိုင်း မြေပုံမြို့နယ်အတွင်းက လယ်သမားတွေကို ၂၀၂၅ခုနှစ်၊နိုဝင်ဘာလအစောပိုင်းက တွေ့ရစဉ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မြေပုံမြို့နယ်အတွင်းက လယ်သမားတွေကို ၂၀၂၅ခုနှစ်၊နိုဝင်ဘာလအစောပိုင်းက တွေ့ရစဉ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UN OCHA Myanmar) စာရင်းအရ ဆိုင်ကလုံးမုန်တိုင်း “မိုခါ” ကြောင့် ရခိုင်ပြည်နယ်အပါအဝင်၊ ချင်း၊ စစ်ကိုင်း၊ မကွေးနဲ့ကချင်တို့မှာ လူဦးရေ ၁ ဒသမ ၆ သန်း ထိခိုက်ခဲ့ပါတယ်။

 

မိုခါကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေဟာ လူနေအဆောက်အအုံနဲ့လူနေမဟုတ်တဲ့အဆောက် အအုံပျက်စီးတာအပြင် လယ်ယာမြေတွေပျက်စီးဆုံးရှုံးတာတွေလည်းပါ၀င်ပြီး ပျက်စီးဆုံးရှုံးမှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၄ဘီလျံရှိတယ်လို့ ကမ္ဘာ့ဘဏ်ကခန့်မှန်းထုတ်ပြန်ထားတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကလည်း တရုတ်၊ဗီယက်နမ်တို့ကနေဖြတ်ကျော်၀င်ရောက်ခဲ့တဲ့ ရာဂီမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတဝန်းရေကြီးရေလျှံမှုဖြစ်ခဲ့ပြီး နိုင်ငံအကျယ်အ၀န်းရဲ့ ၆ ရာခိုင်နှုန်းကျော်ဖြစ်တဲ့ မြို့နယ်ပေါင်း ၃၁၄ မြို့နယ်ရဲ့ မြေဧရိယာဧက ၁၀ သန်းကျော်ရေလွှမ်းခံရကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ကသတင်းထုတ်ပြန်ထားပါတယ်။

 

အဲ့ဒီအထဲက ဧက ၈ သန်းကျော်ဟာ မြို့နယ် ၃၀၀ ကျော်ကစိုက်ပျိုးမြေတွေဖြစ်ပြီး နိုင်ငံအနှံ့စိုက်ပျိုး မြေဧရိယာရဲ့ စုစုပေါင်းရဲ့ ၂၄ ရာခိုင်နှုန်းရေလွှမ်းခံခဲ့ရတာပါ။​ မြန်မာနိုင်ငံမှာမြို့နယ်ပေါင်း ၃၃၀ ရှိပါတယ်။

 

“စူပါတိုင်ဖွန်း ရာဂီကြောင့်ဖြစ်ခဲ့တဲ့ဒီရေ‌ဘေးဟာ မြန်မာနိုင်ငံရဲ့ခေတ်သစ်သမိုင်းမှာအဆိုးရွားဆုံးရေဘေးပါပဲ။ နိုင်ငံရဲ့ နေရာအတော်များများမှာရေလွှမ်းမိုးခံနေရပြီး တချို့နေရာတွေမှာဆိုရင် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအဖြစ်ရေလွှမ်းမိုးတာကို ကြုံတွေ့ရတာဖြစ်ပါတယ်”လို့ WFPရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စား လှယ် Ms. Sheela Matthew က ကုလသမဂ္ဂမြန်မာရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာပြောကြားထားပါတယ်။  

 

ပြီးခဲ့တဲ့ ၂၀၂၂ ကထုတ်ပြန်ခဲ့တဲ့ MIMUရဲ့ Climate, Environmental Degradation and Disaster Risk in Myanmar Analytical Brief အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ၁၉၉၀ ကနေ  ၂၀၁၀ ခုနှစ်အတွင်းရေကြီးတာ၊ မုန်တိုင်း၀င်တာတွေပိုဖြစ်ခဲ့ပြီး ၂၀၁၀ ကနေ ၂၀၂၀ အတွင်းမှာတော့ မြေပြိုတာပါပိုဖြစ်လာကြောင်း ဖော်ပြထား ပါတယ်။​

