တော်လှန်ရေးတပ်အားကောင်းတဲ့နေရာတွေအပါအဝင် မြို့နယ် ၃၄ခုမှာ ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ်လို့ UECကြေညာ

မိုနာ/BVJ_နိုဝင်ဘာ ၆၊ ၂၀၂၆

လွှတ်တော်သုံးရပ်ပေါင်းက လစ်လပ်မဲဆန္ဒနယ် ၅၅ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် ၂၀၂၇၊ ဧပြီ ၄ ရက်မှာကျင်းပမယ်လို့ စစ်အုပ်စုရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်-UECက မနေ့ ညပိုင်းမှာ ကြေညာပါတယ်။
လစ်လပ်မဲဆန္ဒနယ်တွေဟာ ပြည်သူ့လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP)အတွက် ၃၄နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP)အတွက် ၅ နယ်၊ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်တို့က မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP)အတွက် ၁၆ နယ်တို့ဖြစ်တယ်လို့ ကြေညာချက်အရသိရပါတယ်။
ပြည်သူ့လွှတ်တော်အတွက် တွန်းဇံ၊ ဖလမ်း၊ ထီးချိုင့်၊ ဗန်းမောက်၊ အင်းတော်၊ ကောလင်း၊ ပုလဲ၊ ယင်းမာပင်၊ တန့်ဆည်၊ မြို့သစ်၊ ညောင်လေးပင်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ ချောက်၊ မင်းဘူး၊ ပြင်ဦးလွင်၊ မိတ္ထီလာ၊ နွားထိုးကြီး၊ စဉ့်ကူး၊ မိုးကုတ်၊ ကျိုက်မရော၊ မရမ်းကုန်း၊ ရွှေပြည်သာ၊ လှည်းကူး၊ တာမွေ၊ ကိုကိုးကျွန်း၊ လှိုင်သာယာ (အနောက်ပိုင်း)၊ ကျောက်မဲ၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မအူပင်၊ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိနဲ့ ဥတ္တရသီရိတို့မှာကျင်းပမှာဖြစ်ပြီး အဲ့ဒီထဲက ရေတပ်အခြေစိုက်စခန်းရှိတဲ့ ရန်ကုန်တိုင်း၊ကိုကိုးကျွန်းမြို့နယ်ဟာ စစ်အုပ်စုဒုသမ္မတ ညိုစော အနိုင်ရခဲ့တဲ့နေရာဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်အတွက်တော့ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၅၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၃၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၄ နဲ့ ၅၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၆ တို့ဖြစ်ပြီး တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွေအတွက် တွန်ဇံ၊ ဖလမ်း၊ ထီးချိုင့်၊ ဗန်းမောက်၊ အင်းတော်၊ ကောလင်း၊ ပုလဲ၊ ယင်းမာပင်၊ တန့်ဆည်၊ ရွှေဘို၊ ဇီးကုန်း၊ သဲကုန်း၊ နွားထိုးကြီး၊ စဉ့်ကူး၊ မိုးကုတ်နဲ့ ရေကြည်မြို့နယ်တို့မှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာလာတာပါ။
အခုလုပ်မယ်လို့ကြေညာထားတဲ့နေရာတွေထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအားကောင်းတဲ့ ချင်းပြည်နယ်အတွင်းက တွန်းဇံနဲ့ဖလမ်း၊ စစ်ကိုင်းတိုင်းဘက်က ထီးချိုင့်၊ ဗန်းမောက်၊ အင်းတော်၊ ကောလင်း၊ ပုလဲ၊ ယင်းမာပင်နဲ့တန့်ဆည်တို့လို မြို့တွေလည်းပါဝင်လာပါတယ်။
ကြေညာလာတဲ့နေရာအများစုဟာလည်း စစ်အုပ်စုရဲ့ပြီးခဲ့တဲ့ ၂၀၂၅၊ရွေးကောက်ပွဲမှာ လုံခြုံရေးအခြေအနေအကြောင်းပြပြီး ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့နေရာတွေဖြစ်ပါတယ်။




Comments