ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းတယ်လို့ ဖမ်းဆီးထားတဲ့စစ်အုပ်စု ထုတ်ပြန်
- BVJ

- Dec 16, 2025
- 1 min read
မိုနာ/BVJ_ဒီဇင်ဘာ ၁၆၊ ၂၀၂၅

အာဏာသိမ်းစစ်တပ်ကဖမ်းဆီးထောင်ချထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထောင်ထဲမှာကွယ်လွန်ပြီဆိုတဲ့သတင်းမဟုတ်မှန်ဘဲ ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးအခြေအနေနဲ့ပတ်သက်လို့ စစ်အုပ်စုက ဒီနေ့ ဒီဇင်ဘာ ၁၆ရက်မှာ ထုတ်ပြန်လာပါတယ်။
သားဖြစ်သူကင်မ်အဲရစ်က ထောင်ထဲမှာကွယ်လွန်တာဖြစ်နိုင်တယ်ဆိုပြီး ဒီရက်ပိုင်းမှာ အချိန်ကိုက်ပြောဆိုလာတွေကို ပုံကြီးချဲ့လှုံ့ဆော်ဝါဒဖြန့်ဝေနေကြပြီး ဒါဟာသတင်းအမှားသာဖြစ်ကြောင်းနဲ့ ဒီရက်ပိုင်းမှာပြုလုပ်မယ့်ရွေးကောက်ပွဲကို အချိန်ကိုက်လုပ်ကြံနေတာလို့လည်း စစ်အုပ်စုထုတ်ပြန်ချက်မှာ ဖော်ပြလာပါတယ်။
စစ်တပ်ရဲ့ဖမ်းဆီးချုပ်နှောင်မှုကိုခံထားရတဲ့ အသက် ၈၀ အရွယ်ကျန်းမာရေးမကောင်းတဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည်နဲ့အဆက်အသွယ်မရတာတာ နှစ်အတော်ကြာပြီဖြစ်တဲ့အတွက် အမေသေဆုံးသွားတာမျိုးလည်းဖြစ်နိုင်တယ်လို့ သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ရိုက်တာသတင်းဌာနကိုပြောဆိုထားတာပါ။
“ကျွန်တော့်အမေဆီက ဘာသတင်းမှမကြားရတာ အတော်တော့ကြာပါပြီ။ သူ့ကို ဘယ်မှာချုပ်နှောင်ထားလဲ၊ ဘယ်လိုဆက်ဆံလဲ၊ မေမေကောင်းမွန်တဲ့ ဆေးကုသမှု ရရဲ့လား ကျွန်တော်မသိပါဘူး။ ဘယ်သားသမီးမှ မိဘရဲ့သတင်းကို ဖုံးကွယ်ထားတာ မခံသင့်ပါဘူး။
မေမေက ကျွန်တော်ဒီလိုဝင်ပြီး ပြောနေတာတွေသိရင် ဝမ်းနည်းမှာပါ။ ကျွန်တော်မှာ ရွေးချယ်စရာမရှိပါဘူး- ကျွန်တော်က သူ့သားပါ။ သူ့ကိုယ်စား ကျွန်တော် မပြောရင် တခြားဘယ်သူမှ ပြောလိမ့်မယ်လို့ မျှော်လင့်လို့မရပါဘူး”လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းကပြောပါတယ်။

စစ်တပ်ဟာ အာဏာသိမ်းတဲ့နေ့ကထဲက ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးပြီး ဆူပူအောင် လှုံ့ဆော်မှု၊ အဂတိလိုက်စားမှု၊ မဲမသမာမှုတို့အပါအဝင် စွဲချက်များစွာနဲ့အမှုဖွင့်တရားစွဲဆိုပြီး ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားတာဖြစ်သလို ၂၀၂၃ခုနှစ်ကစပြီး ရှေ့နေအဖွဲ့အပါအဝင် ဘယ်သူနဲ့မှပေးမတွေ့ခဲ့ဘဲ ဘယ်မှာထိန်းသိမ်းထားလဲဆိုတာကိုလည်း မိသားစုကိုအသိပေးအကြောင်းအကြားတာမရှိခဲ့ပါဘူး။
အဲ့ဒီနောက် ကိုထိန်လင်းက ၂နှစ်ကျော်ကြာ ဘယ်သူနဲ့မှမတွေ့ရ၊ ဘာသတင်းမှမကြားရ၊ ဘယ်မှာထိန်းသိမ်းထားမှန်းမသိရတဲ့အမေဖြစ်သူအတွက် စိုးရိမ်ပူပန်ပြီး လွတ်မြောက်ရေးအတွက် တရုတ်အပါအဝင်နိုင်ငံတကာကို အကူအညီတောင်းခံမှုတွေ ဆက်တိုက်ပြုလုပ်နေတာပါ။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးနဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ဖို့အတွက် All In One Piece Movement ဆန္ဒပြပွဲကိုလည်း ဒီရက်ပိုင်းမှာပဲ မြန်မာပြည်တွင်းအပါအဝင် နိုင်ငံတကာမှာလည်းပြုလုပ်ခဲ့ကြပါတယ်။







Comments