အရွယ်ရောက်ပြီးသူတိုင်း ချင်းတော်လှန်ရေးမှာစစ်မှုထမ်းကြဖို့ CNFကြေညာ
- BVJ

- 2 minutes ago
- 1 min read
မိုနာ/BVJ_မတ် ၂၀၊ ၂၀၂၆

ချင်းတော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ရေး၊နိုင်ငံရေးအင်အားကို ပိုမိုစုစည်းခိုင်မာအောင်တည်ဆောက်ပြီး ပြည်သူ့တော်လှန်ရေးအဆုံးသတ်တိုက်ပွဲကို ဆင်နွှဲကြရမယ့်အချိန်ကာလကိုရောက်ရှိနေပြီဖြစ်တာကြောင့် အရွယ်ရောက်ပြီးသူ ချင်းအမျိုးသားပြည်သူတရပ်လုံးအနေနဲ့ ချင်းတော်လှန်ရေးမှာ စစ်မှုထမ်းကြဖို့ကို ချင်းအမျိုးသားတပ်ဦး-CNFက အထူးတိုက်တွန်းလိုက်ပါတယ်။
“မိမိတို့ ဆင်နွှဲလျက်ရှိသည့်ပြည်သူ့တော်လှန်ရေးပန်းတိုင်သို့ မနှေးမမြန်ရောက်ရှိနိုင်ရေးအတွက် လူအင်အား၊ဓနအင်အား ပိုမိုစိုက်ထုတ်ပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်”လို့ ဒီနေ့ မတ်လ ၂၀ရက်မှာကျရောက်တဲ့ (၃၈)နှစ်မြောက် ချင်းတော်လှန်ရေးနေ့မှာ ထုတ်ပြန်ကြေညာလာတာပါ။
၃၈နှစ်အတွင်း အသက်ပေးလှူသွားကြတဲ့ သူရဲကောင်းအာဇာနည်တွေနဲ့ ကိုယ်အင်္ဂါတစိတ်တပိုင်းကိုပေးလှူခဲ့ကြတဲ့ ရဲဘော်၊ရဲဘော်မေတွေကို ဂုဏ်ပြုဦးညွှတ်ဂါရဝပြုကြောင်းလည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်အုပ်စုဟာတရားမဝင်ရွေးကောက်ပွဲကနေ အတုအယောင်လွှတ်တော်နဲ့စစ်တပ်အခွံလဲအစိုးရကိုဖွဲ့စည်းပြီး စစ်အုပ်စုအာဏာတည်မြဲရေးအတွက် နည်းလမ်းပေါင်းစုံနဲ့လှည့်ဖျားကြိုးပမ်းနေတာကိုလည်း အထူးသတိချပ်ရမှာဖြစ်ကြောင်းနဲ့ ပြည်သူနဲ့တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း ရန်သူနဲ့မိတ်ဆွေကိုရှင်းရှင်းလင်းလင်းခွဲခြားပြီး ညီညီညွတ်ညွတ်ညွတ် လက်တွဲတော်လှန်ကြရမယ့်အချိန်အခါဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။




Comments