top of page

ဘာလီကျွန်းအနီး နစ်မြုပ်ခဲ့တဲ့စက်လှေပေါ်က ပျောက်ဆုံးနေသူ ၃၀ ဝန်းကျင်ကို အင်ဒိုနီးရှားကယ်ဆယ်ရေးအဖွဲ့တွေ ဆက်လက်ရှာဖွေနေ

  • Writer: BVJ
    BVJ
  • Jul 4
  • 1 min read

BVJ _ ဇူလိုင် ၄ ၊ ၂၀၂၅

ဘာလီကျွန်းအနိး ခရီးသည်စက်လှေနစ်မြုပ်ခဲ့မှုအတွင်း ပျောက်ဆုံးနေသူတွေကို အင်ဒိုနီးရှားကယ်ဆယ်ရေးအဖွဲ့တွေ ရှာဖွေနေမှုကို ဇူလိုင် ၄ ရက် မနက်ပိုင်းက တွေ့ရစဉ် (Photo: AFP)
ဘာလီကျွန်းအနိး ခရီးသည်စက်လှေနစ်မြုပ်ခဲ့မှုအတွင်း ပျောက်ဆုံးနေသူတွေကို အင်ဒိုနီးရှားကယ်ဆယ်ရေးအဖွဲ့တွေ ရှာဖွေနေမှုကို ဇူလိုင် ၄ ရက် မနက်ပိုင်းက တွေ့ရစဉ် (Photo: AFP)

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းအနီးမှာ ခရီးသည်တင်စက်လှေတစ်စင်း နစ်မြုပ်ခဲ့ပြီး ၆ ဦးထက်မနည်း သေဆုံးခဲ့ကာ ဒါဇင်နဲ့ချီပျောက်ဆုံးနေတာကြောင့် ကယ်ဆယ်ရေးဝန်ထမ်းတွေက ဒီနေ့ ဇူလိုင် ၄ ရက် မနက်ပိုင်းအထိ ဆက်လက်ရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့ အင်ဒိုနီးရှားသတင်းဌာန The Jakarta Post က ဖော်ပြထားပါတယ်။


အင်ဒိုနီးရှားနိုင်ငံသား ခရီးသည် ၆၅ ဦးပါတဲ့ စက်လှေတစ်စင်းဟာ ရာသီဥတုဆိုးရွားမှုကြောင့် ဘာလီကျွန်းအနီး ၃ ဒသမ ၂ မိုင်အကွာမှာ နစ်မြုပ်ခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေတွေနဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ နစ်မြုပ်စက်လှေထဲက ခရီးသည် ၂၉ ဦး ကယ်ဆယ်ထားနိုင်ခဲ့ပြီး ၉ ဦး သေဆုံးခဲ့ကာ ၃၀ ဦး ပျောက်ဆုံးနေတာလည်း ဖြစ်ပါတယ်။


ဘာလီကျွန်းနဲ့ ဂျာဗားကျွန်းအရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက်မှာ ရှာဖွေကယ်ဆယ်ရေးတွေကို ဝေဟင်နဲ့ ပင်လယ်ပြင်မှာ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေတယ်လို့ အမျိုးသားရှာဖွေကယ်ဆယ်ရေးအေဂျင်စီ တာဝန်ရှိသူ Ribut Eko Suyatno က သတင်းထောက်တွေကို ပြောပါတယ်။


“ကျွန်တော်တို့ကယ်ဆယ်ရေးအဖွဲ့တွေ ကက်တပန်ကျွန်းတစ်လျှောက် မြောက်ကနေ တောင်ဘက်အထိ ပိုက်စိပ်တိုက်ရှာဖွေနေပါတယ်။ ဂီလီမာနွတ်ဘက်မှာရော ရှာနေတာပါ” လို့ Ribut Eko Suyatno က ဆိုပါတယ်။

Photo: AFP
Photo: AFP

ခရီးသည်စက်လှေတွေဟာ ဂျာဗားကျွန်းအရှေ့ဘက် ကက်တပန်ဆိပ်ကမ်းကနေ ဘာလီကျွန်း ဂီလီမာနွတ်အထိ ပြေးဆွဲတာဖြစ်ပြီး နိုင်ငံတွင်း အသုံးများတဲ့ရေလမ်းကြောင်းတစ်ခုလည်း ဖြစ်တယ်လို့ သိရပါတယ်။

ခရီးသည်တင်စက်လှေပေါ်မှာ ခရီးသည် ၅၃ ဦးနဲ့ အမှုထမ်း ၁၂ ဦးလိုက်ပါလာတာဖြစ်တယ်လို့ ဆိပ်ကမ်းအာဏာပိုင်တွေက ဖော်ပြထားပေမဲ့ စက်လှေပေါ်မှာ အမှန်တကယ် လိုက်ပါသွားတဲ့ ခရီးသည်အရေအတွက်နဲ့ ကွဲပြားနိုင်တယ်လို့လည်း ဂျကာတာပို့စ်က ဖော်ပြထားပါတယ်။


ပြီးခဲ့တဲ့မတ်လအတွင်းကလည်း လူ ၁၆ ဦးလိုက်ပါလာတဲ့ လှေတစ်စင်း ဘာလီကျွန်းအနီးမှာ မှောက်ခဲ့တာကြောင့် ဩစတြေးလျနိုင်ငံသားအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကလည်း ဆူမတြားမြောက်ဘက် တိုဘာကန်အတွင်း ခရီးသည်တင်လှေတစ်စင်း နစ်မြုပ်ခဲ့တာကြောင့် ၁၅၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page