ချင်းတောင်ပိုင်းနဲ့မကွေးအစပ် တိုက်ပွဲတစ်လကျော်ကြာပြင်းထန်၊ စစ်အုပ်စုအထိနာ
- BVJ

- Jul 2
- 1 min read
မိုနာ/BVJ_ဇူလိုင် ၂၊ ၂၀၂၆

ချင်းပြည်နယ် တောင်ပိုင်း၊ မင်းတပ်နဲ့ကန်ပက်လက်မြို့နယ်တွေဆီကို မကွေးအစပ် ယောဒေသ၊ ဆောနယ်ကိုဖြတ်ပြီးဝင်လာတဲ့ စစ်အုပ်စုအင်အားထောင်ချီနဲ့စစ်ကြောင်းတွေကို ချင်းပြည်သူ့တပ်မတော်(CPA)နဲ့ ယောဒေသက တော်လှန်ရေးတပ်တွေဖြစ်တဲ့ YDF၊ YAတို့နဲ့ မဟာမိတ်တပ်တွေကပူးပေါင်းတိုက်ခိုက်နေတာဟာ တစ်လကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။
အဲ့ဒီတစ်လကျော်ကြာတိုက်ပွဲတွေအတွင်းမှာ စစ်ရေးအသာစီးရထားပြီး စစ်အုပ်စုဘက်က အထိနာသေဆုံးမှုများသလို လက်နက်ခဲယမ်းလည်းအမြောက်အများသိမ်းမိထားတယ်လို့ CPAက ဒီနေ့ ဇူလိုင် ၂ရက်မှာအသိပေးထုတ်ပြန်လာပါတယ်။
"မဟာမိတ်တပ်များ အတူတကွ လက်တွဲကာ ဟန့်တားတိုက်ခိုက်ခြင်း၊ တန်ပြန်ထိုးစစ်ဆင်ခြင်းများဖြင့် တိုက်ခိုက်ချေမှုန်းခဲ့ကြရာ ရန်သူ့စစ်ကြောင်းမှာ ရာချီကျဆုံးပြီး ဖွဲ့စည်းပုံပျက်ကာ တပ်လန်ကျခဲ့ရသည်။ အင်အား ရာနှင့်ချီ၍လည်း ထိခိုက်မှုများခဲ့သည်။ တစ်လကျော်ကြာလာပြီဖြစ်သော ပြင်းထန်သည့် တိုက်ပွဲများအတွင်း ရန်သူ့အလောင်းများနှင့် သုံ့ပန်းများအပါအဝင် လက်နက်ခဲယမ်း အမြောက်အများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ပါသည်"

တိုက်ပွဲတွေအတွင်း ကျဆုံးခဲ့တဲ့တော်လှန်ရေးရဲဘော်တွေလည်းရှိခဲ့ပြီး အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ရေးပစ်မှတ်၊ အရပ်ဖက်ပစ်မှတ်မခွဲခြားဘဲ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့နေ့စဉ်ရမ်းသန်းပစ်ခတ်နေတာကြောင့်လည်း အမျိုးသမီးတွေနဲ့ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူသေဆုံးမှုတွေရှိနေတယ်လို့ CPAက ထုတ်ပြန်ပါတယ်။
ချင်းပြည်သူ့အစည်းအရုံး၊ ချင်းပြည်သူ့တပ်မတော် (CPU/CPA)အနေနဲ့လည်း မဟာမိတ် ပူးပေါင်းတပ်တွေ၊ ပြည်သူလူထုတွေနဲ့အတူလက်တွဲပူးပေါင်းကာ နယ်မြေကျူးကျော်လာတဲ့ စစ်တပ်ကိုအရှိန်အဟုန်မြှင့် နည်းလမ်းပေါင်းစုံနဲ့ခုခံတွန်းလှန်သွားမယ်လို့ ပြောထားပါတယ်။




Comments