 

“စပါးတွေစိုက်လိုက်တဲ့အချိန်မှာ မိုးကြီးတော့ စပါးပင်တွေပျက်စီးသွားတယ်။ထပ်စိုက်ရတယ်။ မျိုးစပါးတစ်တင်းကို နှစ်သောင်းခွဲနဲ့ဝယ်ပြီးတော့ထပ်စိုက် ၊အဲတာလည်း မိုးကြောင့်ထပ်ပျက်သွားတော့ သူများဆီကပျိုးပင်တွေဝယ်စိုက်ရတယ်။ အဲလိုအခက်အခဲတွေနဲ့ ဆုံးရှုံးမှုတွေများတယ်”

 

အခုနောက်ပိုင်း ရေကြီးမှုတွေမကြာခဏဖြစ်လာတဲ့အတွက် စပါးတွေအကြိမ်ကြိမ်ထပ်စိုက်နေရတဲ့အကြောင်းကို မြောက်ဦးဒေသခံ ဒေါ်မြသန်းနွယ် ပြောထားတာပါ။​

 

MIMU ရဲ့ ခန့်မှန်ထားချက်အရဆိုရင် မြန်မာနိုင်ငံဟာ ရာသီဥတုပြောင်းလဲမှုနဲ့ သဘာ၀ပတ်၀န်းကျင်ပျက်ဆီးယိုးယွင်းလာမှုကြောင့် မုန်တိုင်း၀င်ခြင်း၊ရေကြီးခြင်းနဲ့ မြေပြိုခြင်းစတဲ့ ဘေးအန္တာရာယ်တွေဖြစ်ပွားတဲ့ အကြိမ်ရေ၊ပြင်းထန်မှုနဲ့ သက်ရောက်မှုတွေဟာ တိုးလာနေပြီး လူမှုအသိုင်းအ၀ိုင်းကကိုင်တွယ်နိုင်စွမ်းထက်ကျော်လွန်တဲ့ ပြင်းထန်တဲ့ရေကြီးရေလျှံမှုတွေက ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေက မကြာခဏဖြစ်ပွားခဲ့တယ်လို့ဖော်ပြထားတယ်။

 

​အခုဖြစ်စဥ်တွေဟာ စိုက်ပျိုးရေးကိုအခြေခံထားတဲ့မြန်မာနိုင်ငံအတွက် တောင်သူလယ်သမားတွေအပေါ် အများဆုံးသက်ရောက်မှုရှိနေတဲ့ ဖြစ်စဥ်တွေဖြစ်တယ်။

 

ရာသီဥတုပြောင်းလဲမှုရဲ့အကျိုးဆက်အနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ရေကြီးရေလျှံမှု၊စားနပ်ရိက္ခာ ခြိမ်းခြောက်ခံရမှုနဲ့ပတ်သက်ပြီး WFPရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်က အခုလို မှတ်ချက်ပြုထားပါတယ်။​

 

“ဒီရေဘေးရဲ့ စားနပ်ရိက္ခာဖူလုံမှုအပေါ် သက်ရောက်မှုက အင်မတန်ပြင်းထန်ဆိုးရွားလှပါတယ်။ ရေကြီးမှုတွေ မဖြစ်ပွားခင် သြဂုတ်လမှာကတည်းက မြန်မာနိုင်ငံမှာလူဦးရေပေါင်း ၁၃ သန်းကျော်ဟာ စားနပ်ရိက္ခာ မလုံလောက်မှုကို ကြုံတွေ့နေရတာပါ”

 

လယ်သမားတွေ သတင်းအချက်အလက်မရတော့ဘာဖြစ်လဲ​

 

