top of page

ဒေါ်ကြည်ပြာတို့အမှုနဲ့ပတ်သက်ပြီး NUGဝန်ကြီးချုပ်ရုံး ဝန်ကြီးထုတ်ပြောလာ

  • Writer: BVJ
    BVJ
  • Dec 29, 2025
  • 1 min read

မိုနာ/BVJ_ဒီဇင်ဘာ ၂၉၊ ၂၀၂၅

NUGဝန်ကြီးချုပ်ရုံး ဝန်ကြီးဒေါက်တာဇော်ဝေစိုး
NUGဝန်ကြီးချုပ်ရုံး ဝန်ကြီးဒေါက်တာဇော်ဝေစိုး

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်ဖြစ်တဲ့ ဒေါ်ကြည်ပြာနဲ့ခင်ပွန်းဖြစ်သူ ဦးညီညီမင်းတို့ကို စစ်ဆေး‌ပေးဖို့တိုင်ကြားထားတာနဲ့ပတ်သက်ပြီး တိုင်ကြားသူ ၁၂ဦး၊ အတိုင်ခံရသူ ၂ ဦး၊ ကြားသက်သေ ၉ ဦးတို့ကို နေ့စဉ်စစ်ဆေးကြားနာနေတယ်လို့ NUGဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဒီနေ့ ဒီဇင်ဘာ ၂၉ရက်မှာပြောပါတယ်။


ဒေါ်ကြည်ပြာနဲ့ခင်ပွန်းဖြစ်သူတို့ဟာ လူ့အခွင့်အရေးချိုးဖောက်တာ၊ အဂတိလိုက်စားတာနဲ့ အာဏာအလွဲသုံးစားလုပ်တာတွေရှိနေလို့ဆိုပြီး ဒီအပေါ်မှာစုံစမ်းစစ်ဆေးပေးဖို့ ဝန်ကြီးချုပ်ရုံးမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းဟောင်း ၁၂ယောက်က ပြီးခဲ့တဲ့လ နိုဝင်ဘာ ၁၉ရက်က တိုင်ကြားထားတာဖြစ်ပါတယ်။


ဒီပေါ်မှာNUGအနေနဲ့စစ်ဆေးမှုကို ပွင့်လင်းမြင်သာစွာချမပြသေးဘဲ ကြန့်ကြာနေတာ၊ တိုင်ကြားသူ ၁၂ဦးကို ဒေါ်ကြည်ပြာတို့က နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ပြန်တိုင်ကြားထားတယ်ဆိုတဲ့ကိစ္စတွေကြောင့် ဝေဖန်မှုတွေရှိနေတဲ့အပေါ်မှာ ဝန်ကြီးချုပ်ရုံးဝန်ကြီးက NUGပြန်ကြားရေး PVTVကနေတဆင့် အခုလိုထုတ်ပြောလာတာပါ။


“ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီးကထဲက ညစဉ် ၈နာရီမှ၁၀နာရီအထိသီးခြားအချိန်ပေးပြီး ဒီကိစ္စကို အမှန်တရားပေါ်ပေါက်စေရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။ တိုင်ကြားသူ ၁၂ဦး၊ အတိုင်ခံရသူ ၂ဦး၊ ကြားသက်သေ ၉ဦးကို အနည်းဆုံး ၁နာရီပေးပြီးတော့ နေ့စဉ်စစ်ဆေးကြားနာလျက်ရှိပါတယ်။ ဒါ့အပြင် ပစ္စည်းသက်သေ၊ လူသက်သေများကိုလည်း အသေအချာစိစစ်စစ်ဆေးလျက်ရှိပါတယ်။ စာရင်းဇယားများနဲ့ ပတ်သက်ပြီးလည်း ကျနော်တို့ အသေအချာစုံစမ်းစစ်ဆေးလျက်ရှိပါတယ်။ တကယ်တော့ ဒါကဒိုနာတွေပေါ့နော် Development partnerတွေ ကျနော်တို့ကူညီတဲ့အဖွဲ့အစည်းတွေနဲ့ ပတ်သက်နေတာဖြစ်တော့ ဒီအဖွဲ့အစည်းတွေနဲ့ပတ်သက်တဲ့ စာရင်းဇယားများကိုရရှိနိုင်ရေးနဲ့ စစ်ဆေးနိုင်‌ရေးဆောင်ရွက်နေရတာဖြစ်ပါတယ်။ ဒါကြောင့်အချိန်တခုယူခဲ့ရတာဖြစ်ပါတယ်”


ပြီးတော့ မကြာခင်အစီရင်ခံစာထွက်လာတော့မယ်လို့လည်း ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။


“မကြာမီမှာစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့အစီရင်ခံစာထွက်လာတော့မှာဖြစ်ပါတယ်။ ဒီအစီရင်ခံစာကို အစိုးရအဖွဲ့ဝန်ကြီးချုပ်ထံတင်ပြပြီး အမှန်တရားကိုရရှိအောင်စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်လို့ ကျနော်ပြည်သူကိုအသိပေးချင်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကျနော်တို့တတွေတော်လှန်ရေးနဲ့အတူ တော်လှန်ရေးသစ္စာ၊တော်လှန်ရေးကတိနဲ့အညီ အမှန်တရားပေါ်ထွန်းလာရေး၊ ဓမ္မအမှန်တရားကိုရရှိရေးစီစဉ်ဆောင်ရွက်လျက်ရှိပါတယ်လို့ ပြည်သူကိုပြောကြားလိုပါတယ်”

တိုင်ကြားခံထားရတဲ့ NUGအမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ခင်ပွန်း ဦးညီညီမင်း
တိုင်ကြားခံထားရတဲ့ NUGအမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ခင်ပွန်း ဦးညီညီမင်း

ဒေါ်ကြည်ပြာနဲ့ခင်ပွန်းတို့ကို တိုင်ကြားထားတာနဲ့ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးချုပ်က ပြီးခဲ့တဲ့လ နိုဝင်ဘာ ၂၂ ရက်နေ့မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဖွဲ့စည်းဖို့ အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပြီး စုံစမ်းစစ်ဆေးနေချိန်မှာ တာဝန်ကနေလည်းယာယီရပ်ဆိုင်းထားပါတယ်။


ဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ခင်ပွန်းတို့ကို တူတော်စပ်သူနှစ်ဦးကို ရုံးတွင်းအလုပ်ခန့်ထားခြင်း၊ တော်လှန်ရေးကာလအတွင်း ဝယ်စီးတဲ့ကား၊ လက်ဝတ်ရတနာတွေ၊ ခင်ပွန်းဖြစ်သူ ဦးညီညီမင်းကို စီမံညွှန်ချုပ်တာဝန်ယူထားခြင်းနဲ့ စီမံညွှန်ချုပ်တာဝန်အပ်နှံထားပေမယ့် ငွေကိုင်လုပ်ငန်းကို ဆက်လက်ဆောင်ရွက်နေခြင်း၊ အိမ်မွေးခွေးမွေးနေ့ပွဲကျင်းပတာနဲ့ အိမ်မွေးခွေးတွေကို ရုံးကားနဲ့ခေါ်ပြီး လေညှင်းခံထွက်ခြင်း စတာတွေနဲ့တိုင်ကြားထားတာ ဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page