မာဒူရိုနေရာကိုဆက်ခံတဲ့ ဒယ်လ်စီ ရိုဒရီဂွက်ဇ်ဆိုတာဘယ်သူလဲ
- BVJ

- Jan 6
- 1 min read
အေတီ/BVJ_ဒီဇင်ဘာ ၅၊ ၂၀၂၆

နီကိုလတ်စ် မာဒူရိုကိုအမေရိကန်တပ်ဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဒယ်လ်စီ ရိုဒရီဂွက်ဇ်ဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ယာယီသမ္မတဖြစ်လာပါတယ်။
သမ္မတအနေနဲ့တာဝန်ထမ်းဆောင်ဖို့ ယာယီဖြစ်စေ၊လုံးဝဖြစ်စေပျက်ကွက်ခဲ့ရင် ဒုတိယသမ္မတက သမ္မတတာဝန်တွေထမ်းဆောင်ရမယ်လို့ ဗင်နီဇွဲလားနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၃နဲ့၂၃၄ပြဌာန်းချက်အရ သမ္မတဖြစ်လာတာပါ။
ဘဏ္ဍာရေးနဲ့ရေနံဝန်ကြီးတာဝန်ယူထားတဲ့ ရိုဒရီဂွက်ဇ်ဟာ စနေနေ့ မွန်းလွဲပိုင်းမှာ ဗင်နီဇွဲလားသမ္မရာထူးကိုစတင်ရယူခဲ့ပါတယ်။ မာဒူရိုနဲ့ဇနီးသည် ဆီလီယာ ဖလောရက်စ်တို့အဖမ်းခံရပြီးနာရီပိုင်းအကြာမှာ ရိုဒရီဂွက်ဇ်ကအစိုးရအဖွဲ့ဝန်ကြီးတွေ၊ အကြီးတန်းအရာရှိတွေဝန်းရံထားတဲ့ အမျိုးသားကာကွယ်ရေးကောင်စီအစည်းအဝေးကို သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး အမေရိကန်ရဲ့ စစ်ရေးစစ်ဆင်ရေးကိုရှုတ်ချခဲ့ပါတယ်။ ပြီးတော့ မာဒူရိုနဲ့သူ့မိန်းမကိုချက်ချင်းပြန်လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။
မာဒူရိုနဲ့သူ့မိန်းမကိုဖမ်းဆီးခဲ့တဲ့ အမေရိကန်ရဲ့စစ်ဆင်ရေးဟာ နိုင်ငံတကာ ဥပဒေချိုးဖောက်ရုံတင်မက ဗင်နီဇွဲလားနိုင်ငံရဲ့အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်းစော်ကားလိုက်တာဖြစ်ကြောင်း ရိုဒရီဂွက်ဇ်ကပြောပါတယ်။အမေရိကန်အစိုးရရဲ့ဒီလုပ်ရပ်ကို ဗင်နီဇွဲလားနိုင်ငံသားတွေကလက်မခံငြင်းပယ်ရမှာဖြစ်ပြီး လက်တင်အမေရိကတစ်ဝှမ်းက အစိုးရတွေကလည်း ကန့်ကွက်ရှုတ်ချဖို့လိုတယ်လို့ တိုက်တွန်းခဲ့ပါတယ်။
မာဒူရိုက အပြည့်အဝယုံကြည်အားထားရတဲ့သူ
အသက် ၅၆နှစ် ရိုဒရီဂွက်ဇ်ဟာကာရာကတ်စ်မြို့ဇာတိဖြစ်ပြီး ၁၉၆၉ ခုနှစ် မေလ ၁၈ ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေက ဆိုရှယ်လစ်လိဂ်ပါတီတည်ထောင်ခဲ့သူ လက်ဝဲယိမ်းသူပုန်တိုက်ခိုက်ရေးသမား ဂျော့ဂျ် အန်တိုနီယို ရိုဒရီဂွက်ဇ်ရဲ့သမီးဖြစ်ပါတယ်။သမ္မတ ဟူဂိုချာဗက်ဇ် တည်ထောင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ချာဗက်ဇ်ကွယ်လွန်ပြီးနောက်ပိုင်း မာဒူရိုက ဆက်ပြီးဦးဆောင်ခဲ့တဲ့ chavismo နိုင်ငံရေးလှုပ်ရှားမှုရဲ့ဦးဆောင်ပုဂ္ဂိုလ်တွေထဲကတစ်ဦးအဖြစ် ၂နှစ်ဆယ်ကျော်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