“သတင်းလည်းမသိရ ၊ဘာလဲမသိရဆိုတော့ ရေကြီးလာလို့ရှိရင် စပါးပင်တွေလည်းအကုန်သေကုန်တယ်။ ပြီးတော့ ကြဲထားတဲ့စပါးခင်းတွေလည်း ပျက်စီးသွားတယ်။ ထပ်ကြဲတော့လည်း ထပ်ပျက်စီး အဲလိုအခက်အခဲတွေရှိတယ်။ ပြီးတော့စပါးပင်တွေ ထွက်ခါစရောက်လာပြန်ရင်လည်း မိုးကြီးတော့ စပါးတွေပျော်ကျ(သေ)သွားပြန်တယ်။အဲတော့ ထပ်ကြဲရပြန်တယ်။ ဆိုတော့စပါးပင်တွေက ရှိတဲ့နေရာရှိတယ်၊ မရှိတဲ့နေရာမရှိဖြစ်ကုန်ရော ”လို့ မြောက်ဦးသူ ဒေါ် မြသန်းနွယ်ကပြောတယ်။​

 

အလားတူပဲ မြောက်ဦးမြို့နယ်က လယ်သမားဦးအောင်စံမြဟာလည်း  မိုးလေဝသသတင်းအချက်အလက်မရရှိဘဲ စပါးစိုက်ရတာကြောင့် ဒီနှစ်ထဲ လယ် ၃ ဧကကျော် ပျက်ဆီးသွားခဲ့ပါတယ်။ 

 

“ကျနော်တို့မှာ မိုးလေဝသသတင်းနားထောင်ဖို့ ရေဒီယိုလည်းမရှိ ဘာလည်းမရှိ ဗရမ်းပတာပဲ။ ရခိုင်မှာရေကြီးမယ်ဆိုရင်လည်း ကျနော်တို့မသိဘူး။ မသိတော့ စပါးတွေကြဲထားပြီး အဲတာကြောင့် ပျက်စီးမှုတွေအများကြီးရှိတယ်။ ဒီနှစ်ဆိုရင် စပါးဝါး သုံးရာ၊လေးရာလောက်ပျက်စီးသွားတယ်။ သိန်းနှစ်ဆယ်ကျော်လောက် ဆုံးရှုံးသွားတာပေါ့။ ဒီရွာမှာ အကုန်လုံးနီးပါးက အဲလိုဆုံးရှုံးသွားကြတယ်”

 

ရခိုင်ပြည်နယ်မြောက်ပိုင်း မြေပုံမြို့နယ်အတွင်းက လယ်သမားတွေကို ၂၀၂၅ခုနှစ်၊နိုဝင်ဘာလအစောပိုင်းက တွေ့ရစဉ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မြေပုံမြို့နယ်အတွင်းက လယ်သမားတွေကို ၂၀၂၅ခုနှစ်၊နိုဝင်ဘာလအစောပိုင်းက တွေ့ရစဉ်။

ဒါ့အပြင် လယ်သမားတွေအနေနဲ့ ထွန်ယက်စိုက်ပျိုးစရိတ်တွေ၊ မြေဆီဩဇာနဲ့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်တာတွေနဲ့ပါရင်ဆိုင်နေတာကြောင့် လယ်သမားတွေစပါးစိုက်တာမမြတ်ဘူးလို့ သူကဆက်ပြောပါတယ်။ 

 

ရခိုင်ပြည်နယ်မှာ စပါးစိုက်လယ်ဧက ၁၂ သိန်းဝန်းကျင်အထိရှိပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ပြင်းထန်လာတဲ့ စစ်ရေးပဋိပက္ခတွေနဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကြောင့် စပါးစိုက်ဧကတွေ တဖြည်းဖြည်းလျော့နည်းလာခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်အတွင်းမှာတော့ စစ်ရေးပဋိပက္ခအပါအဝင် ရာသီဥတုဖောက်ပြန်ပြောင်း လဲမှုတွေကြောင့် လယ်ဧက ၆ သိန်းဝန်းကျင်လောက်သာ ထိထိရောက်ရောက်စိုက်ပျိုးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

