ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်အကူအညီပေးဖို့ တရုတ်အစိုးရထံ သားငယ်ကင်အဲရစ် တောင်းဆို
- BVJ

- Oct 7
- 1 min read
အေတီ/BVJ_ အောက်တိုဘာ ၃၊ ၂၀၂၅

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် အာဏာသိမ်းစစ်အုပ်စုကိုပိုမိုဖိအားပေးတောင်းဆိုပေးဖို့ သားငယ်ကင်အဲရစ်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ဆီကို South China Morning Post (SCMP) သတင်းဌာနကတဆင့် တောင်းဆိုလိုက်ပါတယ်။
“လွတ်မြောက်သင့်သူတွေကိုလွှတ်ပေးဖို့နဲ့ ကျွန်တော့်အမေကိုပြန်လွှတ်ပေးဖို့အရေး စစ်အုပ်စုကိုပိုမိုဖိအားတိုးပေးပြီးတောင်းဆိုပေးဖို့ သမ္မတရှီကျင့်ဖျင်ကို ဒီနေရာကတောင်းဆိုပါတယ်” လို့ ကင်အဲရစ်ကပြောပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံထဲမှာရင်းနှီးမြှပ်နှံမှုတွေအများကြီးရှိပြီး မြန်မာစစ်အုပ်စုအပေါ် လွှမ်းမိုးမှုအရှိဆုံးနိုင်ငံတစ်ခုဖြစ်ကြောင်း၊သူ့မိခင်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် တရုတ်အစိုးရတောင်းဆိုနေပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့အတွက်လည်း တောင်းဆိုနေတယ်ဆိုတာ သူ့အနေနဲ့သိထားကြောင်း ကင်အဲရစ်က အင်တာဗျူးထဲမှာပြောထားပါတယ်။
တရုတ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့အကြိမ်ကြိမ်တောင်းဆိုနေပေမယ့် စစ်အုပ်စုဘက်က ခွင့်မပြုလို့အခုအချိန်ထိတွေ့ခွင့်မရသေးဘူးလို့လည်း ကင်အဲရစ်က (SCMP)သတင်းဌာနကိုပြောပါတယ်။ ဒါပေမယ့် တရုတ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ တကယ်ပဲတောင်းဆိုနေတာရှိလားဆိုတဲ့အချက်ကိုတော့ BVJ သတင်းဌာနအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

၂၀၂၁ အာဏာသိမ်းတဲ့အချိန်ကတည်းက အဖမ်းခံထားရတဲ့ အသက်၈၀ပြည့်ပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအခြေအနေပိုမိုဆိုးရွာလာနေတယ်ဆိုတဲ့ သတင်းတွေဆက်တိုက်ထွက်နေပေမယ့် သူ့ကို စစ်အုပ်စုက ဘယ်မှာဖမ်းချုပ်ထားတယ်၊ ဘယ်လိုထိန်းသိမ်းထားလဲဆိုတဲ့ တိကျတဲ့သတင်းအချက်အလက်တစ်ခုမှ ရရှိမထားပါဘူး။
၂၀၂၀ခုနှစ် မြန်မာနိုင်ငံခရီးစဥ်မှာ တရုတ်ခေါင်းဆောင်ရှီကျင့်ဖျင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံခဲ့ပြီး Belt and Road စီမံကိန်းအကောင်အထည်ဖော်ဖို့ စီးပွားရေးသဘောတူညီချက် ၃၃ခုကို နှစ်ဘက် သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။
ခရက်ဒစ်- SCMP







Comments