လက်ရှိ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဖြစ်တဲ့ သူ့ရဲ့အစ်ကို ဂျော့ဂျ် ရိုဒရီဂွက်ဇ်နဲ့ အတူ ဟူဂိုချာဗက်အစိုးရခေတ်ကတည်းက အာဏာရာထူးအမျိုးမျိုးကိုထမ်းဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။ ၂၀၁၃ကနေ၂၀၁၄အထိ ဆက်သွယ်ရေးနဲ့သတင်းအချက်အလက်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၂၀၁၄ကနေ၂၀၁၇ အထိ နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူခဲ့ပါတယ်။
ဒရီဂွက်ဇ်ဟာ မာဒူရိုအစိုးရရဲ့ဒီမိုကရေစီနောက်ပြန်ဆုတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်တွေ၊ နိုင်ငံတကာဝေဖန်မှုတွေနဲ့ပတ်သက်ပြီး မာဒူရိုအစိုးရဘက်က တောက်လျှောက်အကာအကွယ်ပေးခဲ့တဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ရိုဒရီဂွက်ဇ်ဟာ ကုလသမဂ္ဂမှာကျင်းပတဲ့ဖိုရမ်တွေကို ဗင်နီဇွဲလားနိုင်ငံကိုယ်စားပြုတက်ရောက်ခဲ့ပြီး အခြားနိုင်ငံအစိုးရတွေက ဗင်နီဇွဲလားနိုင်ငံကိုဖျက်ဆီးဖို့ကြိုးပမ်းနေကြောင်း စွပ်စွဲခဲ့ပါတယ်။
၂၀၁၅ ခုနှစ်ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲမှာ အတိုက်အခံတွေအနိုင်ရပြီးနောက် အစိုးရအာဏာကိုတိုးချဲ့ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အမျိုးသားလွှတ်တော်ဥက္ကဌအဖြစ် ၂၀၁၇ခုနှစ်မှာဖြစ်လာခဲ့ပါတယ် ။သူ့ရဲ့သမ္မတ ဒုတိယသက်တမ်းအတွင်းမှာ မာဒူရိုကရိုဒရီဂွက်ဇ်ကို ၂၀၁၈ခုနှစ်မှာဒုတိယသမ္မတ ခန့်အပ်ခဲ့ပါတယ်။
၂၀၂၄ခုနှစ်၊ဇူလိုင်လ ၂၈ ရက်နေ့မှာကျင်းပခဲ့တဲ့အငြင်းပွားဖွယ်ရာရွေးကောက်ပွဲတွေအပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှာစတင်ခဲ့တဲ့ မာဒူရိုရဲ့ တတိယမြောက်သမ္မတသက်တမ်းမှာလည်း ဒုသမ္မတရာထူးဆက်ပြီးရယူခဲ့ပါတယ်။ မာဒူရိုကို အမေရိကန်ကဖမ်းသွားတဲ့အချိန်မှာလည်း ဒုသမ္မတရာထူးအပြင် ဗင်နီဇွဲလားနိုင်ငံရဲ့အဓိကစီးပွားရေးအာဏာပိုင်နဲ့ ရေနံဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဗင်နီဇွဲလားအတိုက်အခံတွေက ၂၀၂၄ရွေးကောက်ပွဲမှာမသမာမှုတွေရှိခဲ့တဲ့အတွက် မာဒူရိုဟာတရားဝင်ရွေးကောက်တင်မြှောက်ခံထားရတဲ့ သမ္မတမဟုတ်ကြောင်း အခိုင်အမာငြင်းဆိုထားပါတယ်။အဲ့ဒီရွေးကောက်ပွဲမှာ အမှန်တကယ်အနိုင်ရတဲ့သူက ဒေသတွင်းအစိုးရအချို့ကထောက်ခံထားတဲ့သံအမတ်ကြီးဟောင်း အက်ဒ်မွန်ဒို ဂွန်ဇာလက်ဇ် အာရူတီယာဖြစ်တယ်လို့ပြောကြပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ရှေ့နေ၊ နိုင်ငံရေးလေ့လာသုံးသပ်သူ José Manuel Romanoက ရိုဒရီဂွက်ဇ်ဟာ ဗင်နီဇွဲလားအစိုးရအတွင်း “အလွန်ထင်ရှားတဲ့ ”ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သမ္မတ မာဒူရိုရဲ့ “အပြည့်အဝယုံကြည်မှု” ရရှိထားတဲ့သူဖြစ်ကြောင်း CNN သတင်းဌာနကိုပြောပါတယ်။