 

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့   ၂၀၂၅ ခုနှစ်၊ ဇွန်လမှ ဇူလိုင်လကုန်အထိ ဖြစ်ပွားခဲ့တဲ့ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မြို့နယ် ၈မြို့နယ်က လယ်ဧက ၁၈,၈၂၃ ဧက ရေနစ်မြုပ်ပျက်စီးခဲ့တယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်တုံ့ပြန်ရေးရုံး (HDCO) က ထုတ်ပြန်ထားပါတယ်။

 

အလားတူပဲ တခြားတိုင်းနဲ့ပြည်နယ်တွေက ဒေသခံတောင်သူလယ်သမားတွေဟာလည်း ရခိုင်တောင်သူတွေလို ဆုံးရှုံးနစ်နာမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ 

 

မကွေးတိုင်းအတွင်းမှာဆိုရင်လည်း မိုးလေဝသသတင်းအချက်အလက်မရတဲ့အပြင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့်နှမ်းစိုက်ခင်းတွေ တော်တော်များများပျက်စီးခဲ့တယ်လို့ ဂန့်ဂေါမြို့ နယ်အတွင်း နှမ်းစိုက်ပျိုးနေတဲ့ ဒေါ်တူးကပြောပါတယ်။ 

 

 "နှမ်းစိုက်တဲ့အချိန်တွေမှာ မိုးတွေကတအားရွာ ပျက်၊ ပြန်စိုက်ရ။ ပြန်ထွန်ရနဲ့ ။စက်ခုတ်ခက တစ်ဧက ကို ရှစ်သောင်း။ သုံးခါလောက်ကြဲရတဲ့သူတွေ ပက်လက်လန်တယ်"

 

ဒေါ်တူးဟာနှမ်းသီးနှံစိုက်ပျိုးရေးအတွက် ကျပ်ခြောက်သိန်းကျော်အထိရင်းခဲ့ရပေမယ့် နှမ်းထွက်ချိန်မှာတော့ နှမ်းဆယ့်လေးပြည်သာပြန်လည်ရရှိခဲ့တာကြောင့် မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ပါဘူး။

 

မကွေးတိုင်းဒေသကြီးမှာ သီနှံစိုက်ပျိုးနိုင်တဲ့ မြေဧရိယာ စုစုပေါင်း ဧက ၃.၄ သန်း ဝန်းကျင်အထိရှိတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီးဌာနရဲ့စာရင်းမှာ ဖော်ပြထားပါတယ်။

 

ဒါပေမယ့်လည်း ရာသီဥတုဖောက်ပြန်တာတွေ အထူးသဖြင့် မိုးခေါင်တာ၊အချိန်အခါမဟုတ် မိုးရွာသွန်းတာတွေကြောင့် ၂၀၂၅ ခုနှစ်အတွင်း ဧက ၃သန်းဝန်းကျင်လောက်သာစိုက်ပျိုးနိုင်ခဲ့ပါတယ်။ 

 

တောင်ယာလုပ်ငန်းနဲ့ အဓိကအသက်မွေးဝမ်းကျောင်းပြုကြတဲ့ ချင်းပြည်နယ်မှာဆိုရင်လည်း ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်တွေမသိဘဲ စိုက်ပျိုးနေရတာကြောင့် ပျက်စီးဆုံးရှုံးမှုတွေများနေတယ်လို့  မမေရီဆန်ကပြောပါတယ်။ 

 

