ကျောင်းသားတွေနဲ့ဆရာ ၅ ဦးထက်မနည်းကို လိင်ပိုင်းဆိုင်ရာကျူးလွန်နှောက်ယှက်မှုနဲ့ ဒေါနလမ်းကျောင်းကကျောင်းအုပ် တိုင်ကြားခံရ
- BVJ

- Jun 15
- 1 min read
ကျောင်းအုပ်တာဝန်ကရပ်နားပြီး ကျောင်းပိတ်ထား
မိုနာ/BVJ_ဇွန် ၁၅၊ ၂၀၂၆

Dawna Land College (အသက်မွေးဝမ်းကြောင်း ပညာရပ်သင်တန်းကျောင်း)က ကျောင်းအုပ်တာဝန်ယူထားသူအမျိုးသားဟာ ကျောင်းသားတွေနဲ့ကျောင်းဆရာ စုစုပေါင်း ၅ ဦးနဲ့အထက်ကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုပြုလုပ်တယ်လို့တိုင်ကြားလာတာကြောင့် ကျောင်းအုပ်ကိုတာဝန်ကနေရပ်နားထားတယ်လို့ ကျောင်းကောင်စီကနေဒီနေ့ ဇွန် ၁၅ရက်မှာ အသိပေးထုတ်ပြန်လာပါတယ်။
"ဒေါနလမ်း ကျောင်းအုပ်ချုပ်ရေးကောင်စီရဲ့ အရေးပေါ်ကာလ စီစဉ်ဆောင်ရွက်မှုအစီရင်ခံစာ"ဆိုပြီး အခုဇွန်လ ၄ရက်နေ့ကနေ ၁၃ရက်အထိ ဒေါနလမ်းကျောင်းအုပ်ချုပ်ရေးကောင်စီက တာဝန်ယူဆောင်ရွက်ခဲ့တဲ့လုပ်ငန်းစဉ်တွေကို ပြည်သူကိုအသိပေးလာတာဖြစ်ပါတယ်။
ကျောင်းအုပ်အမျိုးသားဟာ အသက်မပြည့်သေးသူ ကျောင်းသားတစ်ဦးအပါအဝင် ကျောင်းသားနဲ့ကျောင်းဆရာ ၅ ဦးနဲ့အထက်ကိုလိင်ပိုင်းဆိုင်ရာကျူးလွန်မှုနဲ့နှောက်ယှက်မှုတွေပြုလုပ်ခဲ့ကြောင်း အခုလ ၄ရက်မှာတိုင်ကြားလာတာကြောင့် တိုင်ကြားခံရသူကိုတာဝန်ကချက်ခြင်းရပ်ဆိုင်းခဲ့သလို ကျောင်းဝန်းအတွင်းကိုမဝင်ဖို့နဲ့ကျောင်းသား/ကျောင်းသူတွေနဲ့ ဆက်သွယ်လို့မရအောင်လည်း အရေးပေါ်အစီအမံတွေချမှတ်ခဲ့တယ်လို့သိရပါတယ်။
ဒေါနလမ်းကျောင်းဟာ ရွှေဝါရောင်ဆရာတော် အရှင်ထာဝရ(နော်ဝေ)ဦးဆောင်တဲ့ အရှင်ထာဝရဖောင်ဒေးရှင်းက မတည် တည်ထောင်ထားတဲ့ကျောင်းဖြစ်ပါတယ်။ ကျောင်းကို အသက်မွေးဝမ်းကြောင်းနဲ့ ပညာရပ်ပိုင်းဆိုင်ရာသင်တန်းတွေပို့ချသင်ကြားပေးဖို့အတွက်ရည်ရွယ်ထားပြီး GEDကိုတော့ အခုနှစ် မေလနောက်ဆုံးပတ်မှာစဖွင့်ခဲ့တယ်လို့သိရပါတယ်။
လက်ရှိမှာ ကျောင်းကဖွံ့ဖြိုးတည်ဆောက်ဆဲအဆင့်မှာသာရှိသေးပြီး ကျောင်းအုပ်ချုပ်ရေးပိုင်းဆိုင်ရာဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲနေကြောင်းနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကအတည်ပြုလက်မှတ်ရေးထိုးခြင်းမရှိသေးဘဲ အခုလိုဖြစ်စဉ်တွေဖြစ်ပွားလာတာလို့ ကျောင်းအုပ်ရေးကောင်စီထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အခုဖြစ်စဉ်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်၊ ဖုတ်ဖရမှာရှိတဲ့ဒေါနလမ်းကျောင်းမှာဖြစ်ပွားတာဖြစ်ပြီး ကျူးလွန်တယ်လို့တိုင်ကြားခံရတဲ့ကျောင်းအုပ်ဆရာဟာ ၂၀၂၁ခုနှစ်နောက်ပိုင်းမှာ ကရင်ပြည်နယ်မှာ PDFတစ်ဦးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး သစ်ရွက်ပန်းချီပုံဆွဲသူအဖြစ် နာမည်ကြီးသူတစ်ဦးလည်းဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး နစ်နာသူတွေဘက်ကကူညီဆောင်ရွက်ပေးနေသူတွေရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြချက်အရ ကျူးလွန်မှုတွေကို ထိုင်းနိုင်ငံတွင်းဥပဒေနဲ့တိုင်ကြားဖို့အခက်အခဲရှိတာကြောင့် ကရင်အမျိုးသားအစည်းအရုံး-KNUကိုတိုင်ကြားခဲ့တာဖြစ်ပြီး KNUကဒီအမှုကိုဆက်လက်ကိုင်တွယ်သွားမှာဖြစ်တယ်လို့သိရပါတယ်။
ကျူးလွန်ခံရသူ ၅ ဦးထက်မနည်းထဲက တစ်ဦးဟာအဓမ္မပြုကျင့်ခံရတာဖြစ်ပြီး ကျောင်းသားတွေဟာ ကျူးလွန်ခံရရုံတင်မဟုတ်ဘဲ ပညာသင်ကြားခွင့်၊ နေထိုင်ခွင့်နဲ့ပုံမှန်ဘဝကိုပါ ဆုံးရှုံးရတဲ့အခြေအနေမျိုးရင်ဆိုင်နေရတယ်လို့လည်း ဖော်ထုတ်ရေးသားထားကြပါတယ်။
လက်ရှိမှာကျောင်းအနေနဲ့လည်း အခုကိစ္စဖြစ်ပေါ်ပြီးနောက်ပိုင်းမှာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာအခက်အခဲနဲ့ ရန်ပုံငွေကန့်သတ်ချက်ဖြစ်သွားတာကြောင့် ကျောင်းကိုပိတ်သိမ်းထားပြီး ကျောင်းသား/ကျောင်းသူတွေ ပညာဆက်လက်သင်နိုင်ရေးအတွက် တခြားကျောင်းတွေမှာပြောင်းရွှေ့တက်နိုင်ရေးညှိနှိုင်းပေးခြင်း၊ လိုအပ်တဲ့ထောက်ပံ့မှုနဲ့အဆောင်ခ ကူညီထောက်ပံ့နိုင်ရေးတို့ကို ကျောင်းသားမိဘတွေနဲ့ ဇွန်လ ၁၂ရက်မှာအရေးပေါ်အွန်လိုင်းအစည်းအဝေးပြုလုပ်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ ကျောင်းကောင်စီကထုတ်ပြန်ပါတယ်။
"နစ်နာသူများ တရားမျှတမှုရရှိစေရေး၊ အမှုမှန်ပေါ်ပေါက်စေရေးနှင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ နစ်နာသူမိသားစု၏ ဥပဒေရေးရာလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရန် လိုအပ်သော ပံ့ပိုးကူညီမှုများကိုလည်း တာဝန်ယူဆောင်ရွက်ခဲ့ပါသည်"လို့ ကျောင်းကောင်စီကဖော်ပြပါတယ်။
လက်ရှိမှာဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး နစ်နာသူတွေကိုဖိအားပေးတာတွေရှိနေတဲ့အတွက် သက်သေထွက်ဆိုဖို့အခက်အခဲဖြစ်နေကြတာကြောင့် ကျူးလွန်သူကိုအပြစ်ပေးအရေးယူနိုင်ခွင့်ဆုံးရှုံးသွားမှာကိုလည်း နစ်နာသူတွေကိုကူညီဆောင်ရွက်ပေးနေသူတွေကစိုးရိမ်မှုတွေရှိနေကြပါတယ်။




Comments