တရုတ်နိုင်ငံကလိမ်လာတဲ့ငွေတွေနဲ့ ယူကေမှာအခြေချဖို့ကြိုးစားတဲ့ ဘစ်ကွိုင်ဘုရင်မ ထောင် ၁၁နှစ်ကျော်ချမှတ်ခံရ
- BVJ

- Nov 12
- 1 min read
အေတီ/BVJ

တရုတ်ပင်စင်စားထောင်နဲ့ချီဆီကငွေတွေလိမ်ပြီး အမေရိကန်ဒေါ်လာဘီလျံနဲ့ချီတန်တဲ့ ဘစ်ကွိုင်တွေနဲ့အတူ ယူကေမှာအခြေချဖို့ကြိုးစားခဲ့တဲ့ ဇီမင်ကျန်လို့အမည်ရတဲ့ တရုတ်နိုင်ငံသားအမျိုးသမီးတစ်ဦးကို ငွေကြေးခဝါချမှု၊ လိမ်လည်မှုတွေနဲ့ ယူကေတရားရုံးက နိုဝင် ဘာ၁၁ရက်နေ့က ထောင်ဒဏ် ၁၁နှစ်နဲ့၈လ အမိန့်ချမှတ်ခဲ့ပါတယ်။
ကာလတန်ကြေး ဒေါ်လာ၆ဘီလျံတန်ဖိုးရှိတဲ့ အင်တာနက်ငွေကြေး ဘစ်ကွိုင်ခြောက်သောင်းတစ်ထောင်ကျော်ဖမ်းမိခဲ့ပြီးနောက် တရုတ်နိုင်ငံသူ အသက်၄၇နှစ် ဇီမင်ကျန်ကို ယူကေနိုင်ငံတရားရုံးတရုံးက ငွေးကြေးခဝါချမှုနှစ်မှုနဲ့ စက်တင်ဘာလကတရားစွဲခဲ့ပါတယ်။ ဘစ်ကွိုင် ခြောက်သောင်းတစ်ထောင်ကျော်ဖမ်းမိခဲ့တဲ့အမှုဟာ ယူကေနိုင်ငံသမိုင်းတလျှောက်တင်မက ကမ္ဘာ့သမိုင်းတလျှောက်မှာပါ ဘစ်ကွိုင်အများဆုံးဖမ်းမိတဲ့အမှုတစ်ခုဖြစ်ပါတယ်။
ဇီမင်ကျန်ဟာ ၂၀၁၄ခုနှစ်က Tianjin Lantian Gerui နည်းပညာကုမ္ပဏီကို တည်ထောင်ပြီးအကျိုးအမြတ်အများကြီးရမယ်ဆိုတဲ့မက်လုံးနဲ့ တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံသူ ၁၃၀,၀၀၀နီးပါးရဲ့ ငွေတွေကိုလိမ်လည်ခဲ့ပါတယ်။သူလိမ်နေတဲ့ကိစ္စတွေကို တရုတ်ရဲတပ်ဖွဲ့ကခြေရာခံမိသွားတဲ့အတွက် သူလိမ်ထားတဲ့ငွေတွေကနေပြောင်းထားတဲ့ ဘစ်ကွိုင်တွေနဲ့အတူ တရုတ်နိုင်ငံကနေယူကေနိုင်ငံကို ထွက်ပြေးလာပါတယ်။
ဇီမင်ကျန်ဟာ ၂၀၁၇ခုနှစ်က တရုတ်နိုင်ငံကနေထွက်ပြေးလာပြီး မြန်မာ၊ထိုင်း၊လာအိုနဲ့ မလေးရှားတို့ကတဆင့် St. Kitts and Nevis စိန့်ကစ်နဲ့ နီဗစ်စ်နိုင်ငံကူးလက်မှတ်နဲ့ လန်ဒန်ကိုလေယာဉ်နဲ့ရောက်လာပါတယ်။သူလိမ်ထားတဲ့ငွေတွေနဲ့ဝယ်ထားတဲ့ ဘစ်ကွိုင်တွေကိုငွေသားအဖြစ်ပြောင်းလဲ အိမ်တွေဝယ် ရင်းနှီးမြှပ်နှံမှုတွေလုပ်ပြီး ငွေဖြူလုပ်ဖို့ကြိုးစားရာကနေ ရဲတပ်ဖွဲ့က ခြေရာခံမိပြီး ရုံးတင်တရားစွဲထောင်ချခံခဲ့ရတာလို့ ယူကေအစိုးရရှေ့နေတွေက ပြောပါတယ်။
အတ္တလန္တိတ်သမုဒ္ဒရာနဲ့ ကာရစ်ဘီယံပင်လယ်ကြားမှာတည်ရှိတဲ့ ကျွန်းနိုင်ငံ စိန့်ကစ်နဲ့နီဗစ်စ်နိုင်ငံရဲ့ နိုင်ငံကူးလက်မှတ်ဟာ အီးယူနဲ့ယူကေအပါအဝင် နိုင်ငံပေါင်း ၁၅၀ကျော်ကို ဗီဇာလျှောက်စရာမလိုဘဲသွားလို့ရပါတယ်။
ကျန်ရဲ့ငွေကြေးခဝါချမှုမှာအဓိကကူညီခဲ့သူ ကျန်ရဲ့လက်ထောက်၊ ကျန်ကို စကားပြန်လုပ်ပေးခဲ့တဲ့ အရင်က takeawayစားသောက်ဆိုင်မှာ အလုပ်လုပ်ခဲ့တဲ့ Jian Wen ဆိုတဲ့အမျိူးသမီးလည်း ထောင်ခြောက်နှစ်နဲ့ ရှစ်လချခံခဲ့ရပါတယ်။ အသက် ၄၂ နှစ်စင်ဂယ်မားသား တရုတ်နိုင်ငံသူ ကျန်ဝမ်ဟာ ဒေါ်လာသန်းလေးရာနီးပါးတန်ကြေးရှိတဲ့ ဘစ်ကွိုင်တွေနဲ့အတူဖမ်းဆီးခံခဲ့ရပါတယ်။
၂၀၁၇ခုနှစ်မှာ ဇီမင်ကျန်နဲ့ကျန်ဝမ်တို့ အချိတ်အဆက်ရပြီးနောက် လိဒ်စ်မြို့ကနေ တစ်လကိုအိမ်လခဒေါ်လာနှစ်သောင်းနှစ်ထောင်ကျော်ပေးရတဲ့ လန်ဒန်လူကုံတန်ရပ်ကွက် Hampstead Heath ရပ်ကွက်အစွန်က အိမ်ကြီးမှာပြောင်းနေခဲ့ပါတယ်။ လန်ဒန်မြောက်ပိုင်းက အိပ်ခန်းခြောက်ခန်းပါအိမ်ကြီးမှာ ဇီမင်ကျန်နဲ့အတူနေထိုင်တဲ့ကာလအတွင်း ကျန်ဝမ်ကသူ့ကိုယ်သူ နိုင်ငံတကာ လက်ဝတ်ရတနာလုပ်ငန်းတစ်ခုဝန်ထမ်းတစ်ဦးအဖြစ် ဟန်ဆောင်ခဲ့ပါတယ်။