“အရင်တုန်းကဆိုရင် ဒီရက်ဒီရက်တွေမှာ မိုးများနိုင်တယ်။ အဲလိုမျိုးအချက်အလက်ရထားရင် စိုက်ပျိုးမှုကို နောက်ဆုတ်ထားတာတွေဘာတွေရှိကြတာပေါ့။ အခုက ရာသီဥတုအချက်အလက်တွေမရတော့ မိုးများတဲ့ စိုက်ပျိုးထားတဲ့နေရာတွေ မြေပြိုတာ၊ မြေသားတွေလျောသွားပြီးတော့ မျိုးစေ့တွေ ပါသွားတာမျိုးတွေရှိတယ်ဆိုတော့ ဆုံးရှုံးမှုတွေရှိတယ်ပေါ့နော်။ ကျမတို့ဆိုရင်လည်း ပြောင်းစိုက်တာ မိုးများတော့ မသီးတာအဲလိုမျိုး။ ပြောင်းကအညှောင့်မထွက်ဘဲနဲ့ နှစ်ခါသုံးခါပြန်စိုက်ရတာမျိုးတွေရှိတယ်”

 

ချင်းပြည်နယ်က တောင်သူတွေအနေနဲ့ မိသားစုတခုလုံးရဲ့ လုပ်အားတွေကို တောင်ယာလုပ်ငန်း တွေပေါ်မှာ ရင်းနှီးမြုပ်နှံပြီး စိုက်ပျိုးရေးလုပ်ငန်းတွေကိုလုပ်ကိုင်ကြတာဖြစ်သလို တောင်ယာလုပ်ငန်းကထွက်လာတဲ့ သီးနှံတွေကိုရောင်းချပြီးတော့ မိသားစုအတွက် စားဝတ်နေရေး၊ပညာရေး၊ ကျန်းမာရေးစတဲ့ လူမှုရေးရာတွေကို ‌ဖြေရှင်းကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ 

 

ချင်းပြည်နယ်၊တီးတိန်မြို့က ပြောင်းစိုက်ခင်းတွေကို ၂၀၂၅ခုနှစ်အတွင်းကတွေ့ရစဉ်။
ချင်းပြည်နယ်၊တီးတိန်မြို့က ပြောင်းစိုက်ခင်းတွေကို ၂၀၂၅ခုနှစ်အတွင်းကတွေ့ရစဉ်။

ဒါပေမယ့်လည်း အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့စိုက်ပျိုးရေးလုပ်ငန်းတွေမဖြစ်ထွန်းတာ ရာသီဥတုဖောက်ပြန်တာတွေကြောင့် တောင်သူတွေဟာတောင်ယာလုပ်ငန်းတွေကိုစွန့်ခွာပြီး တခြား နေ့စားအလုပ်တွေကိုပြောင်းလုပ်လာကြတယ်လို့  မမေရီဆန်ကပြောပါတယ်။ 

 

“စပါးတွေဘာတွေစိုက်ရင် မိုးအခြေအနေအဓိကသိရတာပေါ့နော်။ မိုးအခြေအနေမသိဘဲ စိုက်ရင်ပျက်စီးဆုံးရှုံးမှုကပိုများတယ်။ အဲလိုအခြေအနေတွေမှာ တချို့စပါးစိုက်တဲ့သူတွေဆိုရင် လုံးဝမစိုက်တော့တာလည်းရှိတယ်။ အရင်က ၅ဧကစိုက်တယ် နောက်ဆိုရင် ၃ဧကလောက်ပဲ စိုက်တော့တယ်အဲလိုဖြစ်ကြတာပေါ့”

 

ချင်းပြည်နယ်တခုလုံးမှာ အရင်ကစိုက်ပျိုးမြေ စုစုပေါင်း ဧက ၄၅၀,၀၀၀ အထိရှိခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဧက ၄ သိန်း လောက်သာစိုက်ပျိုးနိုင်တော့တာပါ။ 

 

ကောင်းကင်နဲ့ အဆက်အသွယ်ရအောင်ကြိုးစားခြင်း

 

အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ဒေသတွေက တောင်သူတွေအနေနဲ့ သတင်းအချက်အလက်တွေရဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ခက်ခက်ခဲခဲကြိုးစားရယူနေတာကြသလို တချို့ မီဒီယာတွေအရပ်ဘက်အဖွဲ့ အစည်းတွေအနေနဲ့ သတင်းအချက်အလက်တွေကို နည်းမျိုးစုံနဲ့ ပေးနေကြတာတွေလည်းရှိပါတယ်။ 

 

အင်တာနက်ဖြတ်တောက်ခံရမှု အဆိုးဆုံးဒေသတွေဖြစ်တဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာတော့ သတင်းအချက် အလက်အမှောင်ချခံထားရတာကို ကျော်လွှားနိုင်ဖို့အတွက် Star Link အင်တာနက်စက်တွေအသုံးပြုလာကြ တာရှိတယ်လို့ Myanmar Internet Projectက ကိုသစ်ဉာဏ်က ပြောပါတယ်။

 

“တချို့သော နေရာတွေမှာတော့ ဒါတွေကိုကျော်လွှားဖို့ Star Link ကို သုံးကြတာရှိတယ်၊ ဒါပေမယ့်လည်း သူ့မှာလည်း အကန့်အသတ်တွေရှိနေတယ်။ အကန့်အသတ်တွေရှိနေပေမယ့် Star Link ကတော့ လက်ရှိမှာ အကောင်းဆုံးလို့ ပြောလို့ရတယ်”

 

လက်ရှိ မြန်မာနိုင်ငံအတွင်းက အင်တာနက်ဖြတ်တောက်ခံထားရတဲ့နေရာတွေ စစ်ရေးပဋိပက္ခတွေ ရှိနေတဲ့နေရာတွေမှာအသုံးပြုလာကြတဲ့ Star link အင်တာနက်ဟာလည်း စစ်အစိုးရက တရားမ၀င်အင်တာနက်လိုင်းအဖြစ် သတ်မှတ်ထားတာကြောင့် နေရာတိုင်း၊ရွာတိုင်းမှာတပ်ဆင်ထား တာမျိုးမရှိပါဘူး။

 

ဒေသခံတွေဟာ သတင်းအချက်တွေသိရဖို့ Star linkအင်တာနက်ဝန်ဆောင်မှုပေးတဲ့နေရာတွေကို တကူးတကသွားရောက်ပြီး အခကြေးငွေပေးပြီးသုံးရတာလည်းဖြစ်ပါတယ်။တချို့နေရာတွေမှာ တနာရီကို ကျပ် ၃၀၀၀ကနေ ၅၀၀၀အထိပေးရတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။

 

ဒါ့အပြင် စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ ဒေသခံပြည်သူတွေ သတင်းအချက်အလက်တွေရနိုင်ဖို့အတွက် ပုံနှိပ် ဂျာနယ်တွေထုတ်ဝေဖြန့်ပေးနေတာရှိတယ်လို့ မကွေးတိုင်းအခြေပြုသတင်းတွေကိုဖော်ထုတ်ရေးသားနေတဲ့ The Nation Voice သတင်းဌာနတာဝန်ခံအယ်ဒီတာ ကိုနေအောင်ကပြောပါတယ်။  

 

“အဓိကတော့ အင်တာနက်မရတဲ့ဒေသခံတွေမှာ ဒေသခံပြည်သူတွေပေါ့။ သတင်းတွေသိရအောင် ကျနော်တို့က ဂျာနယ်ထုတ်တယ်။ ဂျာနယ်က တလကို နှစ်ကြိမ်ထုတ်တယ်။ ထွက်လာတဲ့ ဂျာနယ်ကို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း အဲ့ဒေသနှစ်ခုမှာဖြန့်နေတာပါ”

 

