ထောင်တွင်းနိုင်ငံရေးအကျဉ်းသူ သေဆုံးမှု မိသားစုကိုရုပ်အလောင်းပြန်မပေး
- BVJ

- Mar 30
- 1 min read
မိုနာ/BVJ_မတ် ၃၀၊ ၂၀၂၆

စစ်အုပ်စုကဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က)၊ ၅၀(ည)၊ ၅၂(က)တို့နဲ့စွဲချက်တင်ကာ စစ်ကိုင်းတိုင်း၊ တန့်ဆည်အကျဉ်းထောင်မှာ ထောင်ဒဏ်နှစ်၂၀ ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ ဒေါ်သက်သက်မာဟာ အခု မတ် ၂၇ရက်မှာ မနက်ငါးနာရီအချိန်မှာ ထောင်တွင်းသေဆုံးသွားတယ်လို့ သိရပါတယ်။
ဒေါ်သက်သက်မာဟာ ရွှေဘိုခရိုင် ထောက်ပို့တာဝန်ခံ စာရေးဆရာ ရန်ငြိမ်းသူရဲ့ဇနီးဖြစ်ပြီး အမျိုးသားကိုဖမ်းဆီးဖို့လာချိန်မှာမတွေ့ရှိတာကြောင့် စစ်အုပ်စုဟာ ဇနီးဖြစ်သူဒေါ်သက်သက်မာနဲ့သားဖြစ်သူတို့ကို ဖမ်းဆီးသွားခဲ့ရာကနေ ထောင်ချထားတာဖြစ်ပါတယ်။
ဒေါ်သက်သက်မာ ထောင်တွင်းသုံးနှစ်ကျော်နေထိုင်ခဲ့ရပြီး သေဆုံးချိန်မှာလည်း မိသားစုကိုရုပ်အလောင်းပြန်သယ်ခွင့်မပေးသလို သေဆုံးပြီးနာရီပိုင်းကြာပြီးမှသာ အကြောင်းကြားလာတာဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက Burma VJကိုပြောပါတယ်။
ပြင်းထန်သွေးလေးဘက်နာခံစားနေရသူအသက် ၅၄နှစ်အရွယ် ဒေါ်သက်သက်မာကို ထောင်အာဏာပိုင်တွေက ထောင်ပြင်ပဆေးကုသခွင့်ကိုငြင်းဆန်ခဲ့တဲ့အတွက် ကျဆုံးခဲ့ရတာဖြစ်ကြောင်း ဒေါ်သက်သက်မာသေဆုံးမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်- PPNMကလည်း ဒီနေ့မတ်လ ၃၀ရက်မှာထုတ်ပြန်ထားပါတယ်။
“ကျဆုံးသူသည် မတ်လ ၂၇ ရက် နံနက်အစောပိုင်းတွင် အချုပ်ခန်းအတွင်း၌ပင် ဆုံးပါးသွားခဲ့သော်လည်း မိသားစုထံသို့ နံနက် ၉ နာရီမှသာ အကြောင်းကြားခဲ့သည်။ ထို့အပြင် ၎င်း၏ ရုပ်အလောင်းအား မိသားစုထံ ပြန်လည်ပေးအပ်ခြင်း မရှိခြင်းမှာ အကျဉ်းသားအခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာကို အဆုံးစွန်ထိ စော်ကားခြင်းပင် ဖြစ်သည်”ဖြစ်တယ်လို့ PPNMကပြောထားပါတယ်။
ဒါ့အပြင် အကျဉ်းသားအခွင့်အရေး ချိုးဖောက်မှု၊ ဆေးကုသခွင့် ပိတ်ပင်မှုတွေနဲ့ ဓားစာခံအဖြစ် ဖမ်းဆီးမှုတွေကို ပြင်းထန်စွာရှုတ်ချပြီး တရားမျှတမှုရရှိစေဖို့နဲ့ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်ဘေးကင်းလုံခြုံရေးအတွက် နိုင်ငံတကာကအလေးထားစောင့်ကြည့်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။




Comments