ဒေါ် ကြည်ပြာအဂတိလိုက်စားခြင်းမရှိဟု ဝန်ကြီးချုပ်ရုံးဆုံးဖြတ်
- BVJ

- Feb 19
- 1 min read
◾️ဝန်ထမ်းတွေကို ချိုချိုသာသာပြောဆိုဆက်ဆံဖို့အတွက်သာ သတိပေး
အီးကေ/BVJ_ဖေဖော်ဝါရီ ၁၉၊ ၂၀၂၆

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန်ဒေါ်ကြည်ပြာနဲ့ခင်ပွန်းဖြစ်သူ ဦးညီညီမင်းတို့အပေါ် တိုင်ကြားထားတဲ့အမှုကို ဝန်ကြီးချုပ်ရုံးက မနေ့က ဖေဖော်ဝါရီ ၁၈ရက်နေ့မှာအမိန့်ချမှတ်ခဲ့ပါတယ်။
ဝန်ကြီးချုပ်ရုံးရဲ့အမိန့်ထုတ်ပြန်ချက်ထဲမှာ ဒေါ်ကြည်ပြာအနေနဲ့အဂတိလိုက်စားမှုလုပ်တာကိုမတွေ့ရှိရကြောင်းနဲ့ ဝန်ထမ်းတွေအပေါ် ချိုချိုသာသာပြောဆိုဆက်ဆံမှုပြုလုပ်ဖို့အတွက်သာ ပြင်းထန်းစွာသတိပေးခဲ့ကြောင်း ဖော်ပြပါတယ်။
ဒေါ်ကြည်ပြာအမှုအတွက် ဒေါက်တာဇော်ဝေစိုးဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က အခုလ ဖေဖော်ဝါရီ ၇ရက်မှာ NUGဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းဆီအစီရင်ခံစာတင်သွင်းခဲ့ပြီး အဲ့ဒီအစီရင်ခံစာအရ အခုလိုအမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
အစီရင်ခံစာတင်ပြချက်ထဲမှာ ဒေါ်ကြည်ပြာအနေနဲ့ဝန်ထမ်းတွေအပေါ်နှုတ်ချိုသာမှုမရှိဘဲပြောဆိုဆက်ဆံခဲ့တာကိုသာ အပြစ်အနေနဲ့တွေ့ရှိရကြောင်း၊ အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီး တိုင်ကြားသူတွေဘက်က ခိုင်လုံတဲ့ သက်သေပြချက်မရှိကြောင်း၊ တိုင်ကြားခံရသူဘက်က ဘဏ္ဍာရေးဆိုင်ရာ စာရင်းဇယားတွေနဲ့ စာရင်းစစ်အစီရင်ခံစာတွေတင်ပြခဲ့ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ စာရင်းစစ်ချုပ်အစီခံစာနဲ့ ပြင်ပစာရင်းစစ်တင်ပြချက်တွေအရ အဂတိလိုက်စားမှုမတွေ့ရှိရကြောင်းတို့ကိုဖော်ပြထားပါတယ်။
NUGဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ခင်ပွန်းဖြစ်သူ ဦးညီညီမင်းတို့ကို လူ့အခွင့်အရေးချိုးဖောက်မှု၊ အလွဲသုံးစားမှု၊ အဂတိလိုက်စားမှု၊ ဝန်ထမ်းတွေအပေါ် မလျော်ဩဇာသုံး လွှမ်းမိုးခြယ်လှယ်မှုတွေနဲ့ပတ်သက်ပြီး ထိရောက်စွာအရေးယူပေးဖို့ဆိုပြီး ဝန်ကြီးချုပ်ရုံးဝန်ထမ်းဟောင်း ၁၉ဦးက NUG ယာယီသမ္မတ၊ CRPH ဥက္ကဋ္ဌ၊ NUG ပြည်ထောင်စုဝန်ကြီးချုပ်တို့ဆီကို ၂၀၂၅၊နိုဝင်ဘာ ၁၉ရက်နေ့မှာတိုင်ကြားခဲ့တာပါ။
အဲ့ဒီတိုင်ကြားမှုကြောင့် ဒေါ်ကြည်ပြာကို နိုဝင်ဘာ၂၂ရက်နေ့မှာ တာဝန်ကယာယီရပ်နားပြီး ဒေါက်တာဇော်ဝေစိုးဦးဆောင်တဲ့အဖွဲ့က စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒေါ်ကြည်ပြာတို့လင်မယားကိုအရေးယူပေးဖို့ တိုင်ကြားခဲ့တဲ့သူတွေထဲမှာ NUG ဝန်ကြီးချုပ်ရုံးမှာ ၂၀၂၂ကနေ ၂၀၂၅ ခုနှစ်အထိတာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးချုပ်ရုံးတွဲဖက်အတွင်းဝန် (၂)၊ ညွန်ကြားရေးမှူး၊ လက်ထောက်ညွန်ကြားရေးမှူးနဲ့ ရုံးအဖွဲ့ဝင်၊ ယာဉ်မောင်းအထိပါဝင်ပါတယ်။




Comments