ဒါပေမယ့် လက်ရှိဖြန့်ဝေပေးနေတဲ့ဂျာနယ်တွေမှာ လူ့အခွင့်အရေးဆိုင်ရာသတင်းတွေ၊လူသားချင်း စာနာထောက်မှုနဲ့ဆိုင်တဲ့သတင်း စစ်ကျန်လက်နက်ပစ္စည်းတွေနဲ့ မြေမြုပ်မိုင်းအန္ရာယ်တွေနဲ့ပတ်သင်ပြီးသာ  အဓိကထားဖော်ပြပေးနိုင်ပြီး မိုးလေဝသနနဲ့ဆိုင်သတင်းတွေ ရံဖန်ရံခါလောက်သာထည့်သွင်းနိုင်တဲ့ အခြေအနေမျိုးဖြစ်နေပါတယ်။ 

 

“လောလောဆယ်မှာတော့ ကျနော်တို့ကတော့ဘာကိုစဉ်းစားလဲဆိုရင် စာမျက်နှာပိုတိုးထုတ်နိုင်ဖို့ကို စဉ်းစားပါတယ်။ clamite  change၊ မိုးလေဝသနဲ့ဆိုင်တဲ့ သတင်းအချက်တွေကိုပိုပေးနိုင်ဖို့ သီခြား စာမျက်မှာတခုထားမယ်။ စာမျက်မှာတိုးထုတ်မယ်။ ပြီးတော့ စောင်ရေတိုးထုတ်ပြီးတော့နယ်မြေတွေ တိုးဖြန့်လို့ရတယ်”လို့ ကိုနေအောင်ကပြောတာပါ။

 

Online Media တစ်ခုဖြစ်တဲ့  CJ Platform သတင်းဌာနကအယ်ဒီတာချုပ် ကိုမင်းသူဝင်းထွဋ်ကလည်း စစ်ကောင်စီလက်ထက်မှာ ပြည်သူတွေ မိုးလေ၀သ သတင်းအချက်အလက်ပိုရအောင်၊ ပိုစိတ်၀င်စားလာအောင် Program (အစီအစဥ်)တွေလုပ်ပြီး တင်ဆက်ပေးတာရှိတယ်လို့ဆိုပါတယ်။​

 

“သူတို့သတင်းအချက်အလက်ရအောင်လို့ ကျွန်တော်တို့ Metropool, Windy တို့လိုဟာမျိုးတွေကို ဝယ်ယူပြီး လေ့လာကြည့်ရှုတယ်။ ပြီးတော့ ခန့်မှန်းချက်တွေကို ထုတ်ပေးဖြစ်တယ်။ စပြီးတင်ဆက်တဲ့အချိန်မှာ ကျွန်တော်တို့မှာ တင်ဆက်သူ (Presenter) တွေ၊ စတူဒီယိုခန်းတွေ မရှိတော့ AI (Artificial Intelligence) သုံးပြီး တင်ဆက်တာပေါ့။ အဲ့ဒီကနေမှ တင်ဆက်သူနဲ့ အဆင့်မြှင့်တင်ပြီး တင်ဆက်တယ်။ ပြည်သူတွေက အစောပိုင်းမှာ သိပ်စိတ်မဝင်စားကြပေမဲ့ နာဂစ်မုန်တိုင်းပြီးတဲ့နောက်မှာတော့ မိုးလေဝသသတင်းက ကျွန်တော်တို့ဆီမှာ အောင်မြင်ဆုံး Programတခုဖြစ်လာခဲ့တယ်”

 

လက်ရှိမှာ မိုးလေ၀သ၊ ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်ပြီး တစ်နေ့နှစ်ကြိမ်တင်ဆက်နေပေမယ့်လည်း အွန်လိင်းပလက်ဖောင်းကိုသာအားကိုးနေရတဲ့အတွက် အင်တာနက်မရတဲ့ ဒေသကပြည်သူတွေအတွက် မလုပ်ပေးနိုင်သေးဘူးလို့လည်း ဆိုပါတယ်။​

 

