တရုတ်သူလျှိုလို့စွပ်စွဲခံထားရတဲ့ ဖိလစ်ပိုင်မြို့တော်ဝန်ဟောင်း ထောင်တသက်ချမှတ်ခံရ
- BVJ

- 5 days ago
- 1 min read
အေတီ/BVJ_ နိုဝင်ဘာ ၂၀၊ ၂၀၂၅

ဖိလစ်ပိုင်နိုင်ငံ ဘမ်ဘန်မြို့ မြို့တော်ဝန်ဟောင်း Alice Guo အဲလက်စ်ဂိုအာကို တရုတ်ရာဇဝတ်ဂိုဏ်းတွေနဲ့ပတ်သက်မှုနဲ့ ဖိလစ်ပိုင်တရားရုံးက ဒီနေ့ နိုဝင်ဘာ၂၀ရက်နေ့မှာ ထောင်ဒဏ်တသက်ချမှတ်လိုက်ပါတယ်။
လူကုန်ကူးမှုမှာအပြစ်ရှိကြောင်း စစ်ဆေးရှာဖွေတွေ့ရှိခဲ့တဲ့အတွက် အဲလက်စ်ဂိုအာကို ထောင်ဒဏ်တသက်ချမှတ်ခဲ့တာဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရ ရာဇဝတ်မှုတိုက်ဖျက်ရေးအေဂျင်စီက အတည်ပြုပါတယ်။အဲလက်စ်ဂိုအာနဲ့ အတူ နောက်ထပ်သုံးဦးကို ထောင်ဒဏ်တစ်သက်နဲ့ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၃၃,၈၃၂နဲ့ညီမျှတဲ့ ပီဆိုငွေ ၂သန်းဆီ အသီးသီးချမှတ်ခဲ့ပါတယ်။
တရုတ်သူလျှိုအဖြစ်စွပ်စွဲခံထားရတဲ့ အသက်၃၅နှစ် အဲလက်စ်ဂိုအာအုပ်ချုပ်ခဲ့တဲ့မြို့ငယ်လေး ဘမ်ဘန်မှာဖိလစ်ပိုင်နိုင်ငံရဲ့ အကြီးမားဆုံး ကျားဖြန့်စင်တာတခုကို စုံစမ်းဖော်ထုတ်တွေ့ရှိခဲ့ပြီး အခုလိုဖမ်းဆီးအရေးယူမှုတွေဆက်တိုက်ဖြစ်လာတာပါ။အဲ့ဒီကျားဖြန့်စင်တာကို ဝင်ရောက်စီးနင်းတဲ့အချိန်မှာ ဖိလစ်ပိုင်နိုင်ငံသား ၈၀၀ ခန့်နဲ့နိုင်ငံခြားသားတွေကို ဖမ်းမိခဲ့ပြီး၊အဲ့ဒီလူတွေထဲက အများစုက လူကုန်ကူးခံရပြီး၊ မတရားအနိုင်ကျင့်ခိုင်းစေခံရတယ်လို့ ထွက်ဆိုကြပါတယ်။
အဲလက်စ်ဂိုအာရင်ဆိုင်ရမယ့် နောက်ထပ်အမှု ၅မှုကျန်နေသေးပါသေးတယ်။ အဲ့ဒီအမှုတွေထဲမှာ စင်ကာပူရဲ့အကြီးမားဆုံးငွေကြေးခဝါချမှုမှာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ တရုတ်နိုင်ငံဖွားစီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ Zhang Ruijin၊ Lin Baoyingတို့နဲ့ ဆက်စပ်ပတ်သက်တဲ့အမှုလည်းပါဝင်ပါတယ်။ မကြာသေးမီက တရုတ်ပြည်ကိုပြန်ပို့ခံရတဲ့ ရွှေကုက္ကိုမြို့သစ် ကျားဖြန့်စင်တာတည်ထောင်သူ ရှီကျစ်ကျန်းနဲ့ပတ်သက်မှုကိုတော့ အဲလက်စ်ဂိုအာဘက်က ငြင်းဆိုထားပါတယ်။

ကျားဖြန့်လုပ်ငန်းလုပ်ကိုင်တဲ့ ဘမ်ဘန်မြို့ကခြံဝန်းကြီးဟာ ၈ ဟက်တာကျယ်ပြီး မြို့တော်ဝန်ရုံးနဲ့မနီးမဝေးမှာတည်ရှိပါတယ်။ ပိုဂိုဂိမ်းစင်တာလို့လူသိများတဲ့ အဲ့ဒီဝန်းကြီးထဲကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့ကဝင်ရောက်စစ်ဆေးတဲ့တဲ့အခါ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်တဲ့ အဆောက်အအုံပေါင်း ၃၆ ခုတွေ့ရှိခဲ့ပြီး အဲဒီနေရာရဲ့ မြေပိုင်ရှင်ဟောင်းဟာ အဲလက်စ်ဖြစ်နေတာတွေ့ရပါတယ်။
အဲလက်စ်ပြောထားတာနဲ့ လက်တွေ့စစ်ဆေးတွေ့ရှိချက်တွေအများကြီးကွဲလွဲနေတာတွေတွေ့ရပါတယ်။ ဖိလစ်ပိုင်မှာမွေးတဲ့သူလို့ပြောပေမယ့် လက်တွေ့ မှာတော့ ဆယ်ကျော်သက်အရွယ်ရောက်မှ မိသားစုနဲ့အတူ တရုတ်နိုင်ငံကနေ ပြောင်းရွှေ့ လာတာဖြစ်ပါတယ်။သူ့ရဲ့ လက်ဗွေရာက Guo Hua Ping အမည်ရှိ တဲ့ တရုတ်နိုင်ငံသားတစ်ဦးရဲ့လက်ဗွေရာနဲ့တူနေတာကိုလည်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
သူဟာ ၂၀၂၂ခုနှစ်မှာ မနီလာမြို့တော်မြောက်ပိုင်းက ဘမ်ဘန်မြို့တော်ဝန်အဖြစ်ရွေးကောက်ခံခဲ့ရပါတယ်။တရုတ်သူလျှို စွပ်စွဲချက်တွေကြောင့် ၂၀၂၄ခုနှစ်မှ မြို့တော်ဝန်အဖြစ်ဖယ်ရှားခံခဲ့ရပါတယ်။တရားရုံးမှာအမှုတွေရင်ဆိုင်နေတဲ့အချိန် အာဏာပိုင်တွေရဲ့အနီးကပ်စောင့်ကြည့်နေတဲ့ကြားက ဖိလစ်ပိုင်နိုင်ငံက ထွက်ပြေးသွားခဲ့ပါတယ်။ ၂၀၂၄ခုနှစ်၊စက်တင်ဘာလက အင်ဒိုနီးရှားနိုင်ငံမှာဖမ်းမိခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံသားပတ်စ်ပို့လည်း ပယ်ဖျက်ခံခဲ့ရပါတယ်။







Comments