မြန်မာစစ်အုပ်စုကိုအမှုဖွင့်ဖို့ တီမောကလက်ခံလိုက်ပြီ
- BVJ

- Feb 3
- 1 min read
မိုနာ/BVJ_ဖေဖော်ဝါရီ ၃၊ ၂၀၂၆

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်အုပ်စုဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက်တာဝန်ရှိကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ CHROကတိုင်တန်းထားအပေါ်မှာ တီမော လက်စတေအာဏာပိုင်တွေက လက်ခံလိုက်ပြီဖြစ်တဲ့အတွက် အမှုလက်ခံဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။
စစ်အုပ်စုဟာ ချင်းပြည်နယ်အတွင်း ကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်ပေါ် ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး CHROအဖွဲ့က အရှေ့တီမောတရားရုံးမှာ ပြီးခဲ့တဲ့လ ဇန်နဝါရီလ ၁၂ ရက်ကတိုင်ကြားထားတာဖြစ်ပါတယ်။ အဲ့ဒီတိုင်ကြားမှုကိုလက်ခံလိုက်တာကြောင့် အခုအမှုဖွင့်လိုက်တာဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး CHROက မနေ့ကထုတ်ပြန်ချက်ထုတ်ခဲ့ပြီး အဲ့ဒီထဲမှာ တီမော လက်စတေဘက်က အခုလို အမှုလက်ခံဖွင့်ပေးတဲ့အပေါ် ကြိုဆိုကြောင်းနဲ့ ချင်းလူမျိုးတွေအပါအဝင် မြန်မာတနိုင်ငံလုံးကပြည်သူတွေအတွက် တရားမျှတမှုကိုရှာဖွေနိုင်ဖို့ရှေ့ဆက်ပြီး တီမော လက်စတေ အာဏာပိုင်တွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့အတူလက်တွဲဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
အခုလိုအမှုလက်ခံတာဟာ အရှေ့တောင်အာရှ ASEAN အဖွဲ့ထဲမှာ အဖွဲ့ဝင်နိုင်ငံတခုရဲ့အရေးနဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ်အမှုလက်ခံဖွင့်လှစ်လိုက်တာလို့လည်း သိရပါတယ်။

ဒီတိုင်တန်းချက်နဲ့ပတ်သက်ပြီး တီမောသမ္မတ ဟိုဆေးရာမို့စ်ဟော်တာနဲ့ CHROအဖွဲ့တို့ဟာ ဇန်နဝါရီလ ၁၄ ရက်မှာတွေ့ဆုံမှုရှိခဲ့တာကြောင့် အာဏာသိမ်းစစ်အုပ်စုဘက်ကတော့ ဒီတွေ့ဆုံမှုဟာပြည်တွင်းရေးကို ဝင်စွက်ဖက်ရာရောက်သလို အာဆီယံပဋိညာဉ်ကိုချိုးဖောက်ရာရောက်တာကြောင့် ကန့်ကွက်ကြောင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ အရှေ့တီမောသံရုံးယာယီတာဝန်ခံကိုလည်း ဇန်နဝါရီလ ၁၆ ရက်က နေပြည်တော်ကိုဆင့်ခေါ် ပြီး အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကန့်ကွက်ကြောင်းနဲ့ဖြေရှင်းပေးဖို့ပြောခဲ့တယ်လို့ စစ်အုပ်စုထိန်းချုပ် သတင်းစာတွေမှာ ဇန်နဝါရီ ၁၉ရက်က ဖော်ပြခဲ့ပါတယ်။
CHROရဲ့တိုင်တန်းချက်ထဲမှာ စစ်အုပ်စုဟာ ခုနှစ်လအရွယ်ကိုယ်ဝန်ဆောင်အမျိုးသမီးကို သူ့ရဲ့ ခင်ပွန်းသည်ရှေ့မှာတင် အုပ်စုဖွဲ့ မုဒိန်းကျင့်ခဲ့တဲ့ဖြစ်စဉ်၊ ၁၃နှစ်ကလေးအပါအဝင် လူ ၁၀ယောက်ကို အစုလိုက်အပြုံလိုက် ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်၊ ဆေးရုံကိုပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခဲ့မှုအတွင်း ဆေးဝန်ထမ်းတွေနဲ့လူနာ စုစုပေါင်း ၈ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်၊ ခရစ်ယာန်သင်းအုပ်ဆရာနဲ့ ဘုရားကျောင်းတာဝန်ရှိသူတွေ သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဉ်၊ ဘုရားကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခံတဲ့ဖြစ်စဉ်တွေ ပါဝင်ပါတယ်။







Comments