တောင်သူလယ်သမားတွေအနေနဲ့ မိုးလေဝသနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေ အချိန်နဲ့တပြေးညီရနိုင်မှ စိုက်ပျိုးရေးလုပ်ငန်းတွေကို ဆုံးရှုံးနစ်နာမှုနည်းအောင် စိုက်ပျိုးနိုင်မှာဖြစ်သလို ထွက်လာတဲ့ ထွက်ကုန်တွေကိုလည်း ဈေးကွက်ရှာဖွေပြီး ကောင်းကောင်းမွန်မွန်ရောင်းချနိုင်မှာဖြစ်ပါတယ်။

 

အခုလို အင်တာနက်ခေတ်မှာ အခြေခံသတင်းသိပိုင်ခွင့်တောင် ဆုံးရှုံးနေကြတဲ့ မြန်မာနိုင်ငံက ဒေသခံပြည်သူတွေအတွက် လာမယ့်ကာလတွေမှာ တိုင်းပြည်အေးချမ်းပြီးတော့ လျှပ်စစ်မီး၊ဖုန်း၊အင်တာနက်နဲ့ တခြားသော လူသားတို့ရဲ့ အခြေခံလိုအပ်ချက်တွေရရှိနိုင်ဖို့ကို ရခိုင်တောင်သူ ဒေါ်မြသန်းနွယ်တို့လို ပြည်သူတွေက မျှော်လင့်တောင့်တနေကြပါတယ်။

 

“ဖုန်းနဲ့အင်တာနက်လိုင်းတော့လိုချင်တယ်။ အဆက်အသွယ်ရအောင် သတင်းတွေသိရအောင်လေ။ အခုက ဖုန်းတခါသွားပြောရင် သွားစရိတ်လာစရိတ်နဲ့ ပိုက်ဆံက ၅သောင်းလောက်ကုန်တယ်။ အခုက ဖုန်းလိုင်းမရတော့ မျက်လုံးကို မှိတ်ထားသလို ဖြစ်နေတယ်”

 

ရခိုင်ပြည်နယ်မြောက်ပိုင်း မြေပုံမြို့နယ်အတွင်းက လယ်သမားတွေကို ၂၀၂၅ခုနှစ်၊နိုဝင်ဘာလအစောပိုင်းက တွေ့ရစဉ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မြေပုံမြို့နယ်အတွင်းက လယ်သမားတွေကို ၂၀၂၅ခုနှစ်၊နိုဝင်ဘာလအစောပိုင်းက တွေ့ရစဉ်။

ဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတဲ့ ချင်းပြည်နယ်မှာဆိုရင်လည်း စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေကြတဲ့ တောင်သူတွေအနေနဲ့ မိုးလေဝသဆိုင်ရာသတင်းအချက် အလက်တွေသိရဖို့အတွက် ဖုန်းလိုင်းမိတဲ့နေရာတွေကိုခက်ခက်ခဲခဲရှာဖွေနေကြရတယ်လို့ တီးတိန်မြို့နယ် ကပ်တဲရွာဒေသခံ မမေရီဆန်ကဆိုပါတယ်။ 

 

ဒါပေမယ့်လည်း ဖုန်းလိုင်း၊အင်တာနက်လိုင်းတွေဆိုတာကလည်း စစ်အုပ်စုကရည်ရွယ်ချက်ရှိရှိဖြတ်တောက်ထားတဲ့အရာတွေဖြစ်တဲ့အတွက် အမြဲတမ်းရှာဖွေမတွေ့ရှိနိုင်ဘဲ ​လက်ရှိမှာတော့ နေ့တိုင်းမြင်တွေ့နေရတဲ့ ကောင်းကင်က တိမ်တွေ၊နေတွေကိုမော့ကြည့်ပြီးတော့ပဲ​ မိုးလေ၀သအချက်အလက်ကိုခန့်မှန်းတွက်ချက်နေရတယ်လို့ မမေရီဆန်က ညည်းတွားပါတယ်။

 

“နေတွေ၊တိမ်တွေကတော့ မှန်နိုင်ကောင်းပါရဲ့”

 

 

 

 

 

 

 

 

 

 

 

 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page