ဝေဖန်ကန့်ကွက်မှုတွေဆက်တိုက်ထွက်ပေါ်ပြီးနောက် အမြဲတမ်းအတွင်းဝန်တာဝန်ကနေ ဒေါ်ကြည်ပြာနုတ်ထွက်စာတင်
- BVJ

- Feb 22
- 1 min read
အယ်နာ/BVJ _ဖေဖော်ဝါရီ ၂၂ ၊ ၂၀၂၆

မနေ့က ဖေဖော်ဝါရီ ၂၁ ရက်နေ့ နေ့လယ်က NUGဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာအမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲအပြီး ညပိုင်းမှာပဲ တိုင်ကြားခံရသူဒေါ်ကြည်ပြာက နုတ်ထွက်ဖို့တင်ပြခဲ့တယ်လို့သိရပါတယ်။
ဝန်ကြီးချုပ်ရုံးကိုလိပ်မူထားတဲ့ ဒေါ်ကြည်ပြာရဲ့ နုတ်ထွက်စာထဲမှာ”ကျမအနေနဲ့ သုံးလတာကာလ စုံစမ်းစစ်ဆေးလုပ်ငန်းစဉ်တွင် အပြည့်အဝပူးပေါင်းပါဝင်ခဲ့ပါသည်။ ယခုအခါ စုံစမ်းစစ်ဆေးရေးရလဒ်လည်း ထွက်ပေါ်လာခဲ့ပြီး မမှန်မကန်စွပ်စွဲထားသည့် ကိစ္စများလည်းအဖြေပေါ်ပေါက်ခဲ့ပြီဖြစ်ပါသည်”လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ပြဿနာကိုအချိန်ယူဖြေရှင်းပေးခဲ့ကြတဲ့ ဝန်ကြီးချုပ်နဲ့တကွစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်တွေ စုံစမ်းစစ်ဆေးမှုမှာပါဝင်ကူညီခဲ့သူတွေအပါအဝင် အစိုးရအဖွဲ့ဝင်တွေကိုအထူးပင်အားနာသလို ကျေးဇူးလည်းတင်တယ်ဆိုပြီး ပြောထားပါတယ်။
သူ့အနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုခံယူရမယ့်အခြေအနေဖြစ်နေတာကြောင့် ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်တာဝန်ကနေ နှုတ်ထွက်ခွင့်ပြုဖို့ဆိုပြီး တင်ပြထားတာပါ။
တော်လှန်ရေးအောင်တဲ့အထိ တတ်နိုင်တဲ့ဘက်ကနေ ဆက်လက်ကြိုးစားပါဝင်သွားမယ်လို့လည်း ဆိုပါတယ်။
အာဏာအလွဲသုံးစားပြုလုပ်ခြင်း ၊ အဂတိလိုက်စားခြင်း ၊ ဝန်ထမ်းတွေအပေါ်ဖိနှိပ်ခြင်း ၊ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်း စတဲ့အချက်တွေနဲ့ ဒေါ်ကြည်ပြာနဲ့ခင်ပွန်းဖြစ်သူ ဦးညီညီမင်းတို့ကို ရုံးအဖွဲ့ဝင်ဝန်ထမ်းဟောင်း၁၉ဦးက တိုင်ကြားခဲ့ပြီး သုံးလအကြာမှာ စစ်ဆေးချက်ရလဒ်အစီရင်ခံစာထွက်လာပါတယ်။
အဲ့ဒီရလဒ်အရ ဖေဖော်ဝါရီ ၁၈ရက်ကထွက်လာတဲ့ဝန်ကြီးချုပ်ရုံးရဲ့သတိပေးစာထဲမှာ ဒေါ်ကြည်ပြာအနေနဲ့အဂတိလိုက်စားတာကိုမတွေ့ရှိကြောင်းနဲ့ ဝန်ထမ်းတွေအပေါ် ချိုချိုသာသာပြောဆိုဆက်ဆံမှုပြုလုပ်ဖို့အတွက်သာ ပြင်းထန်စွာသတိပေးတယ်လို့ဖော်ပြထားတာကြောင့် တိုင်ကြားသူတွေကဒီပေါ်မှာလက်မခံဘဲကန့်ကွက်ခဲ့ကြသလို CDMအသိုင်းအဝိုင်းကလည်း ကန့်ကွက်တောင်းဆိုမှုတွေရှိခဲ့ကြပါတယ်။
ဒါကြောင့် မနေ့က ဖေဖော်ဝါရီ ၂၁ရက်မှာ ဒေါ်ကြည်ပြာအမှုစုံစမ်းစစ်ဆေးရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲလုပ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့တွေ့ရှိချက် အစီရင်ခံစာအကျဉ်းချုပ်ကို ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီထဲမှာ ဒေါ်ကြည်ပြာကိုရာထူးရပ်နားထားဆဲဖြစ်ပြီး အမှုကိုဆက်လက်စစ်ဆေးနေကြောင်းနဲ့ ခင်ပွန်းဖြစ်သူဦးညီညီမင်းနဲ့တူတော်စပ်သူနှစ်ဦးကိုတော့ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်းပါဝင်ပါတယ်။
အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာလည်း ဝန်ကြီးချုပ်ရုံးကလက်ခံထားတဲ့ရန်ပုံငွေတွေနဲ့ပတ်သက်ပြီး မေးမြန်းမှုတွေကို သေချာရှင်းလင်းဖြေကြားမှုမလုပ်တာ၊ ဝန်ကြီးချုပ်ရုံးအတွင်း ဒေါ်ကြည်ပြာကဆွေမျိုးတွေခန့်ထားတာကို ဝန်ကြီးချုပ်အဖွဲ့ကသိရှိခဲ့ခြင်းရှိမရှိမေးမြန်းမှုတွေကို သေချာမရှင်းလင်းတာ၊ NUGဝန်ကြီးချုပ်ရုံးရဲ့ မူဝါဒရေးရာအကြံပေးအဖွဲ့ (Policy Unit)ဝန်ထမ်းတွေရဲ့ အချိုးကျရန်ပုံငွေ ပျမ်းမျှဒေါ်လာ ၈၀,၀၀၀ကို ဒေါ်ကြည်ပြာကတော်လှန်ရေးအတွက်ပြန်အသုံးပြုရာမှာ တိကျတဲ့မူဝါဒ မရှိခဲ့ဘူးဆိုတဲ့အဖြေတွေကြောင့် ဝေဖန်ကန့်ကွက်မှုတွေကပိုမိုမြင့်တက်လာပါတယ်။
အဲ့ဒီနောက် ညပိုင်းမှာ ဒေါ်ကြည်ပြာကနုတ်ထွက်ကြောင်း စာထွက်လာတာဖြစ်ပါတယ်။




Comments