ရန်ကုန်လေဆိပ်မှာဖမ်းဆီးခဲ့တဲ့ တရုတ်ကျားဖြန့်ခေါင်းဆောင်ဆီကဒေါ်လာသန်းချီရယူဖို့ နှစ်ဖက်လုံးကကြိုးပမ်းနေ
- BVJ

- Jun 22
- 1 min read
BVJ/အောင်ထွန်း_ဇွန် ၂၂၊ ၂၀၂၆

ဗီယက်နမ်နိုင်ငံကနေတဆင့် ရန်ကုန်လေဆိပ်ကို ဇွန်လ ၁၅ ရက်နေ့ နေ့လယ်က လေယာဉ်နဲ့ဆိုက်ရောက်လာတဲ့ တရုတ်နိုင်ငံသားတစ်ဦးကိုကျားဖြန့်လိမ်လည်မှုနဲ့ဖမ်းဆီးခဲ့ပြီး သူရဲ့ဒီဂျစ်တယ်ငွေအိတ် (wallet)တွေအတွင်းကနေ ဒေါ်လာသန်းချီတန်ဖိုးရှိတဲ့ ငွေကြေးတွေ(coins)ကိုပြန်ရနိုင်ဖို့ မြန်မာစစ်တပ်လက်အောက်ခံအဖွဲ့တွေရော ကျားဖြန့်အဖွဲ့တွေဘက်ကပါအပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။
ဖမ်းခံထားရတဲ့တရုတ်နိုင်ငံသားရဲ့ပတ်စပို့စ်အရ သူ့နာမည်က မစ္စတာလီလို့ အကြမ်းဖျင်းသိရပြီး အသက် ၄၄ နှစ်အရွယ်ရှိ ကျားဖြန့်ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးအဖြစ်ယုံကြည်ရတယ်လို့ ဖြစ်စဉ်ကိုသိရှိသူတစ်ဦးကပြောပါတယ်။
“သူနဲ့အဆက်အသွယ်ရဖို့ သူ့လူတွေဘက်ကလည်းငွေဘယ်လောက်ပေးရပေးရ ပေးဖို့လုပ်နေကြတယ်။ အခုထိက လေဆိပ်ရဲစခန်းထဲမှာပဲရှိသေးတယ်” လို့ အခြေအနေကိုသိထားသူက ပြောပါတယ်။
မစ္စတာလီနဲ့အပေါင်းအပါတွေဟာ အမေရိကန်ငွေကြေးစနစ်တခုဖြစ်တဲ့ paypalကိုလည်းအသုံးချပြီး လိမ်လည်တာကရလာတဲ့ငွေတွေကို လူသိနည်းသေးတဲ့ဒီဂျစ်တယ်ငွေကြေးစနစ်တချို့ဆီကိုပြန်လွှဲပြီး နောက်ဆုံးမှာတရုတ်ဆိုရှယ်ပလက်ဖောင်းနဲ့ ငွေကြေးစနစ်တစ်ခုဖြစ်တဲ့ Wechat ဆီကိုပြောင်းပြီး ထုတ်ဖို့လုပ်ကြတာလို့ဆိုပါတယ်။
မစ္စတာလီရဲ့ ဒီဂျစ်တယ်ငွေအိတ်(wallet)အတွင်းမှာ ဒေါ်လာသန်းချီရှိနေတာကို သိထားတဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေရော ဖမ်းထားတဲ့သူတွေကပါ သူ့ကို ရှေ့ဆက်အရေးယူမှုတွေမလုပ်ခင် ဒီငွေတွေကိုတရားမဝင်နည်းလမ်းနဲ့ရဖို့ အပြိုင်အဆိုင်ကြိုးပမ်းနေကြတာပါ။
ကျားဖြန့်အဖွဲ့တွေကတော့ သူ့တို့လူဆီကငွေတွေကြားဖြတ်ပြန်ရဖို့လုပ်နေတာဖြစ်ပြီး မြန်မာအာဏာပိုင်တွေကတော့ မစ္စတာလီဆီကငွေကိုယူပြီး သူ့ကို လွှတ်ပေးလိုက်ဖို့လုပ်နေတာလို့ အခြေအနေသိသူကပဲသုံးသပ်ပြပါတယ်။
“သူ့ကို တခြားတရုတ်တစ်ယောက်နဲ့လူစားလဲဖို့လုပ်နေတယ်လို့ကြားတယ်”လို့ နောက်ဆုံးအခြေအနေကိုပြောပါတယ်။
ဒါပေမယ့် မစ္စတာလီကိုဖမ်းဆီးချိန်ကသက်သေမှတ်တမ်းတွေရော မျက်မြင်တွေပါရှိနေတဲ့အတွက် ဒီလိုအခြေအနေကနေ ဘယ်လိုပြောင်းလဲပြီးထွက်သွားနိုင်မလဲဆိုတာကိုတော့ အားလုံးကစောင့်ကြည့်နေဖို့လိုတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံလို တရားဥပဒေစိုးမိုးမှုအလွန်အားနည်းပြီး အကျင့်ပျက်ခြစားမှု များတဲ့နေရာတွေဟာ ကျားဖြန့်ခေါင်းဆောင်တချို့အတွက်တော့ ဘေးကင်းလုံခြုံတဲ့ဘုံဗိမ္မာန်သဖွယ်ဖြစ်နေပြီး ဖမ်းဆီးအရေးယူခံရခဲ့ရင်တောင်မှ သက်သာလွတ်မြောက်ရာလမ်းကို လာဘ်ထိုးပြီးဖန်တီးနိုင်တဲ့အတွက် အချို့ဆိုရင်လည်းတမင်လာပြီး အဖမ်းပြသဘောလုပ်နေတာဖြစ်နိုင်တယ်လို့ သိရှိသူတွေကသုံးသပ်ကြပါတယ်။




Comments