ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကောင်းတယ်လို့ စစ်အုပ်စုနိုင်ငံခြားဝန်ကြီးကပြောပေမယ့် အာဆီယံအထူးကိုယ်စားလှယ်ရဲ့တောင်းဆိုမှုကို လျစ်လျူရှုနေဆဲ
- BVJ

- 5 days ago
- 1 min read
အေတီ/BVJ_ဇူလိုင် ၁၃၊ ၂၀၂၆

မနေ့က ဇူလိုင် ၁၂ရက်၊တနင်္ဂနွေနေ့မှာ ဘန်ကောက်မြို့မှာပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအလွတ်သဘောအစည်းအဝေးမှာ စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကောင်းမွန်နေပြီး ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ပြောပါတယ်။
အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Maria Theresa Lazaro လာဇာယိုကအစည်းအဝေးအပြီးပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ဦးတင်မောင်ဆွေရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီး အခုလို ပြန်လည်ပြောပြပါတယ်။
“မြန်မာစစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးရဲ့ပြောကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးဟာကောင်းမွန်နေတယ်လို့ သိရပါတယ်။ သူမကို ဆွေမျိုးရင်းချာ၊ အစ်မတစ်ယောက်လိုသဘောထားပြီး စောင့်ရှောက်ထားမှာပါလို့ သူကကျွန်မတို့ကိုပြောသွားပါတယ်”
လာဇာရိုဟာ အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်အဖြစ် အဲ့ဒီဘန်ကောက်အစည်းအဝေးကို ဦးဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ဒါ့အပြင် အသက် (၈၁)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့ သူ့အနေနဲ့ ဆက်လက်ကြိုးပမ်းနေကြောင်း လာဇာရိုက သတင်းစာရှင်းလင်းပွဲမှာ ထပ်လောင်းပြောကြားခဲ့ပေမယ့် အခုအချိန်ထိတော့စစ်အုပ်စုဘက်က ခွင့်ပြုချက်မရသေးပါဘူး။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow ဆီဟာဆပ်ကလည်း အာဆီယံနိုင်ငံခြားရေးအစည်းအဝေးမှာ အာဆီယံအထူးကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဆုံခွင့်ပေးဖို့ သူတို့တိုက်တွန်းခဲ့ကြောင်း အခုလိုအတည်ပြုပါတယ်။
“မြန်မာနိုင်ငံခြားရေးဝန်ကြီး ပြောသွားတဲ့အချက်တွေကိုအတည်ပြုနိုင်ဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ပေးရင် ပိုကောင်းမယ်လို့ သူ့ကိုကျွန်တော်တို့တိုက်တွန်းခဲ့ပါတယ်”
မနေ့က ဘန်ကောက်မြို့မှာကျင်းပခဲ့တဲ့အစည်းအဝေးဟာ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့မြန်မာစစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးတို့ ပထမဆုံးအကြိမ်လူကိုယ်တိုင်တွေ့ဆုံမှုဖြစ်ပါတယ်။
မြန်မာ့စစ်အုပ်စုသဘောတူညီထားတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် (5PC)ကိုအကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အာဆီယံထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့်ပိတ်ပင်ခံထားရပါတယ်။ အခုနှစ်အစောပိုင်းရွေးကောက်ပွဲအပြီး ဧပြီလကစကာ မြန်မာနိုင်ငံမှာအရပ်သားအစိုးရအမည်ခံထားတဲ့အဖွဲ့ကဦးဆောင်နေပြီး၊ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သမ္မတအဖြစ်တာဝန်ယူကာ အာဆီယံနဲ့ဆက်ဆံရေးပုံမှန်ဖြစ်စေဖို့ ကြိုးပမ်းမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။
ပုံစာ-ဘန်ကောက်မှာကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောပြင်ပအစည်းအဝေးအဖြစ် နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆပ် ဖောင်ကက်ကေးနဲ့မြန်မာနိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေတို့အဖွဲ့လိုက် ဆွေးနွေးနေစဉ်။




Comments