နိုင်ငံရေးလုပ်မစားမယ့်သူကို ရွေးချယ်ဖို့ ဒေါ်စန္ဒာမင်းမဲဆွယ်
- BVJ

- 21 hours ago
- 1 min read
မိုနာ/BVJ_အောက်တိုဘာ ၂၉၊ ၂၀၂၅

တကယ်ဖြစ်နိုင်ချေရှိတဲ့ အရည်အချင်းရှိတဲ့ နိုင်ငံရေးကိုလုပ်မစားတဲ့လွှတ်တော်ကိုယ်စားလှယ်တွေကို မဲပေးရွေးချယ်ကြဖို့လိုအပ်တယ်လို့ စစ်အုပ်စုရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းကပြောပါတယ်။
“ပါတီထက်လူက ပိုအရေးကြီးတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းဟာ အရည်အချင်းရှိတဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ရမယ်။ လူကောင်းဖြစ်ရမယ်။ အရေးကြီးဆုံးကတော့ နိုင်ငံရေးကိုစီးပွားရေးနဲ့မရောထွေးဘဲနဲ့ စီးပွားရေးသမားအဖြစ်နဲ့လုပ်မစားသော နိုင်ငံရေးသမားကောင်းတွေဖြစ်အောင် ပြည်သူလူထုကရွေးချယ်ပေးဖို့လိုအပ်ပါတယ်”လို့ ဒီနေ့ အောက်တိုဘာ ၂၉ရက်မနက်ပိုင်းမှာ သူ့ရဲ့လူမှုကွန်ရက်ကနေတဆင့်မဲဆွယ်လာပါတယ်။
လသာမြို့နယ် ပြည်သူ့လွှတ်တော်အတွက်ဝင်ရောက်ယှဉ်ပြိုင်မယ့် တသီးပုဂ္ဂကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းဟာ ဒီ ၂၀၂၅ဟာ တသီးပုဂ္ဂလကိုယ်စားလှယ်တွေ အားကောင်းမယ့်နှစ်လို့လည်း ထည့်ပြောသွားပါတယ်။
ဒေါ်စန္ဒာမင်းဟာ ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ ၂၀၁၅ခုနှစ်မှာ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် NLDပါတီကနေဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ဖူးသူဖြစ်ပါတယ်။
အခု စစ်အုပ်စုရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ-NDF ဒုဥက္ကဌအဖြစ်တာဝန်ယူပြီး ဝင်ပြိုင်ဖို့လုပ်ခဲ့ပေမယ့် ပါတီဝင်ဦးရေမပြည့်မီတဲ့အတွက် ပါတီဖျက်သိမ်းခံရတာကြောင့် တသီးပုဂ္ဂလအဖြစ် ဝင်ပြိုင်လာတာပါ။
စစ်အုပ်စုလုပ်မယ့်ရွေးကောက်ပွဲ ဝင်ပြိုင်မယ့်လွှတ်တော်ကိုယ်စားလှယ်လောင်း ငါးထောင်ကျော်ထဲမှာ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၉၅ဦးပါဝင်ပြီး လူမှုကွန်ရက်တွေကိုအဓိကထား မဲဆွယ်စည်းရုံးနေကြတာကိုတွေ့ရပါတယ်။







Comments