ထားဝယ်ကထွက်လာတဲ့ စစ်ကောင်စီစစ်ကူစစ်ကြောင်းကို KNLAပူးပေါင်းတပ်တိုက်ခိုက်
- BVJ

- Sep 17
- 1 min read
BVJ/ဇော်_စက်တင်ဘာ ၁၇၊ ၂၀၂၅

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကနေ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး (၁၀) ဦးသေဆုံးကာ (၁၅) ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး မြိတ်-ထားဝယ်ခရိုင်က မနေ့ စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
စက်တင်ဘာ (၁၄) ရက်နေ့က ထားဝယ်မြို့ကနေထွက်လာတဲ့ အင်အား (၁၀၀) ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၄)၊ တပ်ရင်း (၁၂) တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပကာရီကျေးရွာအနီးမှာတိုက်ခိုက်ခဲ့တာဖြစ်ကြောင့် စစ်ကောင်စီတပ်က (၁၀) ဦးသေဆုံးပြီး (၁၅) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် MA-1 (၁) လက်နဲ့ ခဲယမ်းအချို့လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ ထားဝယ်မြို့နယ်၊ ကျောက်မဲတောင်တပ်စခန်းကနေ ထားဝယ်မြို့ကို စစ်ကြောင်းချိန်းဖို့အတွက် ထားဝယ်မြို့ကနေသွားရောက်စစ်ကူပေးတဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီစစ်တပ်ဟာ စစ်ကြောင်းတိုက်ခိုက်ခံရပြီး အထိနာခဲ့တဲ့အတွက် တိုက်ပွဲနဲ့ သက်ဆိုင်မှုမရှိတဲ့ ပကာရီကျေးရွာအတွင်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းတစ်ကျောင်းအပါအဝင် ပြည်သူ့နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသေးတယ်။







Comments