MODအောက်ကနုတ်ထွက်ခဲ့တဲ့ ကျောက်ဆည်ခရိုင်အမှတ်(၂)တပ်ရင်း MODကွပ်ကဲမှုအောက် ပြန်ဝင်
- BVJ

- Jul 4, 2025
- 1 min read
တာဝန်ရှိသူတွေကိုနားလည်မှုလွဲမှားခဲ့ဟုဆိုကာ တောင်းပန်
BVJ/မိုနာ_ ဇူလိုင် ၂၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာန-MODလက်အောက်ကနေ နုတ်ထွက်ဖို့တင်ပြထားတဲ့ မန္တလေးတိုင်းကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်းဟာ MODကွပ်ကဲမှုအောက်ပြန်ဝင်တော့မယ်လို့ ဒီနေ့မှာ ဇူလိုင် ၂ရက်မှာ ကြေညာပါတယ်။
MOD PDFစစ်ရုံးချုပ်အောက်ကနေနုတ်ထွက်ကြောင်းကို အခုနှစ် ဧပြီ၂၁ရက်မှာတင်ပြခဲ့ပေမယ့် အဲ့ဒါဟာ နားလည်မှုလွဲမှားတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
“မိမိတို့တပ်ရင်းမှ နားလည်မှုလွဲမှားပြီးတင်ပြခဲ့မိခြင်းဖြစ်ပါသည်။ ယခုအခါ သေချာသဘောပေါက်နားလည်ခဲ့ပြီဖြစ်ပါသည်။ မှားယွင်းပြောဆိုမိသည်များ ဆောင်ရွက်ခဲ့သည်များနှင့် ပတ်သက်ပြီး တာဝန်ရှိသူများအားတောင်းပန်အပ်ပါသည်”လို့ ကျောက်ဆည်ခရိုင်အမှတ်(၂)တပ်ရင်းက ပြောထားပါတယ်။
ဒါကြောင့် PDFစစ်ရုံးချုပ်ကထုတ်ပြန်ထားတဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်၊လမ်းညွှန်ချက်၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကျောက်ဆည်ခရိုင်အမှတ်(၂)တပ်ရင်းအနေနဲ့ လိုက်နာဆောင်ရွက်ပြီး စစ်အာဏာရှင်ကျဆုံးရေး တော်လှန်တိုက်ပွဲပြီးဆုံးတဲ့အထိ ကွပ်ကဲမှုအောက်ဆက်လက်တည်ရှိနေမယ်လို့ ကြေညာလာတာပါ။
MODကွပ်ကဲမှုအောက်ပြန်ဝင်တာနဲ့ပတ်သက်ပြီး ကျောက်ဆည်ခရိုင်အမှတ်(၂)တပ်ရင်းကို Burma VJက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
ဧပြီလမှာ MODလက်အောက်ကနေ နုတ်ထွက်ကြောင်း မန္တလေးတိုင်း ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်းကကြေညာပြီးနောက်ပိုင်းမှာ တပ်ရင်းရဲ့ တပ်ရင်းမှူးကိုစစ်နိုင်ကို MODကဖမ်းဆီးခဲ့ပါတယ်။
တပ်ရင်းမှူးကို MODဗျူဟာမှူးတစ်ဦးက လာရောက်ခေါ်ဆောင်သွားတာဖြစ်ပြီး ပုဂ္ဂိုလ်ချင်းရင်းနှီးနေတာကြောင့် ယုံကြည်မှုနဲ့လိုက်ပါသွားတာကနေ ဖမ်းဆီးခံလိုက်ရတာဖြစ်ကြောင်းနဲ့ တပ်ရင်းမှူးလုံခြုံရေးကို စိုးရိမ်ပူပန်ရပြီး ဖမ်းဝရမ်းမပါဘဲဖမ်းဆီးသွားတာဟာ အာဏာရှင်ဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ကျောက်ဆည်ခရိုင်အမှတ်(၂)တပ်ရင်းက အခုနှစ် မေလ ၁ရက်မှာ ထုတ်ပြန်ခဲ့ပါသေးတယ်။
တပ်ရင်းမှူးကိုစစ်နိုင်ဟာ စစ်ဥပဒေ၊ စစ်စည်းကမ်းတွေကို ချိုးဖောက်လို့ ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်တယ်လို့ NUG MOD ဒုတိယအတွင်းဝန်လည်းဖြစ်၊ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဦးမောင်မောင်ဆွေက Burma VJ ကို မေ ၂ရက်မှာ ဖြေခဲ့ပါတယ်။
လက်ရှိ MODကွပ်ကဲမှုအောက်ကို ပြန်ဝင်ပြီလို့ ကျောက်ဆည်ခရိုင်အမှတ်(၂)တပ်ရင်းက ကြေညာပြီးနောက်မှာတော့ တပ်ရင်းမှူးကိုစစ်နိုင် ပြန်လွတ်မြောက်ခြင်းရှိမရှိကို မသိရသေးပါဘူး။
ကျောက်ဆည်ခရိုင်အမှတ်(၂)တပ်ရင်းက MODကွပ်ကဲမှုအောက်ပြန်ဝင်တာနဲ့ တပ်ရင်းမှူးကိုစစ်နိုင် ပြန်လည်လွတ်မြောက်ခြင်းရှိမရှိတို့ကို NUGဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်ကို Burma VJက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။




Comments