ဇီမင်ကျန်ရဲ့ဘစ်ကွိုင်တွေကိုငွေသားအဖြစ်ပြောင်းလဲဖို့ အဓိကတာဝန်ကူညီပေးခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်မှာ ဒူဘိုင်းက ဒေါ်လာ ၇ သိန်းနီးပါးတန်တဲ့အိမ်နှစ်လုံးသွားဝယ်ပေးခဲ့တယ်ဆိုတဲ့အချက်ကိုလည်း ရဲတပ်ဖွဲ့ကတွေ့ရှိခဲ့ပါတယ်။ ကျန်ဝမ်ကို ၂၀၂၁ခုနှစ်ကဖမ်းဆီးခဲ့ပြီး ၂၀၂၂ခုနှစ်မှာ တရားစွဲဆိုကာ ၂၀၂၃ခုနှစ်မှာရုံးတင်စစ်ဆေးခဲ့ပေမယ့် တရားရုံးကစီရင်ချက်မချနိုင်ခဲ့ဘူး။၂၀၂၄ခုနှစ်ကျမှသာ အချက်အလက်အခိုင်အမာနဲ့ပြန်လည်ရုံးတင်စစ်ဆေးခဲ့ပြီး ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ပါတယ်။
နောက်ဆုံးမှာ ဝမ်ကိုရုံးတင်တရားစွဲထောင်ချနိုင်ခဲ့သလို ချန်မီဇင်ရဲ့ ဘစ်ကွိုင်တွေသိမ်းပေးထားတဲ့ Ling Seng Hok ဆိုတဲ့သူကိုလည်း ငွေကြေးခဝါချမှုမှာပါဝင်ပတ်သက်မှုနဲ့ အင်္ဂါနေ့က ထောင်ဒဏ်ငါးနှစ်နီးပါးပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

ဘစ်ကွိုင်လွှဲပြောင်းမှုကွင်းဆက်တွေနောက် ခြေရာခံလိုက်ပြီး ဒေါ်လာဘီလျံနဲ့ချီတန်ဖိုးရှိတဲ့ တရုတ်ပြည်ကငွေတွေလိမ်လာတဲ့ ချန်ဇီမင်ကို အင်္ဂလန်မြောက်ပိုင်း၊ ယောက်မြို့က အိမ်တစ်အိမ်မှာ ၂၀၂၄ ခုနှစ် ဧပြီလက ဖမ်းမိခဲ့ပါတယ်။အဲ့ဒီကနေ ၂၀၂၅ခုနှစ် နိုဝင်ဘာ၁၁ရက်နေ့မှာ ထောင်၁၁နှစ်ကျော်ချခံလိုက်ရပြီး တရုတ်ပြည်ကနေယူကေမှာလာအခြေချပြီး ပင်စင်စားတွေဆီကလိမ်လာတဲ့ငွေတွေနဲ့အတူ လန်ဒန်မှာအခြေချဖို့ကြိုးစားခဲ့တဲ့ ချန်ဇီမင်ရဲ့ဘဝဟာလည်း နောက်ဆုံးမှာတော့ထောင်ထဲမှာပဲ ကုန်ဆုံးရတော့မှာဖြစ်ပါတယ်။







Comments