ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သားငယ် ကင်မ်အဲရစ်က ပြည်သူ့ဂုဏ်ရည်ဆုလက်ခံရယူ
- BVJ

- May 26, 2025
- 1 min read
BVJ/ထက်အောင် _ မေ ၂၆ ၊ ၂၀၂၅

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတန်မြို့မှာ မေလ၂၄ ရက်နေ့က ကျင်းပတဲ့ ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲအခမ်းအနားမှာ ဆုရရှိတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သားဖြစ်သူ ကင်မ်အဲရစ်က လက်ခံရယူခဲ့ပါတယ်။
စစ်ကောင်စီရဲ့မတရားဖမ်းဆီးခြင်းကို ခံထားရတဲ့ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့ဂုဏ်ရည်ဆု (Citizen Burma) ပေးအပ်ခဲ့တဲ့အပေါ် သားဖြစ်သူ ကင်မ်အဲရစ်က ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး နှစ်ပေါင်း ၃၀ ကျော်ကြာ မြန်မာ့ဒီမိုကရေစီအတွက် မေမေ (ဒေါ်အောင်ဆန်းစုကြည်) ဟာ အင်မတန်အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် “လွတ်လပ်ခြင်းနဲ့ ဒီမိုကရေစီအိပ်မက်တွေအတွက် ဘယ်တော့မှ လက်မလျှော့ဖို့ မိခင်ဖြစ်သူက သူ့ကို ပြောကြားထားကြောင်းနဲ့ အခုပေးအပ်ခဲ့တဲ့ ပြည်သူ့ဂုဏ်ရည်ဆုဟာ မိခင်ဖြစ် သူရဲ့ စွန့်လွှတ်မှုတွေကိုသာမက လွတ်လပ်တဲ့ မြန်မာနိုင်ငံ ဖြစ်စေချင်တဲ့အိပ်မက်ကိုလည်း ရည်ညွှန်းတာဖြစ်တယ်လို့ ကင်မ်အဲရစ်က သူ့ရဲ့ လူမှုကွန်ရက် (Facebook) မှာ ရေးသားဖော်ပြထားပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုက ရရှိတဲ့ငွေကြေးကို မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုတွေနဲ့ လူငယ်တွေရဲ့ပညာရေးအတွက် ပြန်လည်အသုံးပြုသွားမယ်လို့ ကင်မ်အဲရစ်က ပြောထားပြီး ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆန္ဒတစ်ခုလည်းဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ခဲ့မှုနဲ့ပတ်သက်ပြီး သူမရဲ့ မြန်မာပြည်သူတွေအတွက် ဘဝတစ်လျှောက်လုံး ကြိုးပမ်းအားထုတ်မှု၊ မေတ္တာထားမှုနဲ့ နိုင်ငံရေးဦးဆောင်မှုတို့အပြင် မတရားဖမ်းဆီးချုပ်နှောင်ခံနေရပေမဲ့ စစ်အာဏာရှင်စနစ်ကို မမှိတ်မသုန် ဆန့်ကျင်ခုခံမှုတို့အတွက် ဦးညွှတ်ဂုဏ်ပြုခြင်းဖြစ်တယ်လို့ ပြည်သူ့ဂုဏ်ရည်အသင်းက ထုတ်ပြန်ထားပါတယ်။
ပြည်သူ့ဂုဏ်ရည်ဆုဟာ မြန်မာသူတွေအတွက် ဘေးအန္တရာယ်အမျိုးမျိုးကြားက ကိုယ်ကျိုးမငဲ့ဘဲ အလုပ်အကျွေးပြုနေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို နှစ်စဉ်ချီးမြှင့်ခဲ့တာဖြစ်ပြီး ၂၀၁၀ ခုနှစ်ကတည်းက ရွေးချယ်ချီးမြှင့်ပေးအပ်ခဲ့တဲ့ ဂုဏ်ပြုဆု တစ်ခုလည်း ဖြစ်ပါတယ်။




Comments