မာဒူရိုဖမ်းဆီးခံရပြီးနာရီပိုင်းအကြာ အမျိုးသားကာကွယ်ရေးကောင်စီမှာ ရိုဒရီဂွက်ဇ် မိန့်ခွန်းမပြောမီ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနဲ့ ရိုဒရီဂွက်စ်တို့စကားပြောပြီးပြီလို့ သမ္မတ ဒေါ်နယ်ထရမ့်ကသတင်းစာရှင်းလင်းပွဲတခုမှာပြောခဲ့ပါတယ်။ ထရမ့်ရဲ့အပြောအရ ဗင်နီဇွဲလားနိုင်ငံရဲ့ အနာဂတ်အုပ်ချုပ်ရေးအတွက် ရိုဒရီဂွက်စ်က အမေရိကန်အစိုးရနဲ့ပူးပေါင်းဆောင်ရွက်လိုတဲ့ ပုံစံမျိုးဖြစ်နေပါတယ်။
ဒါပေမယ့် ထရမ့်ရဲ့အဲ့ဒီမှတ်ချက်တွေနဲ့ပတ်သက်ပြီးအံ့အားသင့်ခဲ့ကြပြီး ရိုဒရီဂွက်ဇ်ဟာ အမေရိကန်ပြည်ထောင်စုအပေါ် လိုက်လျောမှုတွေပြုလုပ်မယ်၊ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာမဖြစ်နိုင်ဘူးလို့ လေ့လာသုံးသပ်သူအချို့က သုံးသပ်ထားပါတယ်။
"မာဒူရိုနေရာမှာ အစားထိုးဖို့ ရိုဒရီဂွက်စ်ကအလယ်လတ်လမ်းစဥ်လိုက်မယ့်သူ ရွေးချယ်စရာသူတစ်ယောက်မဟုတ်ဘူး။ သူဟာ ဗင်နီဇွဲလားနိုင်ငံရဲ့စနစ်တစ်ခုလုံးမှာ ဩဇာအရှိဆုံးနဲ့သဘောထားတင်းမာဆုံး ပုဂ္ဂိုလ်တွေထဲကတစ်ယောက်ပါ" လို့ Jack D. Gordon Instituteရဲ့ မူဝါဒလေ့လာသုံးသပ်သူ ဗင်နီဇွဲလားအခြေစိုက် တူရကီသံတမန်ဟောင်း Imdat Onerက CNNကိုပြောပါတယ်။
မာဒူရို ဖမ်းဆီးခံရပြီးနောက် ရိုဒရီဂွက်စ်ပြောတဲ့ ပထမဆုံးစကားကိုကြည့်လိုက်ရင်လည်း သူ့ရဲ့သဘောထားမှာနောက်ဆုတ်မယ့်လက္ခဏာမတွေ့ခဲ့ရပါဘူး။ ထရမ့်ရဲ့ထုတ်ပြန်ချက်တွေကိုးကားခဲ့တာမရှိသလို အမေရိကန်ပြည်ထောင်စုနဲ့ ပူးပေါင်းဆောင်ရွက်မယ့် လက္ခဏာတွေလည်းတခုမှမတွေ့ရပါဘူး။
အမေရိကန်တပ်ဖွဲ့လက်ထဲမာဒူရိုပါသွားပြီး မနက်အစောပိုင်းမှာ VTV သတင်းဌာနဲ့ ရိုဒရီဂွက်စ် ဖုန်းအင်တာဗျူးထဲမှာ မာဒူရိုတို့လင်မယားဘယ်ရောက်နေမှန်းမသိသေးတဲ့အတွက် သူတို့အသက်ရှင်နေသေးကြောင်းသက်သေပြဖို့တောင်းဆိုခဲ့ပါတယ်။
အဲ့ဒီနေ့ မွန်းလွဲပိုင်းမှာလုပ်တဲ့ အမျိုးသားကာကွယ်ရေးကောင်စီအစည်းအဝေးအတွင်းမှာတော့ ရိုဒရီဂွက်စ်ရဲ့လေသံပြောင်းသွားပြီး အမေရိကန်ရဲ့စစ်ဆင်ရေးကိုရှုတ်ချခဲ့ကာ၊ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် မာဒူရိုဟာဗင်နီဇွဲလားနိုင်ငံရဲ့ သမ္မတဖြစ်နေဆဲပဲလို့ အခိုင်အမာပြောခဲ့ပါတယ်။
“ဒီနိုင်ငံမှာ သမ္မတတစ်ယောက်တည်းပဲရှိပြီး သူ့နာမည်ကနီကိုလက်စ် မာဒူရို မိုရို့စ်ပါ”လို့ ရိုဒရီဂွက်ဇ်ကသူ့ရဲ့ရပ်တည်ချက်ကို ပြတ်ပြတ်သားပြသခဲ့ပါတယ်။







Comments