စစ်အုပ်စုနဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့ CNO/CNDFဥက္ကဋ္ဌကို ရာထူးကရပ်စဲ
- BVJ

- Aug 4
- 1 min read
မိုနာ/BVJ_သြဂုတ် ၄၊ ၂၀၂၆

အဖွဲ့အစည်းရဲ့ သဘောတူညီမှုမရှိဘဲ စစ်အုပ်စုဘက်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ-NSPNCအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ဥက္ကဌကို ရာထူးကနေရပ်စဲလိုက်တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)က မနေ့က သြဂုတ် ၃ရက်ညပိုင်းမှာ ကြေညာပါတယ်။
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ CNO/ CNDFထိပ်ပိုင်းခေါင်းဆောင်တချို့နဲ့ NSPNCအဖွဲ့တို့တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အဲ့ဒီတွေ့ဆုံဆွေးနွေးမှုကို အာဏာသိမ်းစစ်အုပ်စုသမ္မတ ဦးမင်းအောင်လှိုင်က ရက် ၁၀၀ ပြည့်မိန့်ခွန်းမှာထုတ်ဖော်ပြောခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက် အာဏာသိမ်းစစ်အုပ်စုနဲ့အခုလိုတွေ့ဆုံဆွေးနွေးမှုဟာ CNO ဗဟိုကောင်စီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ နိုင်ငံရေး ဦးဆောင်ကော်မတီနဲ့ကာကွယ်ရေး ကော်မတီတို့ကသိရှိတာဝန်ပေး၊သဘောတူတာမရှိဘဲ CNO/ CNDFခေါင်းဆောင်တချို့က မိမိဆန္ဒအလျောက် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့တာဖြစ်ကြောင်းနဲ့ တွေ့ဆုံမှုနဲ့တွေ့ဆုံမှုအတွင်း ပြောဆိုဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေဟာ CNOရဲ့တရားဝင်ရပ်တည်ချက်၊ ဆုံးဖြတ်ချက်နဲ့မူဝါဒတို့ကိုကိုယ်စားမပြုကြောင်း အတိအလင်းအသိပေးအပ်တယ်လို့ CNO/ CNDFကထုတ်ပြန်ကြေညာလာတာပါ။
တွေ့ဆုံဆွေးနွေးမှုကနေလည်း NSPNCနဲ့ နိုင်ငံရေးအရဖြစ်စေ၊ စစ်ရေးအရဖြစ်စေ သဘောတူ ကတိကဝတ်တွေနဲ့ နားလည်မှုတွေလုံးဝမရှိခဲ့ကြောင်းလည်း CNO/ CNDFကပြောထားပါတယ်။
CNO/ CNDFအနေနဲ့ ချင်းညီနောင်ကိုစတင်ဖွဲ့စည်းရာမှာဦးဆောင်ပါဝင်ခဲ့တဲ့ အဖွဲ့တစ်ခုဖြစ်ပြီး ICNCC / CBနဲ့မဟာမိတ် တော်လှန်ရေးအင်အားစုတွေရဲ့ ဘုံရပ်တည်ချက်၊ စုပေါင်းဆုံးဖြတ်ချက်နဲ့ တော်လှန်ရေး အကျိုးစီးပွားတို့ကို အလေးထား လိုက်နာလျက်ရှိကြောင်းနဲ့ ICNCC/CBနဲ့မဟာမိတ်အင်အားစုတွေရဲ့ သဘောထားနဲ့စုပေါင်းဆုံးဖြတ်ချက်မပါရှိဘဲ စစ်တပ်နဲ့တဖက်သတ် တွေ့ဆုံဆွေးနွေးခြင်း သို့မဟုတ် နိုင်ငံရေးဆွေးနွေးမှုတွေပြုလုပ်မှာမဟုတ်ဘူးလို့လည်း အတည်ပြုကြေညာထားပါတယ်။
ဒါ့အပြင် ဒီတွေ့ဆုံမှုမှာ အဖွဲ့အစည်းရဲ့တရားဝင်ခွင့်ပြုချက်မရှိခဲ့တာ၊ ဖြစ်စဉ်တရပ်လုံးအပေါ် စနစ်တကျ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ရာမှာ ဥက္ကဌကိုယ်တိုင်က အဓိကတာဝန်ရှိကြောင်း လက်ခံပြီး ရာထူးကနေနုတ်ထွက်ဖို့တင်ပြခဲ့တာကြောင့် ဗဟိုကောင်စီကသဘောတူလက်ခံပြီး ဥက္ကဌကိုတာဝန်ကနေ ရပ်စဲလိုက်တယ်လို့ သိရပါတယ်။
CNO/CNDFအနေနဲ့ ပြည်သူလူထုရဲ့ယုံကြည်မှုနဲ့ တော်လှန်ရေး မူလရည်မှန်းချက်တွေအပေါ် သစ္စာရှိစွာ ဆက်လက်ရပ်တည်မယ်လို့လည်း ပြောထားပါတယ်။




Comments