ဒိုက်ဦးထောင်ကနိုင်ငံရေးအကျဉ်းသူတွေ အနိုင်ကျင့်ဖိနှိပ်ခံနေရ
- BVJ

- 8 hours ago
- 1 min read
မိုနာ/BVJ_စက်တင်ဘာ ၇၊ ၂၀၂၆

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသူတွေဟာ ထောင်အာဏာပိုင်အမျိုးသမီးတွေရဲ့ အနိုင်ကျင့်ဖိနှိပ်မှုကိုခံနေရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့-WOPPက ထုတ်ပြန်လာပါတယ်။
ဒိုက်ဦးထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသူအမျိုးသမီးတွေကို မြောင်းဆွဲခြင်း၊ ပန်းရံလုပ်ငန်းတွေလုပ်ကိုင်စေခြင်း၊ အကျဉ်းထောင်နံရံတွေကရေညှိတွေကိုတိုက်ချွတ်ခြင်း၊ ထုံးသုတ်ခြင်း၊ တောင်ယာနဲ့သန့်ရှင်းရေးလုပ်ငန်းတွေ စတဲ့ အလုပ်ကြမ်းတွေကို နေပူ၊မိုးရွာမရှောင်ဘဲ အတင်းအဓမ္မခိုင်းစေတာတွေကိုလုပ်ဆောင်နေတယ်လို့ WOPPက ဒီနေ့ စက်တင်ဘာ ၇ရက်မှာဖော်ပြပါတယ်။
ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသူတွေကို စားနပ်ရိက္ခာဖြတ်တောက်ကာ ရည်ရွယ်ချက်ရှိရှိအာဟာရပြတ်လပ်အောင်ပြုလုပ်ခြင်း၊ ဆေးဝါးအခက်အခဲဖြစ်အောင်လုပ်ပြီး အသက်အန္တရာယ်ကိုခြိမ်းခြောက်ခြင်း၊ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကိုလည်း ပါဆယ်တွေမှာမိသားစုကပေးပို့ခွင့်မရသလို ထောင်ကပေးတဲ့လစဉ်သုံးပစ္စည်းဟာလည်း သုံးလို့မရအောင်အထိအရည်အသွေးညံ့ပစ္စည်းတွေကိုပေးနေတာဖြစ်ပြီး တခြားတကိုယ်ရေသုံးသန့်ရှင်းရေးပစ္စည်းတွေကိုလည်း အကြောင်းအမျိုးမျိုးပြပြီး ထောင်တွင်းသွင်းခွင့်မရအောင်လုပ်ထားတယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အကျဉ်းသူတွေကိုထောင်တွင်းမှာ အဆမတန်စျေးနှုန်းတွေနဲ့ ကော်ဖီမစ်၊အချိုမှုန့်၊တစ်သျူး၊ ငရုတ်သီးတောင့်၊ ကာဘော်လိပ်ဆပ်ပြာစတဲ့ ကုန်ပစ္စည်းတွေကိုရောင်းချနေတယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒိုက်ဦးထောင်တွင်းကြုံတွေ့နေရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး WOPPရဲ့ပြန်ကြားရေးတာဝန်ခံ မဆုမြတ်က"လက်ရှိ လစဉ်သုံးပစ္စည်းတွေကို မိသားစုထောင်ဝင်စာပုံမှန်လာနိုင်တဲ့ နိုင်ငံရေးအကျဉ်းသူတွေအနေနဲ့ စျေးဘားကနေ စျေးကြီးပေးဝယ်သုံးဖြေရှင်းနေရပေမယ့် မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတဲ့ နိုင်ငံရေးအကျဉ်းသူတွေ၊ ထောင်ဝင်စာပါဆယ်ပေးပို့ဖို့ အခက်အခဲရှိနေတဲ့ နိုင်ငံရေးအကျဉ်းသူတွေအနေနဲ့ အကျဉ်းထောင်ကပေးတဲ့လစဉ်သုံးကိုပဲ သုံးနေရပါတယ်။ ဒါ့ကြောင့်လည်း အမျိုးသမီးမျိုးပွားအင်္ဂါလမ်းကြောင်းပိုးဝင်တာ၊ ဆီးလမ်းကြောင်းပိုးဝင်တာ၊ အဖြူဆင်းများတာတွေ ဖြစ်ပွားနေပါတယ်"လို့ Burma VJကိုပြောပါတယ။
အခုလုပ်ရပ်တွေကို အမျိုးသမီးဆောင်ဦးစီးအရာရှိ ဒေါ်ဇင်မာကြည်၊ နှစ်ပွင့်အရာရှိ ဒေါ်စန်းနွယ်ဦး၊ တစ်ပွင့်အရာရှိ ဒေါ်သက်သက်ဇင်၊ဒေါ်သဇင်မြင့်၊ ဒေါ်သန္တာစိုး၊ ဒေါ်တင်ဇာခိုင်နဲ့ အကျဉ်းဦးစီးဌာနကအမျိုးသမီးဆောင်ဝန်ထမ်းတွေနဲ့ တာဝန်ရှိသူတွေက စနစ်တကျလုပ်ဆောင်ပြီး အာဟာရပြတ်လပ်အောင်၊ ကျန်းမာရေးထိခိုက်အောင်၊ငွေကြေးလိမ်လည် ကိုယ်ကျိုးရှာမသမာမှုတွေလုပ်နေတာဖြစ်တယ်လို့လည်း WOPPက ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ဒီဖြစ်စဉ်တွေဟာ အကျဉ်းသူတွေရဲ့ကျန်းမာရေးနဲ့အသက်အန္တရာယ်ကိုတိုက်ရိုက်ခြိမ်းခြောက်နေတဲ့အပြင် လူ့အခွင့်အရေးနဲ့အကျဉ်းထောင်စည်းမျဉ်းတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာကြောင့် ဒိုက်ဦးထောင်အတွင်းက မတရားမှုတွေကိုစုံစမ်းစစ်ဆေးဖို့၊စောင့်ကြည့်လေ့လာပေးဖို့နဲ့ နိုင်ငံရေးအကျဉ်းသူတွေလိုအပ်တဲ့အကူအညီကို အမြန်ဆုံးပေးနိုင်ဖို့ကိုလည်း အကျဉ်းထောင်အာဏာပိုင်တွေ၊ ICRC၊ နိုင်ငံတကာ၊လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့မိတ်ဖက်အဖွဲ့အစည်းတွေကို WOPPကတောင်းဆိုထားပါတယ်။



Comments