ဒေးဗစ်ဘက်ခမ်း ဆာ ဘွဲ့ ချီးမြှင့်ခံရ
- BVJ

- 18 hours ago
- 1 min read
အေတီ/BVJ_နိုဝင်ဘာ ၄၊ ၂၀၂၅

အင်္ဂလန်လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းရဲ့ ဘောလုံးနဲ့ဗြိတိသျှလူ့အဖွဲ့အစည်းအတွက် စွမ်းဆောင်မှုတွေကြောင့် ဆာဘွဲ့ ချီးမြှင့်ခံရပါတယ်။ဒေးဗစ်ဘက်ခမ်းအတွက် ဆာဘွဲ့ကိုဗြိတိန်ဘုရင်ကြီး ချားလ်းစ်ကိုယ်တိုင် ဘာဂင်ဟမ်နန်းတော်မှာ ဒီနေ့ပေးအပ်ခဲ့တာဖြစ်ပါတယ်။
“အရှေ့လန်ဒန်မှာမွေးဖွားခဲ့တဲ့ ကျွန်တော့်အတွက် ဒီနေ့ဟာဘယ်လောက်ထူးခြားတဲ့နေ့လဲဆိုတာ ဖော်ပြလို့တောင်မရနိုင်ပါဘူး။ ဘုရင်ကြီးဆီကနေ ဆာဘွဲ့လက်ခံရရှိတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပြီး အရမ်းလည်းကျေးဇူးတင်ပါတယ်။ကံကောင်းပြီး ကျွန်တော့်နိုင်ငံအတွက် ကိုယ်စားပြုခွင့်ရနေရတာအတွက်လည်းအမြဲတမ်းဂုဏ်ယူနေမှာပါ”လို့ သူ့ရဲ့ ဖေ့စ်ဘုခ်စာမျက်နှာကတဆင့်ဂုဏ်ယူစကားပြောခဲ့ပါတယ်။
ဗြိတိန်တော်ဝင်မိသားစုရဲ့ ဝင်ဆာရဲတိုက်ကြီးမှာပြုလုပ်ခဲ့တဲ့ ဆာဘွဲ့ပေးအပ်တဲ့အခမ်းအနားကို ဒေးဗစ်ဘက်ခမ်းနဲ့အတူသူ့ဇနီးသည် ဗစ်တိုးရီးယားဘက်ခမ်း၊ဒေးဗစ်ဘက်ခမ်းအမေနဲ့အဖေလည်း တက်ရောက်ခဲ့ကြပါတယ်။

လတ်တလောမှာ ဖက်ရှင်လုပ်ငန်းလုပ်ကိုင်နေတဲ့ ဗစ်တိုးရီးယားဘက်ခမ်းဟာလည်း ၂၀၁၇ ခုနှစ်က OBE ဘွဲ့ရရှိခဲ့ပြီး၊အခုဆာဘွဲ့ယူတဲ့ အခမ်းအနားမှာ ဒေးဗစ်ဘက်ခမ်းဝတ်ခဲ့တဲ့ဝတ်စုံကို သူကိုယ်တိုင်ဒီဇိုင်းရေးဆွဲချုပ်လုပ်ခဲ့ပါတယ်။
ဒေးဗစ်ဘက်ခမ်းဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ၁၁၅ ပွဲကစားခဲ့ပြီး၊ အသင်းခေါင်းဆောင်အဖြစ် ၂၀၀၀ခုနှစ်ကနေ၂၀၀၆ခုနှစ်အထိ ခြောက်နှစ်တာ တာဝန်ယူခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမားဟောင်းဒေးဗစ်ဘက်ခမ်းဟာ အင်္ဂလန်အသင်းနဲ့အတူကမ္ဘာ့ဖလားပြိုင်ပွဲသုံးကြိမ်နဲ့ ဥရောပချန်ပီယံရှစ်နှစ်ကြိမ် ပါဝင်ကစားခဲ့ပါတယ်။
ဘောလုံးသမားဘဝကို ၁၉၉၂ခုနှစ်ယူနိုက်တက်အကယ်ဒမီကနေစခဲ့ပြီး၊ ၂၀၀၃ခုနှစ် ရီးရဲလ်မက်ဒရစ်အသင်းကို ပေါင်၂၅သန်းနဲ့ မပြောင်းရွေ့ခင်အထိ မန်ချက်စတာယူနိုက်အသင်းမှာ ၁၁နှစ်ကြာကစားခဲ့ပါတယ်။
မေဂျာလိဂ်ဘောလုံးအသင်း LA Galaxyကိုမပြောင်းမီ စပိန်ရီးရဲလ်မက်ဒရစ်အသင်းမှာ လေးနှစ်ကြာကစားခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ပါရီစိန့်ဂျာမိန်းအသင်းမှာ သူ့ရဲ့ပရောဖက်ရှင်နယ်ဘောလုံးသမားဘဝအဆုံးမသတ်မီ အီတလီ၊အေစီမီလန်အသင်းမှာ အငှားနဲ့နှစ်ကြိမ်ကစားခဲ့ပါတယ်။

၂၀၀၅ ခုနှစ်ကနေ၂၀၁၅ခုနှစ်အထိ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအဖွဲ့ Unicefမှာပါဝင်လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာဗြိတိသျှဘုရင်ဖောင်ဒေးရှင်းရဲ့သံတမန်တစ်ဦးဖြစ်လာခဲ့ပြီး ချားလ်စ်ဘုရင်ရဲ့ပညာရေးအစီအစဉ်နဲ့ လူငယ်တွေသဘာဝတရားကိုပိုမိုနားလည်စေဖို့ကြိုးပမ်းမှုတွေအတွက်လည်း ပံ့ပိုးပေးခဲ့ပါတယ်။
၂၀၀၃ခုနှစ်မှာ အယ်လီဇဘက်ဘူရင်မကြီးကချီးမြှင့်တဲ့ OBEဘွဲ့ကိုဒေးဗစ်ဘက်ခမ်းရရှိခဲ့ပါတယ်။ သူဟာယူနိုက်တက်နဲ့အင်္ဂလန်အသင်းဖော်ဟောင်း ဂယ်ရီနဗီးလ်နဲ့အတူ League Two ကလပ် Salford Cityကိုပူးတွဲပိုင်ဆိုင်ထားပြီး MLS ကလပ် Inter Miamiရဲ့ ပူးတွဲပိုင်ရှင်လည်းဖြစ်ပါတယ်။
ခရက်ဒစ်-ဘီဘီစီ







Comments